အံ့ဘုန်းမြတ် (၃၀ ဇွန် ၂၀၁၁) (ဒီဗွီဘီ)
မြန်မာတိုင်းမ်ဂျာနယ် တည်ထောင်သူဖြစ်သလို အမှုဆောင်အရာရှိချုပ်ဟောင်းလည်း ဖြစ်တဲ့ သြစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလေကို တရားရုံးက ဒီကနေ့ ထောင်ဒဏ်တလနဲ့ ကျပ်ငွေတသိန်း ဒဏ်ရိုက်ပြီး အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။
တရားလို မခိုင်ဇာလင်းက ဆွဲဆိုထားတဲ့ နာကျင်စေမှုပုဒ်မတွေနဲ့ ထောင်ဒဏ် ၁ လနဲ့အတူ လူဝင်မှုကြီးကြပ်မှုရေး ဥပဒေပုဒ်မတွေနဲ့ ကျပ်ငွေတသိန်းကို ကမာရွတ်မြို့နယ် တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
ဒီကနေ့ စီရင်ချက်တွေနဲ့ ပတ်သက်ပြီး မြန်မာတိုင်းမ်ဂျာနယ်ရဲ့ ရှေ့နေ ဦးမင်းစိန်က အခုလို ပြောပြပါတယ်။
“သူ့ကိုက မိန်းကလေးကို နာကျင်စေမှု၊ သာမန်နာကျင်စေမှုနဲ့ ပုဒ်မ ၃၂၃ နဲ့ ထောင်ဒဏ် တလ ချမှတ်လိုက်တယ်။ ဒါပေမယ့် သူက ချုပ်ရက် ၄၄ ရက်ရှိတော့ ချုပ်ရက်ထဲက ထုတ်နုခံစားခွင့်ပြုပြီးတော့ သူက ထောင်ထဲ မ၀င်ရဘူး။ နောက်တခါ လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃/၁ ကျူးလွန်တယ်ဆိုပြီး ဒဏ်ငွေ ၁ သိန်းရိုက်ပါတယ်။ သူ့ကို ပထမစွပ်စွဲထားတဲ့ မတရားချုပ်နှောင်တယ်တို့၊ နောက် မိန်းကလေးကို မူးယစ်ဆေးတိုက်တယ်ဆိုတဲ့ ဟာတွေကိုတော့ ရုံးက မထင်ရှားဘူးလို့ ဆုံးဖြတ်တယ်။”
မစ္စတာရော့စ်ဒန်ကလေးကို အပြင်းအထန် နာကျင်စေမှု၊ အနိုင်ပြုကျင့်မှု၊ မတရားချုပ်နှောင်မှုနဲ့ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေတွေနဲ့ ကမာရွတ်မြို့နယ် ရဲစခန်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်း ကတည်းက စတင်ဖမ်းဆီး စစ်ဆေးနေတာဖြစ်ပြီး လေးလကျော်အကြာ ဒီလ ၃၀ ရက်နေ့မှာ တရားရုံးက စီရင်ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
မစ္စတာဒန်ကလေကို လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် လဝက ပုဒ်မ ၁၃ (၁) ၊ မခိုင်ဇာလင်းကို အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၃ ၊ နာကျင်စေရန် ကြံရွယ်ချက်ဖြင့် မူးယစ်ဆေးဝါးကို တိုက်ကျွေးတဲ့ ပုဒ်မ ၃၂၈ ၊ လက်ရောက်ကျူးလွန် ခြင်း ပုဒ်မ ၃၅၂ နဲ့ သွားလာပိုင်ခွင့်ကို မသွားလာနိုင်အောင် ပိတ်ပင်တဲ့ ပုဒ်မ ၃၄၁ စတဲ့ ပုဒ်မတွေနဲ့ အစိုးရနဲ့ တရားလို မခိုင်ဇာလင်းတို့က ဖေဖေ၀ါရီလ ၂၀ ရက်နေ့မှာ စတင် တရားဆွဲဆို ဖမ်းဆီးပြီး အင်းစိန်အကျဉ်းထောင်မှာ ချုပ်နှောင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက် ကမာရွတ်မြို့နယ်တရားရုံးမှာ အာမခံ ၂ ကြိမ် ပြန်လည် လျှောက်ထားခဲ့ရပြီး ၆ ကြိမ်မြောက်ရုံးချိန်း မတ်လကုန်မှာ ကျပ်သိန်း ၅၀ ကို အာမခံအတွက် တင်ပြထားရှိပြီး ရရှိခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ တရားလို မခိုင်ဇာလင်းက အမှုကိုပြန်လည် ရုပ်သိမ်းခဲ့ပေမယ့် အစိုးရက တရားလိုအဖြစ် ဆက်လက် စစ်ဆေးကြားနာပြီး အခုလို စီရင်ချက် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
သူ အင်းစိန်ထောင်မှာ တလကျော် ဖမ်းဆီးစစ်ဆေးခံနေရတဲ့ အချိန်မှာပဲ မြန်မာတိုင်းမ်ဂျာနယ်ကို ထုတ်ဝေနေတဲ့ မြန်မာကွန်ဆိုလီဒိတ်တက် မီဒီယာကုမ္ပဏီရဲ့ ပြည်တွင်းနဲ့ပြည်ပ အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်တဲ့ စွယ်စုံမီဒီယာမှ ဒေါက်တာတင်ထွန်းဦးနဲ့ ဇနီး ဒေါက်တာခင်မိုးမိုးတို့က လွှဲပြောင်းရယူခဲ့ပါတယ်။
ဒီလွှဲပြောင်းမှုတွေနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ မီဒီယာလောကမှာ ဝေဖန်မှုတွေလည်း အမျိုးမျိုး ထွက်ပေါ်ခဲ့ရပါတယ်။ မြန်မာကွန်ဆိုလီဒိတ်တက် မီဒီယာကို မြန်မာပြည်မှာ ၂၀၀၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့ပြီး ဒီကုမ္ပဏီကနေ မြန်မာတိုင်း(မ်) အပတ်စဉ်ဂျာနယ်ကို မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာများအပြင် Crime Journal နဲ့ NOW! အပတ်စဉ်ထုတ် မဂ္ဂဇင်းတွေကိုလည်း ထုတ်ဝေနေပါတယ်။
Leave a Reply