သတင်း, အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

အီးယူအဖွဲ့နှင့် ရင်းနှီးပွင့်လင်းမှုရှိသည့် တွေ့ဆုံဆွေးနွေးမှုအဖြစ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား


အံ့ဘုန်းမြတ် (၂၂ ဇွန် ၂၀၁၁) (ဒီဗွီဘီ)

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ EU ဥရောပသမဂ္ဂရဲ့ ဒု ဥက္ကဋ္ဌလည်းဖြစ်ပြီး နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးရာ အကြီးအကဲရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်လည်းဖြစ်တဲ့ မစ္စတာ ရောဘတ် ကူးပါး (Robert Cooper) ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံမှုကို ရင်းနှီးပွင့်လင်းမှုရှိတဲ့ တွေ့ဆုံဆွေးနွေးမှုအဖြစ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မစ္စတာ ရောဘတ် ကူးပါး (Robert Cooper) အတူ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး ဒေးဗစ် လစ်ပ်မန် (David Lipman) နဲ့ အီးယူရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပီယာရို ဖက်ဆီနို (Piero Fassino) တို့ ပါဝင်တဲ့ အီးယူကိုယ်စားလှယ်ကို မနေ့ညနေပိုင်းက နေအိမ်မှာ တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒီလို ပြောကြား လိုက်တာနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ်ဗဟိုပြန့်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က အခုလို ပြောပါတယ်။

“အထွေထွေအတွင်းရေးမှူးက အီယူနဲ့ အန်အယ်လ်ဒီ ဆက်ဆံရေး မူလကတည်းက ကောင်းပါတယ်တဲ့။ အဲဒီတော့ မိတ်ဆွေတွေ ကြားထဲမှာ အခုလို တွေ့ဆုံတဲ့ အခါမှာလည်းတဲ့ မိတ်ဆွေ ပီသစွာပဲ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ဆွေးနွေးဖြစ်ကြတယ်တဲ့။ သူကလည်း သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောတယ်။ ဒီဘက်ကလည်း အဖွဲ့ချုပ်ရဲ့အမြင်ကို ပွင့်ပွင့်လင်းလင်းပြောတယ်။ ဆွေးနွေးပွဲက ကောင်းတဲ့လက္ခဏာဆောင်ပါတယ်တဲ့။ ပွင့်လင်းမြင်သာတဲ့ အကြောင်းတွေ ဆွေးနွေးကြပြီးတော့ နောင်မှာ ဆက်ဆံရေး ဒါ့ထက်ပိုပြီးတော့ တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်လို့ အဲဒီလို ကောက်ချက်ချပြီးတော့ ပြောပါတယ်ခင်ဗျ။ အသေးစိတ် အချက်အလက်တွေကတော့ မပြောနိုင်တော့ပါဘူးတဲ့ အဲဒီလိုပဲ ပြောတယ်။”

အီးယူကိုယ်စားလှယ်အဖွဲ့ဟာ ဒီဆွေးနွေးမှုအတွင်းမှာတော့ အဖွဲ့ချုပ်ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေအပါအ၀င် ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံပြီး အပြန်အလှန်ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီလို တွေ့ဆုံရာမှာ အဖွဲ့ချုပ်ဒုဥက္ကဋ္ဌ ဦးတင်ဦးရဲ့ ဆွေးနွေးမှုတွေကိုလည်း ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။

“ဒုတိယ ဥက္ကဋ္ဌကြီးက ဆွေးနွေးတဲ့ နေရာမှာ အထွေထွေအတွင်းရေးမှူးနဲ့ ၂ နာရီကျော်ကြာလောက် ဆွေးနွေးပြီး ဖြစ်တဲ့အတွက်ကြောင့် ကဏ္ဍတော်တော် စုံစုံလင်လင် ဆွေးနွေးပြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်တဲ့။ အဲဒီလို အစပြုပြီးတော့ အဖွဲ့ချုပ် ဆက်လက်တရားဝင် ရပ်တည်နေပြီးတော့ ပေါ့ဗျာ။ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းဆောင်ရွက်နေပုံကို သူက ရှင်းပြတယ်။ ပြီးတော့မှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိစ္စဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အလွန်ကို အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ အဲဒါကို ဆောင်ရွက်ဖို့ မိတ်ဆွေနိုင်ငံများကလည်း လက်ရှိအစိုးရကို တွန်းအား ပေးသင့်ပါတယ် ဆိုတဲ့ အကြောင်းကို သူက ပြောတယ်ဗျ။ ပြီးတော့မှ လောလောဆယ် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာတဲ့ အတွက်ကြောင့် ပြည်သူတွေလည်း အကြီးအကျယ် ဒုက္ခရောက်နေကြပါတယ်။ စစ်မီးတောက်တွေ အမြန်ဆုံးငြိမ်းသွားဖို့အတွက် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားဖို့အတွက် အဲဒါကို ကျနော်တို့ မကြာသေးမီကလည်း မေတ္တာရပ်ခံ တိုက်တွန်းစာ ထုတ်ပြန်ထားတဲ့အတိုင်း တယောက်နဲ့တယောက် တန်းတူရည်တူ သဘောထားပြီးတော့ ချစ်ခင်လေးစားတဲ့ စိတ်နဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာကြပါလို့ တိုက်တွန်းပေးကြပါ။ အဲဒါလည်း သူက ပြောတယ်ခင်ဗျ။”

ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှုအပေါ် အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက အခုလို ပြောပါတယ်။

“ကျနော်တို့ အမြင်တော့ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးက ကျနော်တို့ တိုင်းသူပြည်သားတွေ အားလုံး ကြိုးပမ်းရမှာပေါ့။ ဒါပေမယ့် နိုင်ငံတကာမှာ အခုလို အဖွဲ့အစည်းကြီးပေါ့နော်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်တွေ ကိုယ်တိုင်က လိုလိုလားလား ရှိတယ်ဆိုတာ ကျနော်တို့အတွက် အားတက်စရာပဲလို့ ကျနော်တော့ အဲဒီလိုပဲ မြင်ပါတယ်။”

အီးယူဥရောပသမဂ္ဂရဲ့ ဒု ဥက္ကဋ္ဌလည်းဖြစ်ပြီး နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးရာ အကြီးအကဲရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်လည်းဖြစ်တဲ့ မစ္စတာ ရောဘတ် ကူးပါး (Robert Cooper) ဦးဆောင်တဲ့အဖွဲ့ဟာ ပထမဆုံးသူတို့ရဲ့ ဒီမြန်မာပြည်ခရီးစဉ်အတွင်းမှာတော့ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးအပါအ၀င် ပြည်ထောင်စုဝန်ကြီးတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါသေးတယ်။

ဒါ့အပြင် ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီခေါင်းဆောင်အချို့နဲ့အတူ လူမှုရေးအသင်းအဖွဲ့ အချို့လည်း တွေ့ဆုံခဲ့ပါသေးတယ်ခင်ဗျာ။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: