အံ့ဘုန်းမြတ် (၂၆ ဇွန် ၂၀၁၁) (ဒီဗွီဘီ)
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက အစိုးရသစ်လက်ထက် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပထမဆုံး ပြည်ပခရီးစဉ်ကို ရုရှားနိုင်ငံကို ထပမဆုံး ထွက်ခွာခဲ့ပါတယ်။
ဒီလ ၂၅ ရက်နေ့က စတင်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေရဲ့ အမြဲတမ်းရေးရာကော် မတီဝင် ၉ ဦး ပါဝင်တဲ့အဖွဲ့ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့ State Duma လွှတ်တော်ဥက္ကဋ္ဌရဲ့ ဖိတ်ကြားချက်နဲ့ လွှတ်တော်အတွေ့ အကြုံလေ့လာဖို့ သွားရောက်နေကြတာလည်း ဖြစ်ပါတယ်။
သူရဦးရွှေမန်းဟာ အရင်နအဖ စစ်ကောင်စီတာဝန်ရှိသူ တယောက် အနေနဲ့တုန်းကလည်း လက်နက်ရောင်းဝယ်မှု ကိစ္စတွေနဲ့ ရုရှားနိုင်ငံကို အကြိမ်ကြိမ် သွားရောက်မှုတွေ ရှိခဲ့တာကြောင့် ဒီခရီးစဉ်အပေါ်ကိုလည်း မြန်မာ့အရေး လေ့လာသူတွေ သံသယနဲ့ စောင့်ကြည့်နေတာတွေ ရှိနေပါတယ်။
ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်ရဲ့ အစိုးရရဲ့ ကတိတွေ၊ တာဝန်ခံထားရှိမှုတွေကို စောင့်ကြည့်ရမယ့် ကော်မတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါက်တာအေးမောင် ပြောပြတာကတော့
“ပြီးခဲ့တဲ့အစိုးရနဲ့ အခု အစိုးရနဲ့ မတူဘူးလေ။ ပြီးခဲ့တဲ့ အစိုးရက ဖွဲ့စည်းပုံ မရှိဘူးဆိုတော့ အဲဒီကာလက သူရဦးရွှေမန်းအနေနဲ့ အစိုးရအဖွဲ့မှာ တာဝန်တခု ရှိခဲ့လိမ့်မယ်လေ။ ဒါပေမယ့်လို့ အခုက အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး အပိုင်းတွေ ကျင့်သုံးနေကြတဲ့အခါကျတော့ အုပ်ချုပ်ရေးပိုင်းနဲ့ လုံးဝ ပတ်သက်လိမ့်မယ် မထင်ပါဘူး။ ကျနော်တို့ကို ပြောသလို ပြည်ထောင်စုလွှတ်တော်ရဲ့ ညွှန်ကြားချက်အရ ပါလီမန်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို share လုပ်တဲ့သဘောပဲ ထင်ပါတယ်။”
၂၂ နှစ်တာကာလအတွင်း ပထမဆုံးပေါ်ပေါက်လာတဲ့ လွှတ်တော်ရဲ့ ပြည်ပလေ့လာရေး ခရီးစဉ်တွေမှာတော့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးမြတ်ငြိမ်း ဦးဆောင်တဲ့ အဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီလလောက်မှာ ကမ္ဘောဒီးယားနိုင်ငံ လွှတ်တော်ကို သွားရောက်လေ့လာခဲ့ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌတွေထဲက အနေနဲ့တော့ သူရဦးရွှေမန်းဟာ ပထမဆုံးပြည်ပ လွှတ်တော်လေ့လာရေး ခရီးစဉ် အဖြစ် ရုရှားနိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
Leave a Reply