အံ့ဘုန်းမြတ် (၆ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ)
ဒီကနေ့မနက်ပိုင်း ပုပ္ပါးဒေသကို သွားရောက်လေ့လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေ့ခင်းပိုင်း ပုဂံဟိုတယ်ကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။
အစပိုင်းက ညောင်းဦးဈေးကို ၀င်ရောက်ဖို့ ရှိပေမယ့်လည်း ရာသီဥတုပူပြင်းတာကြောင့် အစီအစဉ်ကို ဖျက်ပြီး ပြန်လည် အနားယူနေတာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေး လိုက်ပါဆောင်ရွက်ပေးနေသူတဦးက အခုလို ပြောပြပါတယ်။
“မ၀င်ဖြစ်ဘူးဗျ။ ညောင်ဦးဈေးက လျှောက်လမ်းလေးတွေ ကျဉ်းပြီးတော့ နယ်ဈေးကလေးတွေ ထုံးစံအတိုင်း အထဲမှာ မှောင်အိုက်အိုက်ကလေး ဖြစ်နေတယ်။ အဲလိုမျိုးကြောင့် မသွားဖြစ်တာထင်တယ်။ နောက် အန်တီလည်း ပင်ပန်းသွားတာ ဖြစ်နိုင်တယ်။ ကျနော်တို့ ဒီနေ့ထွက်တာ နောက်ကျပြီး ပြန်တော့ နေကောင်းကောင်းပူနေပြီ။ ရန်ကုန်တို့လို မဟုတ်ဘူး။ ရန်ကုန်မှာ မိုးမရွာတာ အများကြီးနေသာတယ်။ ဒီဘက်မှာက အရမ်းပူတယ်။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကိုထိန်လင်း တို့ပါဝင်တဲ့ အဖွဲ့ဟာ ပုပ္ပါးကအပြန် ပုဂံအ၀င်မှာ နေလယ်စာ စားသုံးစဉ် ဒေသခံပြည်သူတွေက လာရောက် အားပေးမှုတွေလည်း ရှိခဲ့ပါတယ်။
ဒါတွေနဲ့ပတ်သက်ပြီး ခရီးစဉ်မှာ လိုက်ပါသတင်းယူနေတဲ့ သတင်းထောက်တဦးက အခုလို ပြောပြပါတယ်။
“ပုဂံနားမှာရှိတဲ့ လမ်းဘေးဆိုင်လေး တဆိုင် မန်ကျည်းပင်အောက်မှာ ရှိတယ်။ အဲဒီဆိုင်လေးမှာ သူ ထမင်းဝင်စားတယ်။ အဲမှာ သူ ထမင်းစားတယ်ဆိုတဲ့ သတင်းလည်း ကြားရော ပရိသတ်က ထိန်းမရတော့ဘူး။ ရုပ်ရှင်ကြည့်ပရိသတ်ထက်များတယ်။ ဆိုင်ကယ်တွေနဲ့ ရောက်လာတယ်။ ထမင်းစားနေတော့ ခဏရပ်နေကြတယ်။ စားလို့ပြီးတော့ အကုန်လုံး ၀ိုင်းပြီး နှုတ်ဆက်ကြတယ်။ မနည်းတားပြီး ပြန်ထွက်လာရတယ်။ ကျန်းမာပါစေဆိုပြီး တယောက်က အော်သလိုလုပ်လိုက်သေးတယ်။ အန်အယ်လ်ဒီပါတီဝင်တွေက လှမ်းတားတယ်၊ ဒါဟာ လုပ်ရမယ့်အချိန်မဟုတ်ဘူးပေါ့။ ဘာလို့လဲဆိုတော့ ဒါမလုပ်ရဘူးလေ။ အဲလိုအော်လိုက်လို့ တခုခုဖြစ်တယ်ဆိုရင် တဖက်လူလည်း မကောင်းဘူး။ ခဏလေးအတွင်းမှာ လူက သုံးလေးဆယ် ဖြစ်သွားတယ်။ အများကြီး ရုတ်တရက်ရောက်လာတော့ ဘာလုပ်ရမှန်းမသိဘူး ဖြစ်သွားတယ်။ ဘောပင်တွေနဲ့ အင်္ကျီတွေဘာတွေမှာ လက်မှတ်ထိုးခိုင်းတဲ့သူနဲ့ ဦးထုပ်တွေမှာ လက်မှတ်ထိုးခိုင်းတဲ့ ကောင်မလေးတွေနဲ့ အဲလိုဖြစ်တာ။ ထမင်းစားတဲ့အချိန်မှာ အားလုံးကလည်း ဓာတ်ပုံမရိုက်ပါနဲ့ လွတ်လွတ်လပ်လပ်စားပါစေဆိုပြီး။”
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ပိုင်းမှာတုန်းက ပုဂံအနီးရှိ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဒေသက ထင်ရှားတဲ့နေရာအချို့နဲ့အတူ သစ်တောရေးရာဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ ပညာပေးပြခန်းတွေကို သွားရောက် လေ့လာခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒီကနေ့ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို သားငယ် ကိုထိန်လင်းက ပုဂံဟိုတယ်မှာ ဟင်းလျာချက်ပြုတ်ကျွေးမွေးဧည့်ခံဖို့ အစီအစဉ်တွေ ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မြို့တော်ဖြစ်တဲ့ ပုဂံမြို့ဟောင်းကို ၁၉၈၈ ခုနှစ်က တကြိမ်သာ ရောက်ရှိခဲ့ဖူးပြီး ရက်ရှည်ဘုရားဖူးခရီးအဖြစ် အခုအကြိမ်က ပထမဆုံးအနေနဲ့ အကြာဆုံးလာရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂံမြို့ဟောင်းကို ဒီလ ၄ ရက်နေ့က စတင်ရောက်ရှိခဲ့တာဖြစ်ပြီး မနေ့ကတော့ အနန္ဒာ၊ သဗ္ဗညု၊ မြစေတီနဲ့ မနူဟာဘုရားတွေကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။
အခုလို ဒေါ်အောင်ဆန်းဆုကြည်အနေနဲ့ ဒီခရီးစဉ်မှာ လွတ်လပ်စွာသွားလာနိုင်ပြီး ပြည်သူတွေနဲ့ တွေ့ဆုံခွင့်ရတဲ့အပေါ် အမေရိကန် အစိုးရက မြန်မာနိုင်ငံရဲ့ အလားအလာကောင်းအဖြစ် ကြိုဆိုထားပါတယ်။
ဒါပေမယ့် မြန်မာအစိုးရရဲ့ အာဏာပိုင်အဆင့်ဆင့်ကတော့ ဒေသခံပြည်သူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မကြိုဆိုဖို့၊ အားမပေးဖို့ ဖိအားပေးခြိမ်းခြောက် ဟန့်တားမှုတွေလည်း ရှိခဲ့ပါတယ်။
Leave a Reply