စာနယ်ဇင်း, သတင်း, အစိုးရအဖွဲ့, နိုင်ငံရေး

အစိုးရသစ်သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း၊ ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ဟုဆို


အံ့ဘုန်းမြတ် (၁၁ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)

သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ရေးအဖွဲ့ကို ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ခေါင်းဆောင်ပြီး ဖွဲ့စည်းလိုက်ပါတယ်။

ဒီအဖွဲ့အနေနဲ့ အစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့လိုတယ်လို့ ပြည်တွင်းပြည်ပ မီဒီယာသမားတွေက ပြောကြားလိုက်ကြပါတယ်။

ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်းဦးဆောင်ပြီး အဖွဲ့ဝင် ၁၁ ဦးပါတဲ့ အစိုးရ ပြောရေးဆိုခွင့်နဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့အနေနဲ့ အစိုးရသစ်ရဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန် ရှင်းလင်းတဲ့နေရာမှာ အရင်အစိုးရလက်ထက်တွေကထက် ပိုမိုပြီး ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်ဖို့လိုတယ်လို့ ပြည်တွင်းပြည်ပ မီဒီယာသမားတွေက ပြောကြားလိုက်ကြတာပါ။

အဲ့ဒီထဲက မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဦးကိုကို (စက်မှုတက္ကသိုလ်) ကတော့ မနက်ဖြန် ပြုလုပ်မယ့် အစိုးရအဖွဲ့သစ်ရဲ့ ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ ဒီပြန်ကြားရေးအဖွဲ့ ရှင်းလင်းပြောဆိုချက်တွေကို စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။

“ကျနော်တို့ စာနယ်ဇင်း သတင်းသမားတွေကတော့ မျှော်လင့်တာကတော့ နိုင်ငံတော် သမ္မတရဲ့ မူဝါဒတွေထဲမှာ ပွင့်လင်းမြင်သာမှု ဆိုတဲ့ စကားလုံး ပါပါတယ်။ ဒီအဖွဲ့က အရင့်အရင် အခြေအနေတွေထက်စာရင် ပိုပြီးတော့ ပွင့်လင်း ထင်သာမြင်သာမှုကို ပိုမိုဆောင်ကြဉ်းပေးလာနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ နောက်တခါ ပြည်သူတွေ အများစု သိချင်တဲ့ မေးခွန်းတွေကို ပြည်သူတွေကိုယ်စား သတင်းသမားများက မေးမြန်းတဲ့အခါမှာလည်း ပိုမိုပြီးတော့ တိတိကျကျလေးနဲ့ လိုချင်တဲ့အဖြေတွေကိုပေါ့လေ ပေးနိုင်ပါစေလို့လည်း ကျနော်တို့က မျှော်လင့်ပါတယ်။ နောက်တခုက ဒီအဖွဲ့ဟာ တကယ်ပဲ ကျနော်တို့ အစိုးရအဖွဲ့သစ်နဲ့ မီဒီယာတွေကြားမှာ ပေါင်းကူးသဖွယ် ဆောင်ရွက်နိုင်တဲ့ဟာပေါ့လေ အဲဒါ ဖြစ်ပါစေပေါ့ဗျာ။ အဲဒီဟာလေးတွေနဲ့ တကယ်သာဆောင်ကြဉ်းပေးနိုင်မယ်ဆိုရင်တော့ ဒီအဖွဲ့အပေါ်မှာ ယုံကြည်မှုတွေ ပိုရလာမှာပါ။ လောလောဆယ်မှာတော့ ဒီအဖွဲ့က ဘယ်လိုပုံစံမျိုးနဲ့ သွားမယ်ဆိုတာကိုတော့ မနက်ဖြန် သတင်းစာရှင်းလင်းပွဲကျမှပဲ ကျနော်တို့က ကြည့်ရမယ်။ ဒီသတင်းစာရှင်းလင်းပွဲက အရင်သတင်းစာရှင်းလင်းပွဲတွေနဲ့ ဘယ်လို ကွာဟချက်ရှိသလဲ။ တူတူပဲလား မတူဘူးလားဆိုတာလည်း အဲဒီ အချိန်ကျမှပဲ ကျနော်တို့က ပြောနိုင်ပါလိမ့်မယ်။”

အခုဖွဲ့စည်းထားတဲ့ အစိုးရသစ်ရဲ့ ပြောရေးဆိုခွင့်နဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့မှာတော့ ၀န်ကြီး ဦးကျော်ဆန်းနဲ့အတူ ပြည်ထဲရေး၊ နိုင်ငံခြားရေး စတဲ့ဌာနတွေက ဒုဝန်ကြီးတွေ၊ ရဲချုပ်၊ ဒုတိယရှေ့နေချုပ် စတဲ့သူတွေ ပါဝင်ပြီး၊ အဖွဲ့ရဲ့အတွင်းရေးမှုးအဖြစ် သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းက ဦးဆောင်ညွှန်ကြားရေးမှုးတဦးက ဆောင်ရွက်မှာဖြစ်တဲ့အကြောင်း ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။

ဒီအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ၀န်ကြီး ဦးကျော်ဆန်းဟာ အရင် နအဖစစ်ကောင်စီ လက်ထက်ကလဲ သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဦးဆောင်သူပဲဖြစ်ပါတယ်။

ပြည်ပအခြေစိုက် မြန်မာ့သတင်းသမဂ္ဂရဲ့ ဒုဥက္ကဋ္ဌ ဦးဇင်လင်းကတော့ ပြောခွင့်ရ အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကိုတော့ သံသယရှိနေပြီး ပထမဆုံးလုပ်မယ့် သတင်းစာရှင်းလင်းပွဲကို စောင့်ကြည့်ဖို့လိုမယ်လို့ ဆိုပါတယ်။

“သူတို့လုပ်မယ့် သတင်းစာရှင်းလင်းပွဲဟာ ဘယ်လောက် အတိုင်းအတာထိ လွတ်လပ်သလဲ၊ ဘယ်လောက်အတိုင်းအတာအထိ တကယ့် စတုတ္ထမဏ္ဍိုင်ကို သူတို့ ပွင့်လင်းခွင့်ပေးမှာလဲ၊ လွတ်လပ်ခွင့်ပေးမှာလဲ ဆိုတာကိုတော့ ဖြစ်ပေါ်လာမယ့် အခြေအနေတွေအပေါ်မှာ မူတည်ပြီးမှ ကျနော်တို့ ပြောရမှာပဲ။ ဒါပေမယ့် ဒီ အခင်းအကျင်း အရကတော့ ကျနော်တို့ သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ ဖွဲ့တဲ့အနေအထားကို ကြည့်ရခြင်းအားဖြင့် တခြားလူတွေ ပြောတာဆိုတာဟာ တရားမဝင်ဘူး ဆိုတဲ့ သဘောတော့ သက်ရောက်တယ်။ တာဝန်မရှိဘဲ ပြောတယ်ဆိုတဲ့လူတွေတောင်မှ တချိန်မှာ သူတို့ ပြဿနာဖြစ်နိုင်တယ် ဆိုတာမျိုးတွေ ဖြစ်လာနိုင်တယ်ပေါ့လေ။ ဒါကြောင့်မို့လို့ ကျနော်တို့ မြင်တာကတော့ အပေါ်ယံကြည့်ရင်တော့ ဒီလိုအဖွဲ့မျိုး ပေါ်လာတဲ့အတွက် သတင်းသမားတွေမှာ မေးစရာ ပြုစရာ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း စသည်ဖြင့် ဒါတော့ ပေါ်ပေါက်လာတဲ့အတွက်ကြောင့်မို့လို့ အကြမ်းအားဖြင့် ကြည့်ရင် ကောင်းသလိုလိုတော့ ထင်ရတာပေါ့။ သို့သော်လည်းပဲ သေသေချာချာ သုံးသပ်ကြည့်တဲ့အခါကျတော့ ဒါကလည်း အကန့်အသတ်ကြီးတခုလို ဖြစ်နေတယ်။ ဆိုတော့ အဲဒီလိုတော့ ကျနော်တို့ကတော့ မဖြစ်သင့်ဘူး ထင်တာပဲ။”

အစိုးရအဖွဲ့သစ်ရဲ့ သတင်းထုတ်ပြန်ရေး ကော်မတီကနေ လာမယ့် ၁၂ ရက်နေ့မှာ ပထမဆုံး သတင်းစာရှင်းလင်းပွဲကို နေပြည်တော်မှာ ပြုလုပ်ဖို့ရှိနေသလို လာမယ့် ၂၂ ရက် ဒုတိယအကြိမ်လွှတ်တော်ပုံမှန်အစည်းအဝေးတွေမှာလည်း သတင်းမီဒီယာတွေကို တက်ရောက်ဖို့ဖိတ်ခေါ်ထားပြီး သတင်းမီဒီယာတခုကို မေးခွန်း ၃ ခု ကြိုတင်ပေးပို့ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: