အံ့ဘုန်းမြတ် (၂၆ ဇွန် ၂၀၁၁) (ဒီဗွီဘီ)
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ကြိုးပေးသတ်ဖျက်တာခံခဲ့ရတဲ့ ရန်ကုန် တက္ကသိုလ်က ကျောင်းသားခေါင်းဆောင် (ချင်းတိုင်းရင်းသား) ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၃၅ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ သူ့ရဲ့ ကြွေးကြော်သံတွေပါဝင်တဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတဲ့ လှုပ်ရှားမှု တခု ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။
ရန်ကုန်၊ မန္တလေးအပါအ၀င် မြေလတ်ဒေသတွေက မြို့အချို့မှာ ဖြန့်ဝေခဲ့ကြတာ ဖြစ်တယ်လို့ လှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်နေသူ တဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒီလို စစ်အုပ်စုရဲ့ ပထမဆုံးကြိုးပေးသတ်ဖျက်တာခံခဲ့ရတဲ့ ကျောင်းသား ခေါင်းဆောင်တဦးရဲ့ သမိုင်းကြောင်းကို လူငယ်တွေ သိရှိအောင် ဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်ကိုလည်း သူကပဲ အခုလို ဆက်ပြောပြပါတယ်။
“တချို့ ဝေးနေတာ ရှိတယ်။ တချို့က နီးနီးကပ်ကပ်နဲ့ ရှိနေတာတွေ ရှိတယ်။ ကျနော်တို့ဆိုရင် ဒီလှုပ်ရှားမှုမှာ နီကပ်နေတဲ့သူ ဖြစ်တဲ့အတွက် ကိုဆလိုင်းတင်မောင်ဦးကို မေ့မှာ မဟုတ်ဘူး။ ကျနော်တို့ ကျောင်းသားတွေက အမှု့မဲ့ အမှတ်မဲ့ နေတာ မဟုတ်ဘူးဗျ။ သူတို့ မသိလိုက်တဲ့ကိစ္စပေါ့။ သမိုင်းက အာဏာရှင်တွေရဲ့ ဖြတ်တောက်ခြင်းကို ခံလိုက်ရတဲ့အတွက်ကြောင့် ဒီကျောင်းသားတွေ မသိတာပဲ ဖြစ်ပါတယ်။ အခု ကျနော်တို့ သိအောင်လုပ်တာပါပဲ။”
၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းကို ဦးဆောင်ခဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသား (ချင်းတိုင်းရင်းသား) ဆလိုင်းတင်မောင်ဦးကို မဆလစစ်အစိုးရက ဇွန်လ ၂၆ ရက်နေ့မှာ ကြိုးပေးသတ်ဖြတ်ခဲ့တာဖြစ်ပြီး သူကွယ်လွန်တဲ့ ၃၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ အပါအ၀င် ထိုင်းမြန်မာနယ်စပ်၊ အိန္ဒိယနဲ့ ကနေဒါနိုင်ငံတွေမှာလည်း ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက အထိမ်းအမှတ် အခမ်းအနားတွေကို ပြုလုပ်ခဲ့ကြပြီး စာတမ်း ဖတ်ကြားတာတွေလည်း ရှိခဲ့ပါတယ်။
Leave a Reply