အံ့ဘုန်းမြတ် (၁၈ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ)
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်တွေက အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ မိဘမဲ့ကလေးသူငယ်တွေကို ပညာဒါနနဲ့ အစာအဟာရ ကျွေးမွေး လှူဒါန်းမယ့် အစီအစဉ်ကို မြို့နယ်အာဏာပိုင်တွေ ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
မန္တလေး အဖွဲ့ချုပ်လူငယ်တွေက မနက်ဖြန်မှာ ကျရောက်မယ့် ၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ ချမ်းအေးသာဇံမြို့နယ်ရှိ ငါးစုတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက မိဘမဲ့ကလေးသူငယ်တွေကို အစာအာဟာရနဲ့ ပညာဒါနပြုမယ့် အစီအစဉ်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပိတ်ပင်မှု ပြုလုပ်ခဲ့တာပါ။
ဒါနဲ့ပတ်သက်ပြီး မန္တလေးတိုင်းအဖွဲ့ချုပ် လူငယ်တာဝန်ခံတဦးက အခုလိုပြောပြပါတယ်။
“ကျနော်တို့က ချမ်းအေးသာဇံမြို့နယ် လမ်း ၃၀ နဲ့ ၆၂လမ်းမှာ ရှိတဲ့ ငါးစုတိုက်မှာ လူငယ်တွေကနေ ထမင်းကျွေးပြီးတော့ ကလေးတွေအတွက် အ၀တ်အစား ဝေဖို့စီစဉ်ထားတာပါ။ ကျနော်တို့ အန်အယ်လ်ဒီအနေနဲ့ ကျွေးမယ်ဆိုရင် ကျောင်းမှာ ခွင့်မပြုနိုင်ဘူးဆိုပြီး ကျောင်းက ဒုတိယကျောင်းအုပ် ဦးခေမာကို လာပိတ်သွားတာလို့ ပြောပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကလို့ ပြောပါတယ်။ ချမ်းအေးသာဇံမြို့နယ်ပေါ့။ လျှောက်ထားတာတော့ လွန်ခဲ့တဲ့ တပတ်လောက်က ကြိုလျှောက်ထားတာ။ ကျနော်တို့ကို ဆရာတော် ဒုတိယ ကျောင်းအုပ်က လက်ခံထားတာပါ။ ဒီနေ့ငွေသွားသွင်းမယ်လုပ်တဲ့ အချိန်မှာ ဒီလိုဒီလိုပဲ လာပိတ်သွားတယ်။ ဆက်လုပ်လို့ မရတော့ပါဘူး။ ကျွေးလို့မရတော့ဘူး ဆိုပြီး လှမ်းပြီး ပိတ်လိုက်တယ်။”
ဒီလို ပိတ်ပင်ခဲ့တဲ့အပေါ်ကိုလည်း သူက အခုလို ဆက်ပြောပါတယ်။
“ဘာသာရေး ချိုးဖောက်မှုလား၊ ကလေးတွေရဲ့ အခွင့်ရေးကို ချိုးဖောက်တယ်လို့ပဲ ပြောရမလား မသိဘူး။ ကျနော်တို့က တစ်အချက်က ကလေးတွေကို ပညာသင်ပေးနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ပညာသင်ရတဲ့ မိဘမဲ့ကလေးတွေကို အာဟာရဖြစ်စေချင်လို့ အာဟာရကျွေးမွေးတဲ့ သဘောပါ။ အ၀တ်အစားအသစ်တွေ ဝေငှဖို့လည်း စီစဉ်ထားတယ်။ ကလေးတွေကို ပေးကမ်းကြတဲ့ အလှူဒါနလုပ်တဲ့ဟာကို ပိတ်ပင်တာတော့ မကောင်းဘူး။ မတရားသဖြင့် ကလေးတွေရဲ့ အခွင့်အရေးတွေ ကလေးတွေရဲ့ အာဟာရ ချို့တဲ့မှုတွေကို ပစ်ပယ်တယ်လို့ ယူဆတယ်။ ဒီမိုကရေစီ စနစ်လမ်းကြောင်းသွားတာ မဟုတ်ဘူးဆိုတာ ပေါ်လွင်နေတာပေါ့။”
မနက်ဖြန်မှာ ကျရောက်မယ့် အာဇာနည်နေ့ အခမ်းအနားကိုတော့ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရုံးမှာ ဆွမ်းကပ်လှူဒါန်းမယ့် အစီအစဉ်တွေနဲ့ ဆရာကိုလေး (အင်းဝဂုဏ်ရည်)ရဲ့ အာဇာနည်နေ့ စာပေဟောပြောပွဲပါ ကျင်းပပြုလုပ်ဖို့လည်း ရှိနေပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းထဲက မတ္တရာ၊ မြင်းခြံ၊ မိထ္ထီလာစတဲ့ မြို့တွေမှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေက ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပပြုလုပ်ဖို့ ရှိနေကြပါတယ်။
Leave a Reply