Archive for

အာဇာနည်နေ့တွင် မန္တလေးအဖွဲ့ချုပ်လူငယ်များ ပညာဒါနမပြုရဟု အာဏာပိုင်များ ပိတ်ပင်


အံ့ဘုန်းမြတ် (၁၈ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ)

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်တွေက အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ မိဘမဲ့ကလေးသူငယ်တွေကို ပညာဒါနနဲ့ အစာအဟာရ ကျွေးမွေး လှူဒါန်းမယ့် အစီအစဉ်ကို မြို့နယ်အာဏာပိုင်တွေ ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

မန္တလေး အဖွဲ့ချုပ်လူငယ်တွေက မနက်ဖြန်မှာ ကျရောက်မယ့် ၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ ချမ်းအေးသာဇံမြို့နယ်ရှိ ငါးစုတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက မိဘမဲ့ကလေးသူငယ်တွေကို အစာအာဟာရနဲ့ ပညာဒါနပြုမယ့် အစီအစဉ်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပိတ်ပင်မှု ပြုလုပ်ခဲ့တာပါ။

ဒါနဲ့ပတ်သက်ပြီး မန္တလေးတိုင်းအဖွဲ့ချုပ် လူငယ်တာဝန်ခံတဦးက အခုလိုပြောပြပါတယ်။

“ကျနော်တို့က ချမ်းအေးသာဇံမြို့နယ် လမ်း ၃၀ နဲ့ ၆၂လမ်းမှာ ရှိတဲ့ ငါးစုတိုက်မှာ လူငယ်တွေကနေ ထမင်းကျွေးပြီးတော့ ကလေးတွေအတွက် အ၀တ်အစား ဝေဖို့စီစဉ်ထားတာပါ။ ကျနော်တို့ အန်အယ်လ်ဒီအနေနဲ့ ကျွေးမယ်ဆိုရင် ကျောင်းမှာ ခွင့်မပြုနိုင်ဘူးဆိုပြီး ကျောင်းက ဒုတိယကျောင်းအုပ် ဦးခေမာကို လာပိတ်သွားတာလို့ ပြောပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကလို့ ပြောပါတယ်။ ချမ်းအေးသာဇံမြို့နယ်ပေါ့။ လျှောက်ထားတာတော့ လွန်ခဲ့တဲ့ တပတ်လောက်က ကြိုလျှောက်ထားတာ။ ကျနော်တို့ကို ဆရာတော် ဒုတိယ ကျောင်းအုပ်က လက်ခံထားတာပါ။ ဒီနေ့ငွေသွားသွင်းမယ်လုပ်တဲ့ အချိန်မှာ ဒီလိုဒီလိုပဲ လာပိတ်သွားတယ်။ ဆက်လုပ်လို့ မရတော့ပါဘူး။ ကျွေးလို့မရတော့ဘူး ဆိုပြီး လှမ်းပြီး ပိတ်လိုက်တယ်။”

ဒီလို ပိတ်ပင်ခဲ့တဲ့အပေါ်ကိုလည်း သူက အခုလို ဆက်ပြောပါတယ်။

    “ဘာသာရေး ချိုးဖောက်မှုလား၊ ကလေးတွေရဲ့ အခွင့်ရေးကို ချိုးဖောက်တယ်လို့ပဲ ပြောရမလား မသိဘူး။ ကျနော်တို့က တစ်အချက်က ကလေးတွေကို ပညာသင်ပေးနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ပညာသင်ရတဲ့ မိဘမဲ့ကလေးတွေကို အာဟာရဖြစ်စေချင်လို့ အာဟာရကျွေးမွေးတဲ့ သဘောပါ။ အ၀တ်အစားအသစ်တွေ ဝေငှဖို့လည်း စီစဉ်ထားတယ်။ ကလေးတွေကို ပေးကမ်းကြတဲ့ အလှူဒါနလုပ်တဲ့ဟာကို ပိတ်ပင်တာတော့ မကောင်းဘူး။ မတရားသဖြင့် ကလေးတွေရဲ့ အခွင့်အရေးတွေ ကလေးတွေရဲ့ အာဟာရ ချို့တဲ့မှုတွေကို ပစ်ပယ်တယ်လို့ ယူဆတယ်။ ဒီမိုကရေစီ စနစ်လမ်းကြောင်းသွားတာ မဟုတ်ဘူးဆိုတာ ပေါ်လွင်နေတာပေါ့။”

မနက်ဖြန်မှာ ကျရောက်မယ့် အာဇာနည်နေ့ အခမ်းအနားကိုတော့ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရုံးမှာ ဆွမ်းကပ်လှူဒါန်းမယ့် အစီအစဉ်တွေနဲ့ ဆရာကိုလေး (အင်းဝဂုဏ်ရည်)ရဲ့ အာဇာနည်နေ့ စာပေဟောပြောပွဲပါ ကျင်းပပြုလုပ်ဖို့လည်း ရှိနေပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းထဲက မတ္တရာ၊ မြင်းခြံ၊ မိထ္ထီလာစတဲ့ မြို့တွေမှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေက ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပပြုလုပ်ဖို့ ရှိနေကြပါတယ်။

Advertisements

အာဇာနည်နေ့ အခမ်းအနား နိုင်ငံရေးပါတီများကို ဖိတ်ကြားခြင်းမရှိ


အံ့ဘုန်းမြတ် (၁၈ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ)

ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၄ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ နိုင်ငံရေးပါတီတွေကို တက်ရောက်ဂါရ၀ပြုဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖိတ်ကြားခြင်း မရှိပါဘူး။

မနှစ်ကတော့ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေကို အသိအမှတ်ပြု  ဖိတ်ကြားခဲ့ပေမယ့် ဒီနှစ်မှာတော့ ဖိတ်ကြားခြင်း မရှိတော့တာလို့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“ဒီနှစ်တော့ မဖိတ်ဘူး။ တက်ရောက်ချင်တဲ့သူတွေ အကြောင်းကြားပါဆိုပြီး သတင်းစာမှာ ပါတယ်။ သီးခြား ဖိတ်တာတော့ မရှိဘူး။”

ကြံ့ခိုင်ရေးပါတီရဲ့ ရန်ကုန်တိုင်း တာဝန်ခံမြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း ကတော့ နိုင်ငံရေးပါတီအားလုံးကို ဖိတ်ကြားမယ်လို့ ပြည်တွင်း မီဒီယာတွေမှာ ပြောကြားထားပေမယ့် အခုလို ဖိတ်ကြားခြင်း မရှိတော့တာလည်း ဖြစ်ပါတယ်။

ဒီလို အစိုးရအနေနဲ့ တာဝန်ခံဖိတ်ကြားတာမျိုး မရှိတဲ့အတွက် ပါတီအနေနဲ့ပဲ အာဇာနည်နေ့ အခမ်းအနားကို ကျင်းပမယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေကသ ဆိုပါတယ်။

“သူတို့က တက်ချင်ရင် စည်ပင်သာယာရုံးမှာ သွားပြီး ကိုယ့်ဘာသာကိုယ် လျှောက်ရမှာပေါ့နော်။ လျှောက်လွှာတင်ပြီးမှ လျှောက်တဲ့သူတွေက သွားတက်ပေါ့။ အဲလိုမျိုး ပြောပါတယ်။ သပ်သပ် မဖိတ်ဘူးဗျ။ ကျနော်တို့ မလျှောက်တော့ဘူးဗျာ။ မဖိတ်တော့လည်း မသွားဘူးပေါ့ဗျာ။ ကိုယ့်ပါတီမှာပါပဲ ကိုယ့်အခမ်းအနားနဲ့ကိုယ် လုပ်တော့မယ်။ မနက်ဖြန် ကျနော်တို့ ပါတီရုံးမှာ ပါတီဝင်တွေ စုပြီးတော့ အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ဟောပြောတာ၊ ဆွေးနွေးတာတို့ ရှိမှာပေါ့ဗျာ။”

တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အာဇာနည်နေ့ အခမ်းအနားကို တိုင်းဒေသကြီး အစိုးရအဆင့်ကပဲ ဦးဆောင်ပြုလုပ်ဖို့ စီစဉ်တာဟာ ရွေးကောက်ပွဲ အနိုင်ရ ကြံ့ခိုင်ရေး ပါတီအနေနဲ့ ဒီအခမ်းအနားအပေါ် အလေးအနက် မထားတာ ဖြစ်တယ်လို့လည်း ဦးသုဝေက ဝေဖန်ထားပါတယ်။

“ကျနော်တို့ အမြင်ကတော့ အာဇာနည်နေ့ဆိုတာ အားလုံးနဲ့ ပတ်သက်တဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုချင်ကြမှာပေါ့။ အားလုံးပြည်သူတွေက သွားပြီးတော့ အလေးပြုချင်ကြတဲ့ပုဂ္ဂိုလ်များကို ပြုနိုင်ပါတယ်။ စည်းကမ်းက ဘယ်လိုဆိုတာမျိုး ရှင်းပြရင် လူထုတွေက အများကြီး သွားတက်မှာပေါ့။ အခုတော့ တိုင်းမြူနီစပါယ်ကပဲ ဦးဆောင်ကျင်းပမယ်လို့ ဆိုတယ်။ ပြီးတော့ သူတို့ကလည်း သိပ်ပြီးတော့ လေးလေးနက်နက်ထားပုံမရဘူး သူတို့က။ ပြီးတော့ သူတို့စီစဉ်ပြီး လုပ်ပေးမှာပေါ့။”

အခြားပြည်တွင်း ဒီမိုကရက်တစ်အင်အားစုဝင် အချို့ကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ အာဇာနည်ဗိမာန်ကို လမ်းလျှောက်ချီတက်ပြီး ကျဆုံးခဲ့တဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂါရ၀ပြုဖို့ စီစဉ်ထားကြပါတယ်။

ရန်ကုန်မြို့မှာတော့ အာဇာနည်နေ့ နီးကပ်လာတာနဲ့အတူ လုံခြုံရေးတွေကိုလည်း အထူးတင်းကျပ်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဒီမိုကစီအင်အားစုများနှင့်အတူ အာဇာနည်ဗိမာန်သို့ ချီတက်ဂါဝရပြုမည်


အံ့ဘုန်းမြတ် ၁၈ ဇူလိုင် ၂၀၁၁ (ဒီဗွီဘီ)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်း ရေးမှူး ဒေါ်အောင်ဆန်းစုကြည်က မနက်ဖြန် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် (၆၄) နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားကို အဖွဲ့လူငယ်တွေ၊ လူငယ်ကွန်ရက်အဖွဲ့ဝင်တွေအပါဝင် ဒီမိုကရေစီအင်အားစု လူပုဂ္ဂိုလ် ၁၀၀ ကျော်နဲ့ အာဇာနည်ဗိမာန်ကို ချီတက်ဂါဝရပြုမှာ ဖြစ်ပါတယ်။

အဖွဲ့ချုပ်ရုံးမှာ မနက် ၁၁ နာရီကျင်းပ ပြုလုပ်မယ့် အာဇာနည်နေ့ အခမ်းအနားအပြီး အခုလိုချီတက် ဂါရပြုမှာဖြစ်ပြီး လက်ရှိအခြေအနေမှာတော့ သက်ဆိုင်ရာ အာဇာနည်နေ့ အခမ်းအနားကျင်ပရေးကော်မတီမှာ ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ အခမ်းအနားကို မနက် ၁၁နာရီမှာ စပါမယ်။ နောက် သဘာပတိက စကားပြောမယ်။ ဒေါ်အောင်ဆန်းစုကြည်က စကားပြောမယ်။ နေ့ခင်း ၁ နာရီလောက်ကျရင် ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေရယ်၊ အာဇာနည်ကုန်း သွားပြီးတော့ ဂါရ၀ပြုမယ်။ အခုလည်း လိုအပ်တဲ့ဟာတွေကို ကျင်းပရေးကော်မတီနဲ့ သွားတွေ့နေပါတယ်။ အဆင်ပြေမှာပါ။”

တိုင်းဒေသကြီးအစိုးရက ကျင်းပပြုလုပ်မယ့် အာဇာနည်နေ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂါရ၀ပြုဖို့ ဖိတ်ကြားထားပေမယ့် ချီတက်ဂါရပြုမယ့် အစီအစဉ်ကို အာဏာပိုင်တွေဘက်က ပိတ်ပင်တားဆီးတာတွေလည်း ပြုလုပ်လာနိုင်တဲ့ အခြေအနေမျိုးတွေလည်းရှိနေပါတယ်။ ဒီအပေါ်ကိုလည်း ဦးဥာဏ်ဝင်းက

“ကျနော်တို့ကတော့ ဖြစ်အောင်ကြိုးစားပါတယ်။ ဖြစ်အောင်စဉ်းစားပြီးတော့ အုပ်စုကြီးမျိုးမဟုတ်ဘူး။ လူ ၁၀၀ လောက်ပဲ သွားရောက်အလေးပြုဖို့ စီစဉ်တာပါ။ ဒါကလည်း အစိုးရကပြောသလိုမျိုး မဖြစ်အောင် ရှောင်ရှားတဲ့သဘောပါ။”

မနက်ဖြန် မနက်ပိုင်းမှာတော့ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးတို့လည်း နေအိမ်သီးခြားဆီ အာရုံဆွမ်းကပ်လှူမယ့် အစီအစဉ်တွေလည်းရှိနေပါတယ်။

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအပါအ၀င် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီအသီးသီးနဲ့ မြန်မာ့ဒီမိုကရေစီရေး အင်အားစုတွေကလည်း အာဇာနည်နေ့ အခမ်းအနားတွေ ကျင်းပပြုလုပ်ဖို့ အစီအစဉ်တွေ ရှိနေကြပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ထုတ် အစိုးရအာဘော် သတင်းစာတွေမှာတော့ အာဇာနည်နေ့ အခမ်းအနား တက်ရောက်ဖို့ ဖိတ်ကြားခံထားရတဲ့ ဧည့်သည်တော်တွေ လာရောက်နိုင်ဖို့ လမ်းအချို့ကို ဒီကနေ့ညနေ ၆ နာရီကနေ စတင်ပြီး မနက်ဖြန် မနက် ၁၀ အထိ ပိတ်ထားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

ဒါ့အပြင် အများပြည်သူတွေကို လုံခြုံရေးအတွက် ရှာဖွေစစ်ဆေးမှုတွေပြုလုပ်မှာ ဖြစ်တာကြောင့် ကြည်ဖြူစွာနဲ့ ပူးပေါင်းကူညီကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။ အများပြည်သူတွေအနေနဲ့ကတော့ နံနက် ၁၀ နာရီကနေစတင်ပြီး ညနေ ၄ နာရီအထိ လာရောက်ဂါရ၀ပြုနိုင်ကြောင်း ဖော်ပြထားပါတယ်။

ပြည်ပမီဒီယာများကို သတင်းမပို့ရန် ရန်ကုန်တိုင်း အစိုးရ၀န်ကြီးချုပ် ထပ်မံပိတ်ပင်


အံ့ဘုန်းမြတ် (၁၇ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ၀န်ကြီးချုပ်က ပြည်တွင်းသတင်း မီဒီယာသမားတွေအနေနဲ့ ပြည်ပအခြေစိုက် သတင်းဌာနတွေကို သတင်း မပို့ကြဖို့ ထပ်မံပိတ်ပင် ပြောကြားလိုက်ပါတယ်။

ဒီလ ၁၆ ရက်နေ့က ရန်ကုန်တိုင်းအစိုးရ ရုံးစိုက်ရာ ရန်ကုန်မြို့၊ ပြည်လမ်းမပေါ်က လွှတ်တော် အဆောက်အအုံမှာ ကျင်းပပြုလုပ်တဲ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားလိုက်တာပါ။

