အံ့ဘုန်းမြတ် (၆ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ)
မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်မြို့တော် ပုဂံမြို့ဟောင်းကို သားငယ် ကိုထိန်လင်းနဲ့အတူ ဘုရားဖူး ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုပ္ပါးဒေသကို သွားရောက်လေ့လာခဲ့ပါတယ်။
ပုဂံအနီးရှိ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ပုပ္ပါးဒေသက ထင်ရှားတဲ့နေရာအချို့နဲ့ သစ်တောရေးရာဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ ပညာပေးပြခန်းတွေကို သွားရောက်လေ့လာခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ဟာ တည်းခိုရာ ပုဂံဟိုတယ်ကနေ ဒီကနေ့မနက် ၉ နာရီကျော်မှာ စထွက်ခွာပြီး ဗျတ္တပန်းဆက်လမ်းကနေ အဲ့ဒီကို သွားရောက်ခဲ့ကြတာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုံခြုံရေးအဖွဲ့ ကားတွေနဲ့အတူ ပြည်တွင်းပြည်ပမီဒီယာတွေရဲ့ ကားတွေ အပါအ၀င် စုစုပေါင်း ကား ၁၀ စီးလောက် ပါဝင်ခဲ့ပါတယ်။
ဒီခရီးစဉ်အခြေအနေနဲ့ပတ်သက်ပြီး ခရီးစဉ်မှာ လိုက်ပါလာတဲ့ အဖွဲ့ချုပ် လူငယ်တဦးက အခုလို ပြောပြပါတယ်။
“ပုပ္ပါးမှာ တနာရီကျော်ကျော်လောက်တော့ ကြာမယ်ထင်ပါတယ်။ တောင်ပေါ်တော့ မတက်ဖြစ်ဘူး။ အဓိကက ပုပ္ပါးမှာ သစ်တောရေးရာဝန်ကြီးဌာန ဖွင့်ထားတဲ့ ပညာပေးပြခန်းမှာ တော်တော်ကြာတယ်။ ပြတိုက်လည်း ရှိတယ်။”
အဲဒီပြတိုက်က တာဝန်ရှိသူတွေကရော လိုက်ပြီး ရှင်းပြတာတွေ ရှိလား။
“ပြတိုက်က တာဝန်ရှိသူတွေအကုန်လုံးလည်းပါတယ်။ အကုန်လုံး လှိုက်လှိုက်လှဲလှဲ လေးလေးစားစား ရှိပါတယ်။ ဒေသခံတွေနဲ့တော့ အခုမနက်ခရီးစဉ်မှာ ထိတွေ့တာတွေ မရှိဘူး၊ ပုပ္ပါးတောင်ကလပ်အထိ မရောက်တော့။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကိုထိန်လင်းဟာ နေ့လယ်ပိုင်း ပုဂံကို ပြန်ရောက်ရင် ညောင်ဦးဈေးကို ၀င်ဖို့ရှိတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပုဂံဘုရားဖူး ခရီးစဉ်မှာ လွတ်လပ်စွာ သွားလာနိုင်ပြီး ပြည်သူတွေနဲ့ တွေ့ဆုံခွင့်ရတဲ့အပေါ် အမေရိကန် အစိုးရက မြန်မာနိုင်ငံရဲ့ အလားအလာကောင်းအဖြစ် ကြိုဆိုထားပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဗစ်တိုရီယာ တိုရီယာ နူလန် (Victoria Toria Nuland) အင်္ဂါနေ့ကလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ခရီးစဉ်အတွင်းမှာတော့ အာနန္ဒာ၊ သဗ္ဗညု၊ မြစေတီနဲ့ မနူဟာဘုရားတွေကို မနက်ပိုင်းမှာ သွားရောက်ဖူးမြော်ခဲ့ပြီး ညနေပိုင်းမှာတော့ တည်းခိုရာ ပုဂံဟိုတယ်မှာ အနားယူခဲ့ပါတယ်။
ဒီခရီးစဉ်အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့မိသားစုခရီးစဉ်ဖြစ်တဲ့အတွက် သူ့အနေနဲ့ လွတ်လွတ်လပ်လပ်ရှိချင်တဲ့အကြောင်း ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို အသိအမှတ်ပြုလေးစားဖို့ သတင်းထောက်တွေနဲ့ မနက်ပိုင်း တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။
Leave a Reply