စာနယ်ဇင်း, သတင်း, အစိုးရအဖွဲ့, ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ

ရန်ကုန်တိုင်းဒေသကြီးအစိုးရ သတင်းစာရှင်းလင်းပွဲ မတက်ဟု စာနယ်ဇင်းအချို့ဆို


အံ့ဘုန်းမြတ် (၁၅ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ)

ကာလအတော်ကြာအောင် ပုံမှန်ပြုလုပ်ဖို့ ပျက်ကွက်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းစာရှင်းပွဲကို မနက်ဖြန် ဇူလိုင်လ ၁၆ ရက်နေ့မှာ ပြန်လည် ပြုလုပ်ဖို့ ရှိနေပါတယ်။

ဒီသတင်းစာ ရှင်းလင်းပွဲမှာ ပြည်သူတွေကြား ဖြစ်ပေါ်နေတဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အခက်အခဲတွေကို မေးမြန်းတင်ပြခွင့် မရနိုင်တာကြောင့် မတက်ရောက်ဖို့ သတင်းဂျာနယ်အချို့က ဆုံးဖြတ်လိုက်ပါတယ်။

မနက်ဖြန် နေ့လယ် (၂) နာရီမှာ စတင်မယ့် ဒီသတင်းစာရှင်းလင်းပွဲကို တိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ ကိုယ်တိုင် တက်ရောက်ဖို့ရှိပြီး သတင်းထောက်တွေအနေနဲ့ ရန်ကုန်အစိုးရနဲ့ဆိုင်တဲ့ မေးခွန်းတွေပဲ မေးမြန်းဖို့ ကန့်သတ်ထားသလို ဂျာနယ်တိုက်တတိုက်ကို တယောက် တက်ခွင့်ရမှာဖြစ်ပြီး တက်ရောက်သူတွေအနေနဲ့ အ၀တ်အစား ကောင်းကောင်းမွန်မွန် ၀တ်ဆင်လာကြဖို့ကိုလည်း မနေ့ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ ညှိနှိုင်းအစည်းဝေးမှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောကြားထားပါတယ်။

ဒီလိုကန့်သတ်မှုတွေ ရှိနေတာကြောင့် သတင်းဂျာနယ်အချို့ကတော့ သတင်း စာရှင်းလင်းပွဲကို မတက်ရောက်ဖို့ ဆုံးဖြတ်ထားကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ မတက်ဖို့ ဆုံးဖြတ်ထားတဲ့ သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာတဦးက အခုလို ပြောကြားထားပါတယ်။

“ထုံးစံ စိစစ်ရေးကပဲ ဖိတ်တယ်။ ရန်ကုန်တိုင်း ဒေသကြီးကလေ။ ဦးရွှေမန်း ပွဲလည်း အဲဒီလိုပါပဲ စိစစ်ရေးက တာဝန်ခံပြီးတော့ ဖိတ်တာပါပဲ။ သူက အကန့်အသတ်တွေနဲ့ စီအီးအို သို့မဟုတ် အယ်ဒီတာတွေပဲ တက်ရမယ်ဆိုတော့ ဒီ ပြည်တွင်းသတင်းရေးနေတဲ့ ကလေးတွေက ဘယ်တော့မှ အခွင့်အရေး မရသလို ဖြစ်နေတယ်။ အခေါက်တိုင်းလုပ်တယ် ကျနော်တို့တော့ ဒီအပတ်တော့ မတက်တော့ဘူး။ ကန့်သတ်ချက် တခုခု ရှိမယ်ဆိုရင်တော့ သတင်းစာရှင်းလင်းပွဲ မလုပ်တာပဲ ကောင်းပါတယ်။ ဟုတ်တယ်မဟုတ်လား။ သတင်းစာရှင်းလင်းပွဲဆိုတာ တခုခု ပြောလာပြီဆိုရင် စာဖတ်သူကို နားလည်တဲ့ အဆင့်အထိကို ရေးပြဖို့ လိုတာကိုး။ အဲဒီတော့ ဘာအကြောင်းအရာပဲ ဖြစ်ဖြစ် မရှင်းဘူးဆိုရင်တော့ ပြန်မေးမှာပဲ။ နောက် အဲဒီလိုပေါ့ အစ်ကိုတို့ဆီကိုလည်း စာတွေ ရောက်တာ ရှိတယ် ဥပမာ သူတို့ မကျေလည်မှုတွေပေါ့ အောက်ခြေမှာ၊ အဲဒါတွေ ဆိုလို့ရှိရင်လည်း အစ်ကိုတို့က ဒါတွေ တင်ပြခွင့်ရမှပဲ တက်ချင်တာလေ၊ ဒါတွေ မရရင်တော့ အဲဒီပွဲ လုပ်နေလို့ အလကားပဲ။ သွားလည်း အချိန်ကုန်တာပဲ ရှိမှာ မဟုတ်ဘူးလား။ ပြီးတော့ သူတို့ ပြောချင်တာပဲ အရင်ပြောသွားပြီးတော့ တချို့တဝက်ဖြေ၊ အရင်ဟာတွေကို နည်းနည်း ပြန်ဖြေမှာပေါ့။ ဖြေပြီးရင်တော့ သိမ်းလိုက်မယ် ထင်ပါတယ် ကြည့်ရတာ။”

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ သတင်းစာရှင်းလင်းပွဲတွေကို ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေက တကြိမ်၊ မေလ ၁၇ ရက်နေ့မှာ တကြိမ် ကျင်းပခဲ့ပြီး ဒီသတင်းစာရှင်းလင်းပွဲရဲ့ ရုပ်သံမှတ်တမ်းကို ဒီဗွီဘီက ထုတ်လွှင့်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သတင်းစာရှင်းလင်းပွဲတွေကို ရပ်နားခဲ့ပါတယ်။

အဲ့ဒီနောက်  အခုလို ကန့်သတ်ချက်တွေနဲ့ ပြန်လည်ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက် ဇွန်လ ၁၄ ရက်နေ့ကလည်း သတင်းစာရှင်းလင်းပွဲ ပြန်လည်ပြုလုပ်ဖို့ စီစဉ်ပြီး သတင်းထောက်တွေဆီက မေးခွန်းတွေကို တောင်းခံအပြီးမှာလည်း သတင်းစာရှင်းလင်းပွဲကို ဖြုတ်သိမ်းခဲ့ပြန်ပါတယ်။ အဲ့ဒီနောက် ဒီလ ၁၆ ရက်နေ့မှာ ပြန်လည်ပြုလုပ်ဖို့ ဖိတ်ခေါ်လာတာလည်း ဖြစ်ပါတယ်။

လက်ရှိ အခြေအနေမှာတော့ ဒေသဆိုင်ရာ အစိုးရတွေဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရတွေထဲက ရန်ကုန်နဲ့ မန္တလေးနှစ်ခုက အစိုးရအဖွဲ့တွေကပဲ သတင်းစာရှင်းလင်းပွဲတွေကို တခါတရံ ပြုလုပ် ပေးလေ့ရှိပေမယ့် ကျန်တဲ့ ပြည်နယ်နဲ့တိုင်းတွေက အစိုးရအဖွဲ့တွေကတော့ ပြုလုပ်တာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက လွှတ်တော်အစည်းအဝေးတွေထဲမှာတော့ ဒေသဆိုင်ရာ အစိုးရအဖွဲ့ရဲ့ ၀န်ကြီးဌာနတွေနဲ့ ၀န်ကြီးတွေကို ပြောင်းလဲပြင်ဆင် ဖွဲ့စည်းထားပါတယ်။

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: