အံ့ဘုန်းမြတ် (၅ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ)
မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ်မြို့တော် ပုဂံမြို့ဟောင်းကို သားငယ် ကိုထိန်လင်းနဲ့အတူ မိသားစု ဘုရားခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို အသိအမှတ်ပြုလေးစားဖို့ ပြောကြား လိုက်ပါတယ်။
ဒီကနေ့မနက် အာနန္ဒာဘုရားကို မူးမျှော်ကြည်ညိုအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပုဂံဘုရားဖူး ခရီးစဉ်ကို လိုက်ပါ သတင်းယူနေတဲ့ သတင်းထောက်တဦးက အခုလို ပြောပြပါတယ်။
“အာနန္ဒာကထွက်တော့ သတင်းထောက်တွေကို တွေ့တဲ့အချိန်မှာ ဘာမေးမလဲဆိုပြီး ရပ်ပြီးစကားပြောတယ်။ အဲ့ဒီလို ပြောတဲ့နေရာမှာ ဒီခရီးစဉ်က သူရဲ့ ကိုယ်ရေးကိုယ်တာ ဘုရားဖူးခရီးပါတဲ့။ နိုင်ငံရေးခရီးစဉ်မဟုတ်ပါဘူးတဲ့။ အပျော် လေ့လာရေးထွက်တဲ့ သဘောမျိုးဖြစ်တဲ့အတွက်ကြောင့် လွတ်လွတ်လပ်လပ်ထွက်လာရတာ ဖြစ်တဲ့အတွက်ကြောင့် စိတ်လည်း ပျော်ပါတယ်တဲ့။ တခြား ဘယ်မှသွားဖို့ အစီအစဉ်လည်း မရှိဘူးပေါ့နော်။ မကွေး၊ ပုပ္ပါးတို့ ဘာတို့လည်း သွားဖို့ အစီအစဉ်မရှိပါဘူးတဲ့။ ၈ ရက်နေ့ ပြန်မှာပါတဲ့။ ဒါပေမယ့် သူ့ဟာသူ လွတ်လွတ်လပ်လပ် private ခရီးစဉ်လေး ဖြစ်တဲ့အတွက်ကြောင့် privacy လေး လိုချင်ပါတယ်လို့ ပြောပါတယ်။ အဲအဓိပ္ပာယ်ရဲ့ စကားကတော့ နောက်ကနေ ရုန်းရုန်း ရုန်းရုန်းလိုက်တာ သူသိပ်မကြိုက်ဘူးနဲ့ တူပါတယ်။”
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြီးဆုံးသွားတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီးတော့လည်း အနိုင်ရ ဖွေ့ထိုင်းပါတီရဲ့ ခေါင်းဆောင် ထိုင်းနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာမယ့် မစ္စရင်လတ်ရှင်နာဝတ် လက်ထက်မှာ နှစ်နိုင်ငံဆက်ဆံရေး လက်ရှိအခြေအနေထက် ပိုမိုကောင်းမွန်လာဖို့ မျှော်လင့်တယ်လို့လည်း သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ပြန်လည် ဖြေကြားခဲ့ပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ပိုင်း သူ့ရဲ့ပုဂံဘုရားဖူးခရီးစဉ်ထဲမှာတော့ အာနန္ဒာ၊ သဗ္ဗညု၊ မြစေတီနဲ့ မနူဟာဘုရားတွေကို သွားရောက်ဖူး မျှော်ခဲ့ပါတယ်။
ဒီခရီးစဉ် မတိုင်ခင်က ဒေသခံအာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို အားမပေးဖို့ ဘုရားဂေါပကအဖွဲ့တွေ အပါအ၀င် ဒေသခံတွေကို ချိန်းခြောက် ဖိအားပေး ပိတ်ပင်ထားတဲ့ကြားက ဒေသခံတွေ အများအပြားလာရောက် အားပေးခဲ့ကြပါတယ်။
ဒီကနေ့ ဘုရားဖူးခရီးစဉ်အတွင်း ပုဂံဒေသခံတွေရဲ့ အားပေးမှုတွေကိုလည်း သူမြင်တွေ့ခဲ့ရတဲ့အတိုင်း သတင်းထောက်က အခုလို ပြောပါတယ်။
“အကုန်လုံးကြည့်ရတာ ရှင်းထားပုံရတယ်။ ဒါပေမယ့် မနူဟာဘုရားမှာတော့ လူတော်တော်များတယ်။ လူတွေက တချို့ လာလာကြည့်တယ်။ လာကြည့်ပေမယ့် သူတို့ မ၀ံ့မရဲဘူး ကြောက်တယ်။ ကြောက်တယ်ဆိုတာက သူတို့ပြန်သွားရင်များ တခုခုဖြစ်မလားဆိုပြီး ကြောက်တယ်နဲ့တူပါတယ်။ နောက်ဆုံး ဖူးတဲ့ မနူဟာဘုရားလည်း ရောက်ရော ကောင်မလေးနှစ်ယောက်က ပန်းစည်းလေးကိုင်ပြီး သွားပေးတယ် ဘုရားလှူဖို့ပေါ့။ သူဘုရားမှာ လှူပေးလိုက်တယ် ပန်းအိုးထဲထည့်ပြီး။ အဲဒါလည်း လူတွေက တော်တော်လာကြည့်နေကြတယ်။ အဲမတိုင်ခင်က မြစေတီကျောက်စာမှာ ကတည်းက လူတွေက အကဲစမ်းပြီး လာကြည့်နေကြတယ်။ ပြန်မယ်ပြန်မယ်ပေါ့ နည်းနည်းကြောက်တာကိုး။ ဘာဖြစ်လဲတဲ့ ကြည့်လို့ရပါတယ်တဲ့ဆိုပြီး ကြည့်ကြတာ။ အဲဒီကနေစပြီး ၀ိုင်းပြီးနှုတ်ဆက်ကြတာ။ အန်တီနေကောင်းလားတို့၊ တချို့ဆို တကယ့်ကို နာမည်ကြီး မင်းသမီးတယောက်လာသလိုပဲပေါ့။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်ဟာ နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း ပထမဆုံး ရန်ကုန်ပြင်ပခရီးစဉ်တခုဖြစ်သလို သူ့ရဲ့ ဒီခရီးစဉ်အပေါ် ၂၀၀၃ ခုနှစ် စစ်ကိုင်းတိုင်း ဒီပဲယင်းလုပ်ကြံမှုလို ထက်မံကြုံတွေ့လာရမှာကို မြန်မာပြည်သူတွေ၊ နိုင်ငံရေးလောကသားတွေနဲ့အတူ နိုင်ငံတကာကပါ အထူးစိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။
Leave a Reply