ခရီသွား, ဘာသာရေး, လူမှုရေး, သတင်း, အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်, နိုင်ငံရေး, နိုင်ငံရေးပါတီများ

ဒေါ်အောင်ဆန်းစုကြည် ပုဂံဘုရားဖူးခရီးစဉ် ပြီးဆုံး


အံ့ဘုန်းမြတ် (၈ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ)

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မြို့တော် ပုဂံမြို့ဟောင်းကို ၄ ရက်ကြာ မိသားစု ဘုရားဖူးခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကိုထိန်လင်းတို့ရဲ့ ခရီးစဉ် ဒီကနေ့ ပြီးဆုံးသွားပြီလို့ အဖွဲ့ချုပ် ဗဟိုပြန့်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

“လေယာဉ်ကွင်းကို မနက် ၁၁ နာရီ ၅ မိနစ်မှာ ချောမောစွာ ဆိုက်ရောက်ပါတယ်။ နေအိမ်ကို ၁၂ နာရီ ၁၀ မိနစ်မှာ ပြန်လည်ရောက်ရှိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ကိုထိန်လင်းဟာ ပုဂံမြို့ဟောင်းကို ဒီလ ၄ ရက်နေ့က စတင်ရောက်ရှိခဲ့ပြီး ဒီလ ၅ ရက်နေ့မှာ အာနန္ဒာ၊ သဗ္ဗညု၊ မြ​စေတီနဲ့ မနုဟာဘုရား​တို့ကို ဖူးမြော်ခဲ့ပါတယ်။ အဲဒီညနေပိုင်းမှာပဲ နိုင်ငံ​ကျော် ​ရွှေပါရမီ​တောရ ဆရာ​တော် အရှင်ဆန္ဒာဓိကကို ဖူးမြော်ကြည်ညိုခဲ့ပါတယ်။

ဒီလ ၆ ရက်နေ့မှာတော့ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဒေသကို သွားရောက်လေ့လာခဲ့ပါတယ်။ ၇ ရက်နေ့မှာတော့ ပုဂံအနီးက သစ်တောရေးရာ ဦးစီးဌာန က ထိန်းသိမ်းထားတဲ့ ဇီးအိုသစ်လှ သဘာဝပတ်ဝန်းကျင်နဲ့ တိရစ္ဆာန် ထိန်းသိမ်းရေးဥယျာဉ်တွေကို သွားရောက်လေ့လာခဲ့ကြပါတယ်။ ညနေပိုင်းမှာတော့ ညောင်ဦးဈေးကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်တွေမှာ ဒေသပြည်သူတွေက လှိုက်လှိုက်လဲလဲ ကြိုဆိုနှုတ်ခွန်းဆက်ခဲ့ကြပြီး ညနေပိုင်းမှာ သူတည်းခိုခဲ့တဲ့ ပုဂံဟိုတယ်က တာဝန်ရှိသူတွေနဲ့ ၀န်ထမ်းတွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ဒီကနေ့ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ လုံခြုံရေးအတွက် မြန်မာပြည်သူတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့အတူ နိုင်ငံတကာကလည်း အထူးစိုးရိမ်ခဲ့ကြပါတယ်။

ဒါ့အပြင် အာဏာပိုင်တွေကလည်း ဒီခရီးစဉ်အတွင်း ဒေသခံတွေကို ကြိုဆိုနှုတ်ခွန်းဆက်တာတွေ မလုပ်ဖို့ ဖိအားပေးပိတ်ပင်တာတွေလည်း ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက် ရှေ့အလားအလာ ကောင်းဖြစ်ဖို့ မျှော်လင့်တယ်လို့လည်း အမေရိကန်အစိုးရ ထုတ်ဖော် ပြောကြားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပုဂ္ဂိုလ်ရေးခရီးစဉ်အပြင် နိုင်ငံရေးခရီးစဉ်လည်း ထပ်မံထွက်ခွာဖို့  ရှိပေမယ့်လည်း အစီအစဉ်အသေးစိတ်ကိုတော့ ပြင်ဆင်နေဆဲ ဖြစ်တယ်လို့ အဖွဲ့ချုပ် ဗဟိုပြန့်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: