အံ့ဘုန်းမြတ် (၁၇ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)
အကြောင်းအမျိုးမျိုးတွေကြောင့် ပြည်ပနိုင်ငံအသီးသီးရောက်ရှိနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံကိုပြန်လာပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ကြဖို့ သမ္မတ ဦးသိန်းစိန်က ကမ်းလှမ်းဖိတ်ခေါ်လိုက်ပါတယ်။
ဒီကနေ့ နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ပညာရှင်တွေအပါအ၀င် စီးပွားရေးနဲ့ လူမှုရေး အသင်းအဖွဲ့တွေ တက်ရောက်ကြတဲ့ တွေ့ဆုံပွဲမှာ သမ္မတဦးသိန်းစိန်က သူ့ရဲ့ မိနစ် ၂၀ ကြာ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားလိုက်တာပါ။
ဒီလို ပြောကြားလိုက်တာနဲ့ပတ်သက်ပြီး အခမ်းအနားကို တက်ရောက်နေတဲ့ ဇေကမ္ဘာဦးခင်ရွှေက အခုလို ပြောပြပါတယ်။
“အဓိအချက်တချက်ကတော့ ပြည်ပကို ရောက်နေတဲ့ပုဂ္ဂိုလ်တွေ ပြည်တွင်းကို ပြန်လာပြီးတော့ နိုင်ငံတော် တိုးတက်ရာ တိုးတက်ကြောင်းကို ပြန်လာပြီးတော့ လုပ်ကြဖို့။ တော်ရုံတန်ရုံအပြစ်တွေကို ခွင့်လွှတ်ပေးမယ်ဆိုတာပေါ့ တိတိကျကျ ပြောသွားပါတယ်။”
ဒီမိန့်ခွန်းအတွင်းမှာတော့ သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့စဉ်အချိန်က ပြစ်မှုတစ်စုံတရာ ကျူးလွန်ထားသူဖြစ်ရင် အဲ့ဒီပြစ်မှုတွေအတွက် ပြစ်ဒဏ်စီရင်ခြင်းခံရမှာဖြစ်တဲ့အကြောင်းနဲ့ ပြည်ပကို မထွက်ခွာခင်က နေထိုင်ခဲ့ရာ မြို့နယ်များနဲ့ အကျုံးဝင်သော သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးအရများထံ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း ဦးသိန်းစိန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒ့ါအပြင် သမ္မတဦးသိန်းစိန်က ဒီမိန့်ခွန်းအတွင်းမှာပဲ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့အတူ အစိုးရသက်တမ်း အတွင်းဆောင်ရွက်ချက်တွေကိုလည်း ထည့်သွင်းပြောကြားခဲ့တယ်လို့လည်း ဦးခင်ရွှေက ပြောပါတယ်။
“နိုင်ငံတော်ကနေ ဒီနေ့အထိ လုပ်လာတဲ့လုပ်ငန်းတွေ၊ ခုနက ပင်စင်လစာ တိုးပေးတာတို့၊ စီးပွားရေးနဲ့ ပတ်သက်လို့ လုပ်ခဲ့တာတွေ၊ အခုကေအိုင်အေနဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ ဒီကိစ္စမှာလည်း ပြေလည်အောင်လို့ နိုင်ငံတော်ကနေ ညှိနှိုင်းနေတယ်ဆိုတာ လုပ်ငန်းစဉ်လေးတွေ ပြောသွားပါတယ်။”
ဒါ့အပြင် စီးပွားရေးဆိုင်ရာ အကြောင်းအရာတွေကိုလည်း ဦးခင်ရွှေကပဲ အခုလို ဆက်ပြောပြပါတယ်။
“အဓိကအားဖြင့် ဒေါ်လာဈေးတွေ ကျတဲ့ကိစ္စပေါ်မှာ စီအမ်စီ အထည်ချုပ်လုပ်ငန်းတွေကအစ ပြဿနာတွေ ရှိတယ်။ အဲဒါတွေကိုလည်း အခွန်အခတွေ လျှော့ပေးတာတို့၊ နောက်သွင်းတဲ့ပစ္စည်းတွေအပေါ်မှာလည်း အခွန်အခတွေ လျှော့ပေးတာတို့ အဲဒါမျိုးနဲ့ ကုစားသွားမယ်ဆိုတာ ပြောတယ်။ နောက်တခါ ဆန်တွေကိုလည်း လယ်သမားတွေအတွက်ကို ဈေးတခု သတ်မှတ်ပြီး မနာအောင်သတ်မှတ်ပြီး ၀ယ်ပြီးတော့ နိုင်ငံတော်က အရန်ထားမယ်။ အဲဒီအရန်အတွက် လိုအပ်သလို သုံးသွားမယ်ဆိုတဲ့အကြောင်း လုပ်ငန်းစဉ်လေးတွေ ပြောသွားပါတယ်။”
ဒီကနေ့ သမ္မတမိန့်ခွန်းပြောကြားခဲ့တဲ့ အခမ်းအနားမှာ ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေနဲ့အတူ UMFCCI အသင်းကပုဂ္ဂိုလ်တွေ၊ စီးပွားရေးနဲ့ လူမှုရေးအသင်း ၄၀ ကျော်က ပုဂ္ဂိုလ် ၄၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
Leave a Reply