အံ့ဘုန်းမြတ် (၈ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ)
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အရေးနိမ့်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ တရားစွဲခံထားရတဲ့ အနိုင်ရ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ကိုယ်စားလှယ်သုံးဦးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်တရားရုံးက အရှုံးပေးလိုက်ပါတယ်။
ရွေးကောက်ပွဲကာလက အခြေအနေတွေနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေက တိုင်ကြားထားတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မြေပုံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းပြော ကြားခဲ့တာပါ။ အခုရှုံးနိမ့်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက လွှတ်တော် ကိုယ်စားလှယ်ကတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံနဲ့ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်သိန်းတို့ကို ကော်မရှင်က ဒီကနေ့ပဲ အရှုံးပေးလိုက်တာလဲ ဖြစ်ပါတယ်။
မဲလိမ်မှု၊ တရားမဲပြုကျင့်မှု၊ ကြံ့ခိုင်ရေးပါတီနဲ့ နအဖကောင်စီကို ပုတ်ခက်ပြီး မဲဆွယ်စည်းရုံးခဲ့တယ်ဆိုတဲ့ စွပ်ဆွဲချက်တွေနဲ့ တိုင်ကြားခံခဲ့ကြရတဲ့ ရခိုင်ပြည်နယ်၊ ပေါက်တောမဲဆန္ဒနယ်က အနိုင်ရ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၃ ဦးလုံးကို ကော်မရှင်တရားရုံးက အရှုံးပေးပြီး ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေကို ဒီလ ၆ ရက်နေ့က အနိုင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး မြေပုံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အခုလို အတည်ပြု ပြောဆိုပါတယ်။
“ကျနော်တို့ ပေါက်တောမြို့နယ်၊ ပေါက်တောမြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၃ ယောက်ပါ။ ပြီးခဲ့တဲ့ ၆ ရက်နေ့က ခုံရုံးက ဆုံးဖြတ်တယ်။ သူတို့ကို ၃ ယောက်စလုံးကို အရှုံးပေးလိုက်ပါတယ်။ ကြံ့ခိုင်ရေးပါတီက ၃ ယောက်ကို အနိုင်ပေးလိုက်ပါတယ်။ တရားကျေအေးကြေး တယောက်ကို ၁၅ သိန်းစီ ချမှတ်ပေး လိုက်တယ်လို့ သိရပါတယ်ခင်ဗျ။”
အခုကော်မရှင်က အရှုံးပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မဲမသမာမှုနဲ့ အရေးယူခဲ့တာ မဟုတ်ဘဲ တပ်မတော်အစိုးရနဲ့ ကြံ့ခိုင်ရေးပါတီကို ပုတ်ခတ် မဲဆွယ်စည်းရုံးခဲ့တယ် ဆိုတဲ့အချက်နဲ့ ကော်မရှင်က ဆုံးဖြတ်ခဲ့တာလဲ ဖြစ်ပါတယ်။
ဒီအကြောင်းကိုလည်း ဦးဖေသန်းက …
“အဓိကက သူတို့ ဇောင်းပေးသွားတာကတော့ ကျနော်တို့ စည်းရုံးရေး ခရီးစဉ်တွေမှာပေါ့ သူတို့ပါတီကို ပုတ်ခတ်တယ်၊ အစိုးရကို အကြည်ညိုပျက်အောင် လုပ်တယ်။ အဲဒီ အချက်ကို တရားရုံးက ဇောင်းပေးပြီးတော့ ဆုံးဖြတ်သွားတယ်လို့ သိရပါတယ်။ အဲဒီမှာ သူတို့က အထူးသဖြင့်တော့ ၈၈ အရေးအခင်းမှာ ကျောင်းသား သံဃာတွေကို သတ်ဖြတ်တယ် ဆိုတာမျိုး၊ သူတို့ပါတီကို ကြံ့ခိုင်ရေးပါတီကို နောက်က ဗိုလ်ချုပ်တွေက ကြိုးကိုင်ထားတဲ့ ပါတီဆိုတာမျိုး၊ ရခိုင် သမတ္တနိုင်ငံ ထူထောင်မယ် ဆိုတဲ့ အချက်ကြီးပေါ့ဗျာ အဲဒီ ပုဒ်မတွေကို ဇောင်းပေးပြီးတော့ သူတို့ သက်သေတွေရဲ့ ထွက်ချက်တွေကို အခြေခံပြီးတော့ ဆုံးဖြတ်တယ်လို့ သိရပါတယ်။”
ဒီလိုအရေးနိမ့်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အာမခံ ငွေ ၁၀ သိန်း တင်ပြပြီး အယူခံ လျောက်လွှဲချက်တွေကိုလည်း တလအတွင်း ထပ်တင်ဖို့ ရှိနေပါသေးတယ်။
“၁၅ သိန်း လျော်ရမယ်။ မတရားဘူး အယူခံမယ် ဆိုရင်လည်း ထပ် ၁၀ သိန်း တင်ရမယ် ဆိုတော့ နည်းနည်းတော့ ကျနော်တို့ ဘက်က ရင်းရတာတော့ များသွားမှာပေါ့။ ပြီးတော့ ခုံရုံးကလည်း အဲဒီ ခုံရုံးကိုပဲ ပြန်တင်ရမယ် ဆိုတော့လေ ကျနော်တို့ဘက်က နိုင်ချေကတော့ နည်းတယ်လို့ ကျနော် ယူဆတယ်ဗျာ။ ဒါပေမဲ့ပေါ့ဗျာ ဥပဒေ လမ်းကြောင်းအရ ကျနော်တို့ဘက်က ရှေ့နေရှေ့ရပ်တွေနဲ့ ပြန်ပြီးတော့ ခုခံသွားမှာပါ။ နောက်ပြီးတော့ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေကိုလည်း ကျနော်တို့ တတ်နိုင်သလောက် ပြန်ပြီး တင်ပြမယ်လို့ လူကြီးတွေကတဆင့် သိရပါတယ်။”
အမှုတွေကို ဒီလိုစီရင်ချက်ချခဲ့တဲ့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်အနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အသိအမှတ်မပြုရာကျပြီး ဒါကို ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့လည်း ဦးဖေသန်းက ဝေဖန်လိုက်ပြန်ပါတယ်။
“ပြည်သူတွေ ကျနော်တို့ပါတီကို တက်တက်ကြွကြွ ထောက်ခံကြတဲ့ ဒီအပေါ်မှာ ကျနော်တို့ကတော့ ပြည်သူ့အားကိုပဲ ယုံကြည်ပါတယ်။ ဒီဟာက အမှန်တရားလည်း ဖြစ်တယ်လို့ ကျနော်ယူဆပါတယ်။ ဒါပေမယ့် ခုံရုံးက အဲဒါတွေကို ဖြစ်ပြီးတဲ့ နောက်မှာ စဉ်းစားနိုင်လိမ့်မယ်လို့ ကျနော်ယူဆတယ်လေ။ ကျနော်တို ပြည်သူတွေ ဘက်ကတော့ တက်တက်ကြွကြွပဲ အမြဲအားပေးကြပါတယ် ဒါ အမှန်တရားပါပဲ။”
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးဟာပါတီဟာ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ၄၄ နေရာစာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၃၅ ဦးအနိုင်ရရှိခဲ့ကာ ဒီထဲက ၉ ဦးကို ကြံ့ခိုင်ရေးပါတီက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ တရားစွဲဆိုခံရတဲ့ ကိုယ်စားလှယ် ၉ ဦးထဲက ၆ ဦးက အနိုင်ရခဲ့ပြီး အခု ၃ ဦးက ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
Leave a Reply