သတင်းမီဒီယာ တွေ့ဆုံပွဲကို အစိုးရအဖွဲ့အနေနဲ့ ပုံမှန်ပြုလုပ်ဖို့ အစီအစဉ် ရှိပေမယ့်  ပြည်ပမီဒီယာတွေက ထုတ်လွှင့်မှုတွေ ရှိနေတာကြောင့် ပုံမှန်မပြုလုပ်နိုင်တာဖြစ်ပြီး သတင်းမီဒီယာ သမားတွေအနေနဲ့လည်း ပြည်ပမီဒီယာတွေကို သတင်းမပေးပို့ဘဲ ဆင်ခြင်ကြဖို့ ၀န်ကြီးချုပ်က သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

ʺပြင်ပ မီဒီယာကို ဘယ်သူပို့သလဲဆိုတာ ဒီမှာ လာတက်တဲ့သူတွေထဲကပဲ ပို့တာပဲ။ ဒီထဲက လူတွေ မပို့ရင် ဘယ်သူမှ ပို့စရာအကြောင်း မရှိဘူး။ သူတို့လည်း မီဒီယာတွေ့ဆုံပွဲကို တက်ရတာ မဟုတ်ဘူး။ မီဒီယာတွေ့ဆုံပွဲကို တက်ခွင့်ရတဲ့ ဒီထဲက ပုဂ္ဂိုလ်တွေ ဒါမျိုးလေးတွေကို ဆင်ခြင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကလည်း မကြာမကြာ လုပ်မယ့်နေရာ ဒီလိုမျိုး နေရာဒေသ အပိုင်းအခြားနဲ့ မကြာခဏ လုပ်ရင် မကြာခဏ ပိုပြီးတော့ ပါလာမယ့်သဘောတွေ ရှိတယ်။ ဒါကြောင့် ကျနော်တို့ နည်းနည်း ကျဲသွားတဲ့သဘောပဲ။ ဒါပါပဲ။ʺ

ဒါ့အပြင် ပြည်တွင်းပြည်ပမီဒီယာတွေအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ထုတ်ဖော် ပြောဆိုမှုတွေကို ပြန်လည် တင်ပြကြတဲ့နေရာမှာလဲ ပြည်သူတွေအပါအ၀င် ပြည်ထောင်စုအစိုးရကပါ အထင်အမြင် လွဲမှားမှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့ပြန်ပါတယ်။

ʺပြီးခဲ့တဲ့ အကြိမ်နဲ့ နည်းနည်းတော့ ခြားသွားတယ်။ ဒီလိုခြားသွားတဲ့ အကြောင်းကလည်း အလုပ်မအားတာတွေလည်း ပါပါတယ်။ နောက်ပြီးတော့လည်း ကျနော်တို့ တိတိကျကျ ပြောကြားနေတဲ့ဟာတွေကို သိရဲ့သားနဲ့သော်လည်းကောင်း၊ မသိလို့သော်လည်းကောင်း၊ မှားပြီးတော့သော်လည်းကောင်း ရေးလိုက်တဲ့ဟာတွေက ပြည်သူလူထု အထင်အမြင် လွဲသွားနိုင်တယ်။ နောက် ကျနော်တို့ရဲ့ ပြည်ထောင်စုအစိုးရအပေါ်မှာ ကျနော်တို့ ပြောဆိုထားတာတွေ အထင်အမြင် လွဲမှားစရာတွေ ဖြစ်လာနိုင်တဲ့ အနေအထားတွေ တွေ့ရတယ်။ʺ

ဒီသတင်းမီဒီယာတွေ့ဆုံပွဲမှာ ပြည်တွင်းထုတ် သတင်းဂျာနယ်တွေက အယ်ဒီတာချုပ်တွေ၊ တာဝန်ခံအယ်ဒီတာတွေ တက်ရောက်ခဲ့ပြီး သတင်းဂျာနယ် အချို့ကတော့ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ၀ါဒဖြန့်ချိရေးအတွက် သတင်းမီဒီယာတွေကို အသုံးချနေတာကြောင့် မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီသတင်းမီဒီယာ တွေ့ဆုံပွဲမှာတော့ လွန်ခဲ့တဲ့ တလက ကြိုတင်တင်ပြထားရတဲ့ မေးခွန်းတွေကိုပဲ အစိုးရအဖွဲ့က ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် သတင်းမီဒီယာသမားတွေကို ရန်ကုန်တိုင်းအစိုးရနဲ့ ဆိုင်တဲ့ မေးခွန်းတွေပဲ မေးမြန်းဖို့ ကန့်သတ်ခဲ့ပြန်ပါသေးတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ အာဏာလွှဲပြောင်းရယူခဲ့ပြီး နောက်ပိုင်း မီဒီယာ တွေ့ဆုံပွဲတွေကို နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ပထမဆုံး မေလ ၁၀ က တွေ့ဆုံပွဲမှာ သတင်းမီဒီယာ ၆၀ ကျော်နဲ့ ဒုတိယ မေလ ၁၇ ရက်နေ့မှာ သတင်းမီဒီယာ ၄၀ ကျော် တက်ရောက်ခဲ့ပြီး ဒီလ ၁၆ ရက်နေ့မှာတော့ သတင်းမီဒီယာ ၂၈ ခု သာ တက်ရောက်ဖို့ ကျန်ရှိခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဟာ သူတို့ရဲ့ မီဒီယာတွေ့ဆုံပွဲတွေကို ပြည်ပအခြေစိုက် ဒီဗွီဘီ သတင်းဌာနက ထုတ်လွှင့်ပြသခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မီဒီယာတွေ့ဆုံပွဲတွေကို ရပ်နားခဲ့သလို ဗွီဒီယိုရိုက်ကူးခွင့်တွေကိုလည်း ပိတ်ပင်ခဲ့ပါတယ်။ အဲ့ဒီနောက် နှစ်လနီးပါအကြာ ဒီလ ၁၆ ရက်နေ့မှာ ပြန်လည်ပြုလုပ်ခဲ့တာလဲဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ အစိုးရသစ်ရဲ့ ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရတွေသာ အခုလို မီဒီယာတွေ့ဆုံပွတွေကို တခါတရံ ပြုလုပ်လေ့ ရှိပေမယ့် ကျန်တဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက အစိုးရအဖွဲ့တွေကတော့ ပြုလုပ်တာမျိုး မရှိသေးပါဘူး။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ကြံ့ခိုင်ရေးပါတီ အခကြေးငွေယူခန့်ထား


အံ့ဘုန်းမြတ် (၁၅ ဇူလိုင် ၂၀၁၁) (ဒီဗွီဘီ)

ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်အချို့ရဲ့ ရပ်ကွက်ကျေးရွာတွေရဲ့ အုပ်ချုပ်ရေးမှူးတွေ အဖြစ် ကြံ့ခိုင်ရေးပါတီက အခကြေးငွေယူ ခန့်ထားမှုတွေ အများအပြား ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းမှာ ရပ်ကွက်ကျေးရွာအုပ်စု ၉၀ ကျော် ရှိတဲ့ထဲက ၆၀ ကျော်ကို ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေက အခကြေးငွေယူပြီး ပါတီစည်းရုံးရေးမှူးတွေကို ပါတီဝင်အဖြစ်က နုတ်ထွက်ခိုင်းပြီး အုပ်ချုပ်ရေးမှူးတွေအဖြစ် ပြန်လည် ခန့်ထားမှုတွေ ပြုလုပ်ခဲ့တာပါ။

အဲ့ဒီထဲက ကျန်တဲ့ ရပ်ကွက်ကျေးရွာအုပ်စု ၃၀ အတွက်ကိုပဲ မြို့နယ် အုပ်ချုပ်ရေးမှူးက ရွေးချယ်ခန့်ထားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလိုဖြစ်နေတာနဲ့ပတ်သက်ပြီး တိုက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ၀န်ထမ်းတဦးက အခုလို ပြောပြပါတယ်။

“ကြံ့ခိုင်ရေးကရွေးတဲ့ ၆၀ ကျော်ထဲမှာကို ပါတီဝင် စည်းရုံးရေးမှူးတွေ များတယ်။ သူတို့ အဲဒီ ခန့်လိုက်တဲ့ ၅ သိန်းပေးရတယ်၊ ၄ သိန်း ၇ သောင်း ပေးရတဲ့ လူတွေက တချို့လူတွေက ၃ တန်းအောင် မအောင်ဘူး။ လက်မှတ်ထိုးကို တောင်မှပဲ ၂ ရက် ၃ ရက် ကျင့်နေရတယ်တဲ့။ လက်မှတ်တောင် မထိုးတတ်လို့။ အဲဒီတော့ ပညာအရည်အချင်း လုပ်ရည်ကိုင်ရည်ကပါ အစပေါ့ စောင့်ကြွားစောင့်ကြွားနဲ့ ငါတို့ လုပ်လို့ ရတာပဲ။ ငါတို့ လုပ်ရင် ဖြစ်တာပဲဆိုတဲ့ ပုံစံမျိုး။ မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း သူ့ အသော်ရတီနဲ့ မလုပ်ရဘူး ဖြစ်နေတယ်။ အဲဒီ ကြံ့ဖွတ်တွေကပဲ ပရပ်ရှာပေးပြီးတော့ သူတို့ကိုလည်း ကြောက်နေရတယ်လေ။ သူတို့ပါတီက အနိုင်ရတော့တော့ သူတို့ လုပ်ချင်တဲ့ ဟာကို လုပ်မယ်ဆိုတဲ့ အပေါက်ကို တည့်တည့်ကို ချိုးထားတာ။”

တင်မြှောက်လိုတဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ အမည်စာရင်းတွေကို ဒေသခံတွေကိုယ်တိုင် လက်မှတ်ရေးထိုးပြီး မြို့နယ် အုပ်ချုပ်ရေးမှူးတွေ အပါအ၀င် အာဏာပိုင်အဆင့်ဆင့်ကို တင်ပြခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ကြံ့ခိုင်ရေးပါတီက အနိုင်ရ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းမောင်နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဟန်စိန်တို့က အခကြေးငွေယူထားတဲ့ အုပ်ချုပ်ရေးမှူး စာရင်းတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြ အတည်ပြုချက် ရယူပြီး ဇွန်လ ၃၀ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

လွှတ်တော်တွေရဲ့ ဥပဒေမူကြမ်းကော်မတီတွေကနေ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ခန့်ထားရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ကိုက်ညီမှု မရှိတဲ့အပေါ်ကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ၀န်ထမ်းကပဲ အခုလို ထောက်ပြ ပြန်ပါတယ်။

“ဒီနေ့ ဂျာနယ်ထဲမှာ ရေးထားတာ ကျန်းမာရေးမှူး၊ ပညာရေးမှူး သူတို့တွေကနေ ထောက်ခံချက် ပေးရမယ်ဆိုတဲ့ မူပုံစံမျိုးနဲ့ အဲဒါ ဥပဒေကြမ်းက ထွက်ပြီးသားတဲ့။ အဲဒီလိုတော့ ပြောတယ်။ ဒါပေမဲ့လို့ ကျနော်တို့ကတော့ လုံးဝကို လက်သင့်မခံဘူး။  နောက်ပြီး သူတို့က တိုင်ရအောင်ကလည်း ဘယ်သူ့ကို ဘယ်လို တိုင်ရမှန်း မသိဘူး ဖြစ်နေတယ်။ ကျနော်တို့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေကလည်း ဘယ်လို ဖြစ်နေလဲဆိုတော့ အဲဒီ ကြံ့ခိုင်ရေးပါတီရဲ့ လက်ခွဲရုံးတွေ အကုန်လုံး ဖြစ်နေတယ်။”

အလားတူ အစိုးရသစ်ရဲ့ သက်တမ်း ကာလအတွင်း မြို့နယ် အုပ်ချုပ်ရေးမှူးတွေ အပါအ၀င် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ကြံ့ခိုင်ရေး ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေက အခကြေးငွေယူ ခန့်ထားမှုတွေ အများအပြား ရှိနေပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ သန့်ရှင်းတဲ့ အစိုးတရပ် ဖြစ်အောင် ဖော်ဆောင်မယ်ဆိုတဲ့ အစိုးရသစ်အနေနဲ့ ဒီကိစ္စတွေအပေါ် ကိုင်တွယ် ဆောင်ရွက်တာမျိုး မရှိသေးပါဘူး။

Categories

%d bloggers like this: