ပါလီမန်, သတင်း, သမ္မတ, အစိုးရအဖွဲ့, ၀န်ကြီးဌာနများ

အစိုးရသစ်အနေဖြင့် ကတိအတိုင်း ပြုပြင်ပြောင်းလဲရေးလုပ်ရန် အီးယူ ပြောကြား


အံ့ဘုန်းမြတ် (၂၃ ဇွန် ၂၀၁၁) (ဒီဗွီဘီ)

အစိုးရသစ်အနေနဲ့ နိုင်ငံတကာအပါအ၀င် ပြည်သူလူထုကို ပေးထားတဲ့ ကတိတွေအတိုင်း ပြုပြင်ပြောင်းလဲရေးကို လက်တွေ့လုပ်ဆောင်ဖို့လိုတယ်လို့ အီးယူ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့က ပြောကြားလိုက်ပါတယ်။

ဒီလ ၂၂ ရက်နေ့က ရန်ကုန် အီတလီသံရုံးမှာလုပ်တဲ့ မြန်မာပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး ကန့်သတ်ခေါ်ယူခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ  ကိုယ်စားလှယ်တွေက ပြောကြားလိုက်တာ ဖြစ်တယ်လို့ ရန်ကုန်က လာတဲ့ အေဂျင်စီသတင်းတွေမှာ ဖော်ပြကြပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမတိုင်ခင်မှာလည်း နိုင်ငံရေးပါတီခေါင်းဆောင်အချို့နဲ့ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံခဲ့ပြီး သမ္မတသစ်ဖြစ်လာတဲ့ ဦးသိန်းစိန် မိန့်ခွန်းတွေနဲ့ ပတ်သက်ပြီး အစိုးရသစ်အနေနဲ့ ဘယ်လောက်အထိ အကောင်အထည် ဖော်ဆောင်နိုင်မလဲ ဆိုတာ ဆွေးနွေးခဲ့ကြသေးတယ်လို့ ပါဝင်ဆွေးနွေးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက အခုလိုပြောပါတယ်။

    “သူတို့က သိချင်တာတွေ မေးတဲ့အဆင့်ပါပဲ။ ဒီနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းဟာ ချွတ်ယွင်းချက်တွေ အများကြီးရှိတယ်ပေါ့။ အဲဒါက တကယ်ပဲ ဖြစ်လာမလား မလာဘူးလား ကျနော်တို့ ဘယ်လိုမြင်သလဲပေါ့။ ကျနော်တို့ ပါတီက လူထုကိုယ်စားလှယ်က ဘာတွေလုပ်နေလဲ ဆိုတာတွေ။ နောက်ပြီးတော့ အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးကရော ဘယ်လောက်ထိ အောင်မြင်နိုင်မလဲပေါ့။ နောက်ပြီးတော့ နယ်စပ်ကိစ္စတွေ ဒါတွေမေးတယ်။ နောက် သမ္မတမိန့်ခွန်း ပါတဲ့အတိုင်းကတော့ နှစ် ၂၀  ကာလမှာ ဒီလောက်ကောင်းတဲ့ နိုင်ငံတော် အကြီးအကဲ တယောက်ရဲ့ ကတိက၀တ်ကို ကျနော်တို့ မရခဲ့ဘူးပေါ့။ ဒါကိုတော့ မျှော်လင့်စရာတွေ ရှိတယ်ပေါ့။ အကောင်အထည်ဖော်တယ်ဆိုတာတော့ ရာနှုန်းပြည့်မဟုတ်တောင်မှ အထိုက်အလျောက်တော့ ဖြစ်နိုင်ချေ ရှိတယ်လို့ မျှော်လင့်တယ်ပေါ့။ ဒီလောက်ပါပဲ။”

ဒါ့အပြင် စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာတွေကိုလည်း ဦးခင်မောင်ဆွေက အခုလို ပြောပါတယ်။

    “သူတို့အနေနဲ့ အကူအညီပေးချင်ပါတယ်။ ဒါပေမယ့်လည်း စီးပွားရေးပိတ်ဆို့မှု ရှိနေတဲ့ အတွက်ကြောင့် အခက်အခဲ ဖြစ်နေတဲ့အကြောင်း၊ နောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေ အပြည့်အ၀ မလွတ်သေးတဲ့အခါမှာ သူတို့မှာလည်း ဒီအခြေခံ မူကနေ ရပ်ပြီးတော့  ပွင့်လန်းလာအောင် ဆောင်ရွက်နိုင်ချေ  အခြေအနေ နည်းနည်းအားနည်းတယ်။ လွှတ်ပေးမယ်ဆိုရင် ပိုကောင်းတယ်ပေါ့။ ကျနော်တို့ကလည်း ဆန်ရှင်ကိစ္စဆိုတာ နှစ်ဖက်လုံးမှာ တာဝန်ရှိတယ်။ ပိတ်ခံရသူကော၊ ပိတ်တဲ့သူကော။ တိုင်းပြည်ကောင်းကျိုးကို သွားစေချင်တယ်ဆိုရင် နှစ်ဖက်လုံးက ဆုံရပ် တူညီတဲ့ common ground တခုကို ရောက်အောင်တော့ ဆောင်ရွက်နိုင်မှသာလျှင် တိုင်းပြည်နဲ့ လူမျိုး အကျိုးရှိမှာပဲလို့ ကျနော်တို့တော့ ဆွေးနွေးခဲ့ပါတယ်။”

အီးယူဥရောပသမဂ္ဂရဲ့ ဒု ဥက္ကဋ္ဌလည်းဖြစ် နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးရာ အကြီးအကဲရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်လည်းဖြစ်တဲ့ မစ္စတာ ရောဘတ် ကူးပါး (Robert Cooper) နဲ့ အီးယူရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပီယာရို ဖက်ဆီနို (Piero Fassino) တို့နဲ့ အတူ ကိုယ်စားလှယ် ၁၁ ဦးပါ အဖွဲ့ဟာ ၅ ရက်ကြာ သူတို့ခရီးစဉ်ထဲမှာ အစိုးရသစ်ရဲ့ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနဲ့အတူ ပြည်ထောင်စုနိုင်ငံရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ၀န်ကြီးတွေကို တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

ဒီခရီးစဉ်အတွင်းမှာပဲ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီခေါင်းဆောင်တွေအပြင် လူမှုရေးအသင်းအဖွဲ့ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံပြီး အစိုးရသစ်အနေနဲ့ သူတို့ပေးထားတဲ့ ကတိအတိုင်း ပြုပြင်ပြောင်းလဲရေးတွေကို လက်တွေ့လုပ်ဖို့ လိုအပ်လို့ အီးယူကိုယ်စားလှယ်တွေက ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: