အံ့ဘုန်းမြတ် (၉ သြဂုတ် ၂၀၁၁) (ဒီဗွီဘီ)
သောတရှင်များရှင်။ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးက လွှတ်တော်ရုံးတွေရဲ့ အစီအစဉ်နဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို ဒီလ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပြီး ငြိမ်းချမ်းရေးလိုလားသူတွေကို ရည်ရွယ်ပေးပို့လိုက်ပါတယ်။
ရှစ်လေးလုံး မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု ၂၃ နှစ်ပြည့်မြောက်တဲ့နေမှာပဲ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေရဲ့ ကိုယ်စားလှယ် ၂၃ ဦးက လွှတ်တော်ရုံးတွေရဲ့ အစီအစဉ်နဲ့ ဒီငြိမ်းချမ်းရေးအိတ်ဖွင့်ပေးစာကို ထုတ်ပြန်လိုက်တာပါ။
ဒီစာပေးပို့ သူတွေထဲမှာတော့ ကြံ့ခိုင်ရေးပါတီက အနိုင်ရ တိုင်းရင်းသားကိုယ်စားလှယ်တွေ အများစုပါဝင်ပြီး တိုင်းရင်းသားကိုယ်စားလှယ်အချို့သာ ပါဝင်ပါတယ်။ ဒီအိတ်ဖွင့်ပေးစာကို အစိုးရပိုင်ရုပ်မြင်သံကြားလိုင်းတွေနဲ့ သတင်းစာတွေက နေလဲ ဖော်ပြခဲ့ပါတယ်။
ဒီစာထဲမှာတော့ ငြိမ်းချမ်းရေးလိုလားသူများအတွက်လို့ ရည်ရွယ်ဖော်ပြထားပြီး အစိုးရအဆက်ဆက်နဲ့ ပြည်သူတွေက ဒို့တာဝန် အရေးသုံးပါးအပေါ် ရပ်တည်ခဲ့ကြပေမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က သံသယလွန်ကဲမှုတွေ၊ အစွန်းရောက်မှုတွေ၊ ဘေးပယောဂ၀င်ရောက် နှောက်ယှက်ခံရမှုတွေ၊ ကတိပျက်ကွက်မှုတွေကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ခဲ့ရတယ်လို့ အဓိက ဖော်ပြထားပါတယ်။
ဒါ့အပြင် သြဂုတ်လ ၂ ရက်နေ့က KIA ထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပွားခဲ့တဲ့ ပစ်ခက်မှုတွေနဲ့ပတ်သက်ပြီးတော့လည်း ငြိမ်းချမ်းရေးအတွက် ခြောက်လှန့်မှုတရပ်အဖြစ်လည်း ရေးသားထားပြန်ပါတယ်။
ဒီအခြေအနေတွေကြောင့် ငြိမ်းချမ်းရေးကို အမှန်တတယ်ရရှိလိုရင် ပြည်ထောင်စုကြီးတခုလုံးရဲ့ အကျိုးစီးပွားကိုသာ ရှေ့ရှု့ ဆွေးနွေးမှုအမှန်တွေ လုပ်ဆောင်ကြဖို့ကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေက အလေးအနက် တိုက်တွန်းထားပါတယ်။
ဒီစာထုတ်ပြန်လိုက်တာနဲ့ပတ်သက်ပြီး လက်မှတ်ရေးထိုးသူတွေထဲမှာပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက အခုလို ပြောကြားပါတယ်။
“ကျနော်ဖြေလို့ ရလားမရလား မသိဘူး။ လွှတ်တော်အတွင်းရေးတွေ ဖြစ်နေတော့။ ရေးတာတော့ ငြိမ်းချမ်းရေးအတွက်ပဲ။ အဲဒီဒေသတွေမှာ မအေးချမ်းတော့ ပြည်သူတွေအတွက်က စိတ်ပူစရာဖြစ်တာပေါ့။ တကယ်လို့ အပစ်အခတ်ရပ်တယ်။ ငြိမ်းချမ်းရေး ရတယ်ဆိုရင် နှစ်ဖက် နားလည်မှုရပါစေဆိုတဲ့ စေတနာတခုတည်းနဲ့ လုပ်တာ။”
လွှတ်တော်ကနေပြီးတော့ အန်ကယ်တို့ကို အစည်းအဝေးတွေဘာတွေ ခေါ်ပြီးတော့ ထုတ်ခိုင်းတာလား။ ဒါမှမဟုတ် အန်ကယ်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကြီးပဲ သီးခြားအပြင်မှာ တွေ့ဆုံပြီးတော့ ဒါကိုထုတ်ဖို့ စီစဉ်တာလား။ ဘယ်လိုများရှိနိုင်မလဲ။
“အဲဒါက အတွင်းရေးဖြစ်သွားပြီ၊ ကျနော့်အနေနဲ့လည်း ဖြေရခက်တယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေ အများကြီးတက်တယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေထဲမှာ ကျနော်တယောက်ပဲ တိုင်းရင်းသားခေါင်းဆောင် မပါတာလေ။”
ဒီလို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုချက်တွေအပေါ် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေကလည်း အခုလို အကြံပြုပြောဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ကျနော်တို့ တခြားသော နိုင်ငံရေးပါတီတွေရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးအပါအ၀င် တောင်းဆိုနေတာ ဖြစ်ပါတယ်။ အဓိကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဘယ်လိုရောက်အောင် သွားမလဲဆိုတဲ့ အခြေခံကြီးပေါ်မှာပဲ တည်ပါတယ်။ သဘောကတော့ ပြည်ထောင်စု ညီလာခံလိုဟာမျိုးကို ခေါ်ယူပြီးတော့မှ စားပွဲခုံပေါ်မှာ အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးပြီးတော့မှ တဖက်နဲ့ တဖက် နားလည်ပြီးတော့မှ ကတိက၀တ်တွေကို စာရွက်ပေါ်မှာ အဖြူအမဲ လက်မှတ်ထိုးပြီးတော့ စာချုပ်ချုပ်ဆိုပြီးတော့ နိုင်ငံရေးပြဿနာကို ဖြေရှင်းမှသာလျှင် အပြီးတိုင်ရှိမယ်လို့ ကျနော်တို့ ယူဆထားတာရှိပါတယ်။ အဲတော့ အဲဒီထိ ရောက်အောင် သွားဖို့ နိုင်ငံတော်အစိုးရ အနေနဲ့ ဆောင်ကျဉ်းပေးမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးမြင်ကွင်းကို မကြာခင် သိနိုင်မယ်လို့ ထင်ပါတယ်။”
ဒီအိတ်ဖွင့်ပေးစာ အပေါ် အစိုးရမူဝါဒ လွှမ်းမိုးမှုတွေ ရှိနေတယ်လို့လည်း အခြားနိုင်ငံရေးပါတီခေါင်းဆောင်တွေက ဝေဖန်ပြောဆို မှုတွေရှိနေပါတယ်။
ဒီအရင်ကလည်း မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ငြိမ်းချမ်းရေးအတွက် အစိုးရသစ်ကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းခဲ့ကြပေမယ့် လည်း အစိုးရဘက်ကတော့ အကောင်အထည်ဖော် ဆောင်ရွက်တာမျိုး မတွေ့ရသေးပါဘူး။
Leave a Reply