အာဇာနည်နေ့ အခမ်းအနား နိုင်ငံရေးပါတီများကို ဖိတ်ကြားခြင်းမရှိ


အံ့ဘုန်းမြတ် (၁၈ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ)

ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၄ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ နိုင်ငံရေးပါတီတွေကို တက်ရောက်ဂါရ၀ပြုဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖိတ်ကြားခြင်း မရှိပါဘူး။

မနှစ်ကတော့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေကို အသိအမှတ်ပြု  ဖိတ်ကြားခဲ့ပေမယ့် ဒီနှစ်မှာတော့ ဖိတ်ကြားခြင်း မရှိတော့တာလို့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“ဒီနှစ်တော့ မဖိတ်ဘူး။ တက်ရောက်ချင်တဲ့သူတွေ အကြောင်းကြားပါဆိုပြီး သတင်းစာမှာ ပါတယ်။ သီးခြား ဖိတ်တာတော့ မရှိဘူး။”

ကြံ့ခိုင်ရေးပါတီရဲ့ ရန်ကုန်တိုင်း တာဝန်ခံမြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း ကတော့ နိုင်ငံရေးပါတီအားလုံးကို ဖိတ်ကြားမယ်လို့ ပြည်တွင်း မီဒီယာတွေမှာ ပြောကြားထားပေမယ့် အခုလို ဖိတ်ကြားခြင်း မရှိတော့တာလည်း ဖြစ်ပါတယ်။

ဒီလို အစိုးရအနေနဲ့ တာဝန်ခံဖိတ်ကြားတာမျိုး မရှိတဲ့အတွက် ပါတီအနေနဲ့ပဲ အာဇာနည်နေ့ အခမ်းအနားကို ကျင်းပမယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေကသ ဆိုပါတယ်။

“သူတို့က တက်ချင်ရင် စည်ပင်သာယာရုံးမှာ သွားပြီး ကိုယ့်ဘာသာကိုယ် လျှောက်ရမှာပေါ့နော်။ လျှောက်လွှာတင်ပြီးမှ လျှောက်တဲ့သူတွေက သွားတက်ပေါ့။ အဲလိုမျိုး ပြောပါတယ်။ သပ်သပ် မဖိတ်ဘူးဗျ။ ကျနော်တို့ မလျှောက်တော့ဘူးဗျာ။ မဖိတ်တော့လည်း မသွားဘူးပေါ့ဗျာ။ ကိုယ့်ပါတီမှာပါပဲ ကိုယ့်အခမ်းအနားနဲ့ကိုယ် လုပ်တော့မယ်။ မနက်ဖြန် ကျနော်တို့ ပါတီရုံးမှာ ပါတီဝင်တွေ စုပြီးတော့ အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ဟောပြောတာ၊ ဆွေးနွေးတာတို့ ရှိမှာပေါ့ဗျာ။”

တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အာဇာနည်နေ့ အခမ်းအနားကို တိုင်းဒေသကြီး အစိုးရအဆင့်ကပဲ ဦးဆောင်ပြုလုပ်ဖို့ စီစဉ်တာဟာ ရွေးကောက်ပွဲ အနိုင်ရ ကြံ့ခိုင်ရေး ပါတီအနေနဲ့ ဒီအခမ်းအနားအပေါ် အလေးအနက် မထားတာ ဖြစ်တယ်လို့လည်း ဦးသုဝေက ဝေဖန်ထားပါတယ်။

“ကျနော်တို့ အမြင်ကတော့ အာဇာနည်နေ့ဆိုတာ အားလုံးနဲ့ ပတ်သက်တဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုချင်ကြမှာပေါ့။ အားလုံးပြည်သူတွေက သွားပြီးတော့ အလေးပြုချင်ကြတဲ့ပုဂ္ဂိုလ်များကို ပြုနိုင်ပါတယ်။ စည်းကမ်းက ဘယ်လိုဆိုတာမျိုး ရှင်းပြရင် လူထုတွေက အများကြီး သွားတက်မှာပေါ့။ အခုတော့ တိုင်းမြူနီစပါယ်ကပဲ ဦးဆောင်ကျင်းပမယ်လို့ ဆိုတယ်။ ပြီးတော့ သူတို့ကလည်း သိပ်ပြီးတော့ လေးလေးနက်နက်ထားပုံမရဘူး သူတို့က။ ပြီးတော့ သူတို့စီစဉ်ပြီး လုပ်ပေးမှာပေါ့။”

အခြားပြည်တွင်း ဒီမိုကရက်တစ်အင်အားစုဝင် အချို့ကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ အာဇာနည်ဗိမာန်ကို လမ်းလျှောက်ချီတက်ပြီး ကျဆုံးခဲ့တဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂါရ၀ပြုဖို့ စီစဉ်ထားကြပါတယ်။

ရန်ကုန်မြို့မှာတော့ အာဇာနည်နေ့ နီးကပ်လာတာနဲ့အတူ လုံခြုံရေးတွေကိုလည်း အထူးတင်းကျပ်ထားပါတယ်။

Leave a comment