သတင်း

မန္တလေးတွင် ပေါက်ကွဲမှု ထပ်ဖြစ်၊ ပြင်ဦးလွင်ပေါက်ကွဲမှု တဦးဒဏ်ရာရ


ဒီဗွီဘီ (၂၄ ဇွန် ၂၀၁၁) (ဒီဗွီဘီ)

မန္တလေးမြို့မှာ ညနေ ၂ နာရီခွဲ ၀န်းကျင်လောက်က ၈၄ လမ်း၊ ၃၁ နဲ့ ၃၂ လမ်းကြားမှာ ဒုတိယအကြိမ် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။

အမှိုက်ပုံထဲ ဗုံးရှိတယ်လို့ သံသယရှိတာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေက မိုင်းရှင်းတဲ့အနေနဲ့ အားပျော့ဗုံးတလုံးထည့်ပြီး ဖောက်ခွဲလိုက်တာ ဖြစ်ပါတယ်။

မျက်မြင် မန္တလေးမြို့ခံတဦးက “သူတို့က အမှိုက်ကန်မှာ စာရေးသွားတယ်လို့ ပြောတယ်။ အင်္ဂလိပ်လို စာလုံး ၃ လုံး ရေးထားတယ်။ အဲဒီစာလုံးရေးထားတာကို လူတွေက မြင်တော့ ဗုံးသတိပေးတာပဲ ဆိုပြီးတော့ သက်ဆိုင်ရာကို ပြောတော့ သက်ဆိုင်ရာက ဒီအမှိုက်ကန်ထဲမှာ တကယ်လို့သာ ဗုံးရှိခဲ့ရင် ကွဲအောင်လို့ ဗုံးအသေးလေးနဲ့ ခွဲလိုက်တယ်။ သက်ဆိုင်ရာက ဗုံးအသေးနဲ့ ခွဲလိုက်တဲ့အခါမှာ အတွင်းထဲမှာ ဗုံးမရှိတဲ့အတွက် ဗုံးအသေးပဲ ပေါက်ပြီးတော့ ကျန်တဲ့ပေါက်ကွဲမှု ထပ်မဖြစ်ဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် မန္တလေးမြို့ အခြားနေရာတွေမှာလည်း ဗုံးလန့်မှုတွေရှိနေပြီး မြို့ခံတွေ စိုးရိမ်ထိတ်လန့်နေကြကာ လုံခြုံရေး အထူးတင်းကျပ်ထားတယ်လို့လည်း အခြားမန္တလေးမြို့ခံတဦးက ဆိုပါတယ်။

“ဟိုနားပေါက်တယ်၊ ဒီနားတွေ့တယ်ပြောတာ။ အခု ကျနော်ထပ်ကြားတာ ဒိုင်းမွန်းပလာဇာမှာ တွေ့တယ်လို့ ကြားတယ် မပေါက်တဲ့ဗုံးပေါ့။ ရတနာပုံ ဈေးနားမှာ  ဆောက်နေတဲ့ ပလာဇာအသစ်ကြီး။ လောလောဆယ်တော့ လုံခြုံရေး တင်းကျပ်တဲ့သဘော ဖြစ်နေတယ်။ ယူနီဖောင်းတွေနဲ့ တွေ့နေရတယ်။”

လက်ရှိ အခြေအနေမှာတော့ ၈၄ လမ်းမပေါ်က ဆိုင်တွေ အားလုံး ပိတ်ထားကြတယ်လို့ အခြားမန္တလေးမြို့ခံတဦးက ဆိုပါတယ်။

“၈၄ လမ်းမကြီးပေါ်မှာ ဆိုင်တွေအကုန်လုံး ပိတ်ကုန်ပြီ။ ရဲတွေနဲ့ လူတွေလည်း သတိထားနေကြတယ်။ ဘာဆိုင်မှကို မရှိတော့ဘူး။ အ၀တ်အစား ဆိုင်ကအစ မရှိတော့ဘူး။ ထီသည်ကအစ မရှိတော့ဘူး ဒီနေ့က။ လမ်းကြီးက တော်တော် ခြောက်ကပ်သွားတယ်။”

ပထမတကြိမ် ဈေးချိုအနီး ဗုံးပေါက်ကွဲမှုကြောင့် ယာဉ်နောက်လိုက် တဦး ဒဏ်ရာရှိခဲ့တယ်လို့ ဒီဗွီဘီက ဖော်ပြခဲ့ပေမယ့် အမှန်မှာတော့ မန္တလေး စည်ပင်သာယာ အမှိုက်သိမ်း ၀န်ထမ်းနှစ်ဦး ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပထမမျက်မြင်က အခုလို ရှင်းပြပါတယ်။

“နှစ်ယောက်မှာ တယောက်က လက်ကို ရှပ်ထိသွားတယ်။ ပခုံးပေါ်မှာ အပေါ်ကကျတဲ့ မှန်စတွေ စိုက်ပြီးတော့ နည်နည်း ဒဏ်ရာများတယ်။ အဲဒီ နှစ် ယောက်က စည်ပင်အမှိုက်သိမ်းနေကြတာ။ အမှိုက်သိမ်းဖို့ တာဝန်ကျတာ လေးယောက်ပေါ့။ နှစ်ယောက်က လက်ဖက်ရည် သွားသောက်တဲ့အခါမှာ ကျန် နှစ် ယောက်ကို ထိသွားတာ။ မိန်းကလေးကတော့ လက်မှာ နည်းနည်း အစအနလေးတွေ မှန်တယ်ပေါ့နော်။ ယောက်ျားလေးကတော့ နည်းနည်းများတယ်။”

အလားတူ နေ့လယ် ၁၂ ခွဲ အချိန်လောက်ကလည်း ပြင်ဦးလွင်မြို့အမှတ် (၄) ရပ်ကွက် ဗုံးပေါက်ကွဲခဲ့တယ်လို့ ပြင်ဦးလွင်မြို့ခံတဦးက ပြောပါတယ်။

“လူမနေတဲ့ အိမ်ကြီး၊ ၁၂ နာရီခွဲလောက်မှာ ၀ုန်းဆိုတဲ့အသံကြားတယ်။ သိပ်လည်းမဝေးဘူး။ အသံတော်တော်ကျယ်တော့ ဂက်စ်အိုးပေါက်တယ်လို့  ထင်တာ။ ဒါပေမယ့် အဲဒီအိမ်ကို သွားကြည့်တော့ အိမ်အမိုးအကုန် ပွင့်သွားပြီးတော့ အထဲမှာရေတွေနဲ့ အနံ့က တော်တော်ပြင်းတယ်ပြောတယ်။ ဂက်စ်အိုးနံ့ မဟုတ်ဘူး။ ဘာဗုံးမှန်းကို မသိဘူးပေါ့။ အဲလိုကွဲသွားတာ။ ဘာမှမရှိဘူး။ သူတို့ကြိုတင် ပြင်ဆင်ထားတာ ဖြစ်မှာပေါ့။ နှစ်ထပ်တိုက်ခေါင်မိုး အကုန်ပွင့်ထွက်သွားတာ။ ဘေးအုတ်တံတိုင်းပါ ပွင့်တယ်။ တော်တော်ပြင်းတယ်။ အဲဒီခေါင်မိုးက ဘေးအိမ်တွေပါ သွားတင်တယ်။ နောက်မှာ အခန်းလေးရှိတာတောင်မှ ခပ်ယိုင်ယိုင်လေးပဲ ကျန်တာ။ တယောက်က အုတ်တံတိုင်းက ခဲထိသွားလို့ ခေါင်းနည်းနည်း ထိခိုက်သွားတာပဲရှိတယ်။ ဒါပေမယ့် အပြင်းအထန် မဟုတ်ဘူး။ အသေအပျောက် မရှိဘူးပေါ့။”

ဒီကနေ့ တရက်တည်းမှာ မြန်မာနိုင်ငံရဲ့မြို့တော်တခုဖြစ်တဲ့ မန္တလေး ဗုံးပေါက်ကွဲမှု နှစ်ခုအပြင် ပြင်ဦးလွင်မြို့ ဗုံးပေါက်ကွဲမှုနဲ့အတူ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာလည်း ဒီကနေ့ နေ့ခင်းပိုင်းက ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: