အံ့ဘုန်းမြတ် (၁၆ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)
အစိုးရသစ်ရဲ့ သမ္မတ ဦးသိန်းစိန်က တိုင်းပြည်စီးပွားရေးကဏ္ဍနဲ့ ပတ်သက်ပြီး လက်တွေ့အကောင်အထည်ဖော်မှုပိုင်းတွေမှာ အားနည်းမှုတွေရှိနေတာကြောင့် လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်ရေး မူဝါဒတွေနဲ့ လုပ်ငန်းကော်မတီတွေကို ထပ်မံဖွဲ့စည်းလုပ်ဆောင်ဖို့ရှိနေပါတယ်။
ဒီလ ၁၇ ရက် ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ ၂ နာရီ နေပြည်တော်မှာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေတက်ရောက်မယ့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောကြားပြီး အဲ့ဒီလို ဆောင်ရွက်ဖို့ ရှိနေတာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး အခမ်းအနားကို တက်ရောက်မယ့် စီးပွားရေးလုပ်ငန်ရှင် ဇေကမ္ဘာဦးခင်ရွှေက အခုလို အတည်ပြုပြောကြားပါတယ်။
“စီးပွားရေးနဲ့ပတ်သက်လို့ မူချမယ်လို့တော့ပြောတယ်။ ကော်မတီ၊ ကော်မရှင် စတာတွေ ဖွဲ့မယ်လို့တော့ပြောတယ်။ အဓိက စီးပွားရေးနဲ့ ပတ်သက်တာပဲ။ စီးပွားရေးနဲ့ ပတ်သက်လို့ ဘယ်လိုတွေ ဖွဲ့ကြဦးမလည်း။ အခုစီးပွားရေး အဖွဲ့အစည်းတွေ အကုန်ခေါ်ပြီး ပြောမယ့်သဘောမျိုး ရှိတယ်။ လက်တွေ့က သိပ်မထွက်လာသေးဘူး။ အခုလက်တွေ့လုပ်မယ့် သဘောပါ။”
အခမ်းအနားကို မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း၊ မြန်မာနိုင်ငံ ရေထွက်လုပ်ငန်းအသင်းစသည့် စီးပွားရေး အသင်းအဖွဲ့များ တက်ရောက်ဖို့ရှိနေပါတယ်။
အစိုးရသစ်ဟာ အခုလ ၁၉ ရက်နေ့မှာလည်း စီးပွားရေးအလုပ်ရုံဆွေးနွေးပွဲတခုကို နေပြည်တော်မှာပဲ ပြုလုပ်ဖို့ စီစဉ်ထားပြီး အဲ့ဒီအခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ တက်ရောက်ဖို့ ဖိတ်ကြားမယ့် အစီအစဉ်ရှိ နေကြောင်းလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေက သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
အစိုးရသစ်ဟာ တိုင်းပြည်အာဏာကို လွှဲပြောင်းယူပြီး ရက်ပိုင်းအကြာမှာပဲ စီးပွားရေးပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဆင်းရဲမွဲတေမှုလျှော့ချနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတွေကို ပြုလုပ်ခဲ့တာမျိုးတွေလည်းရှိနေခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်ကတော့ သူ့ရဲ့ ပထမဆုံးမိန့်ခွန်းမှာ တိုင်းပြည်ရဲ့ စီးပွားရေးကဏ္ဍနဲ့ပတ်သက်ပြီး ဈေးကွက် စီးပွားရေးကို ပီပြင်အောင် ကျင့်သုံးပြီး ရလာတဲ့ အကျိုးစီးပွားတွေကို အခြေခံလူတန်းစားနဲ့ အောက်ခြေအဆင့် အထိ ပျံ့နှံ့စေရမယ်လို့ ကြွေးကြော်ထားပါတယ်။
ဒါအပြင် လက်ဝါးကြီးအုပ် စီးပွားရေးစနစ် မဖြစ်အောင် အစိုးရက အတိုင်းအတာတခုအထိ ထိန်းပေးမှာ ဖြစ်ပေမယ့် တတ်နိုင်သမျှ ၀င်ရောက် စွက်ဖတ်မှု၊ ထိန်းချုပ်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်မယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဆင်းရဲချမ်းသာ ကွာဟာမှု လျှော့ချရေး၊ မြို့ပြ-ကျေးလက် လူနေမှုအဆင့် ကွာဟမှု လျှော့ချရေးကို စဉ်းစားပြီး မျှတတဲ့ ဈေးကွက် စီးပွားရေးစနစ် ပေါ်ထွန်းအောင် လုပ်ဆောင်မယ်လို့လည်း ကတိပေးပြောကြားခဲ့ပါတယ်။
လက်ရှိအခြေအနေမှာတော့ အဲ့ဒီမိန့်ခွန်းပါအချက်တွေထဲက ထင်သာမြင်သာရှိတဲ့ ပြုပြင်ပြောင်းလဲမှု အနည်းငယ်ကိုသာ မြင်တွေ့ရပြီး ဒီထက်ပိုမိုလုပ်ဆောင်ဖို့ကိုလည်း စီးပွားရေးပညာရှင်တွေက တိုက်တွန်းပြော ကြားကြတာမျိုးတွေလည်း ရှိနေပါတယ်။
Leave a Reply