အံ့ဘုန်းမြတ် (၂၃ ဇွန် ၂၀၁၁) (ဒီဗွီဘီ)
အနှစ် ၂၀ ကျော်ကာလအတွင်း ပထမဆုံးပေါ်ပေါက်လာတဲ့ လွှတ်တော်တွေထဲက ပြည်သူ့လွှတ်တော်ရဲ့ ပထမဆုံး ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းက သူရဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမယ့် အခမ်းအနားကို ပြည်တွင်းထုတ် ဂျာနယ်တွေက အယ်ဒီတာချုပ်တွေပါ တက်ရောက်ခွင့် ရရှိမယ် သိရပါတယ်။
မနက်ဖြန် နေ့လယ်ပိုင်း ပြည်လမ်းမပေါ်မှာရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ပြုလုပ်မယ့် ဒီအခမ်းအနားမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေက ကိုယ်စားလှယ်တွေနဲ့အတူ ဂျာနယ် အယ်ဒီတာချုပ်တွေပါ တက်ရောက်ကြရမှာလည်း ဖြစ်ပါတယ်။
ဒီလိုတက်ရောက်ဖို့ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်က စာပေစိစစ်ရေးကနေ ဂျာနယ်အယ်ဒီတာချုပ်တွေကို ဒီကနေ့မှာ တယ်လီးဖုန်းက တဆင့် လိုက်လံ ဖိတ်ကြားခဲ့တာ ဖြစ်တယ်လို့ ဖိတ်ကြားခံရတဲ့ ဂျာနယ်အယ်ဒီတာချုပ် အချို့က ဆိုပါတယ်။
ဒီလို ဖိတ်ကြားထားပေမယ့်လည်း လွှတ်တော်ဥက္ကဋ္ဌကို မေးမြန်း သတင်းယူခွင့်တော့ ရနိုင်မှာ မဟုတ်ဘူးလို့ ဂျာနယ်တာဝန်ခံ အယ်ဒီတာတဦးက ဆိုပါတယ်။
“မနက်ဖြန် ဦးရွှေမန်း ဒီကိုလာမယ်ဆိုတော့ ဒီက တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ တွေ့တဲ့အချိန်မှာ ဒီက အယ်ဒီတာချုပ်တွေတော့ ဖိတ်တယ်။ သတင်းယူဖို့တော့ မဟုတ်ဘူး။ ဧည့်သည်အနေနဲ့ တက်ဖို့ပေါ့။ ဧည့်သည်တက်တဲ့စာရင်းမှာ စာရင်းမှာ ဂျာနယ်အယ်ဒီတာချုပ်တွေ ပါတယ်။ မင်းပွဲစိုးပွဲတွေကို ခေါ်တယ်ဆိုတဲ့ သဘောပေါ့။ လူကြီးတွေဆိုတော့ ဖွင့်ပေးလိုက်ရင် အကုန်လုံးက သိပ်ပြီးတော့ မေးမြန်းမယ့်သူတော့ မပါဘူးလေ။ အယ်ဒီတာချုပ်တွေဆိုတော့။”
စာပေစိစစ်ရေးကနေ ပြည်တွင်းထုတ်ဂျာနယ်အတော်များများက အယ်ဒီတာချုပ်တွေကို ဖိတ်ကြားထားပေမယ့် ရန်ကုန်အခြေစိုက် နိုင်ငံခြား သတင်းထောက်တွေကိုတော့ ဖိတ်ကြားတာ မရှိတဲ့အပေါ် ခွဲခြားမှုတွေရှိတယ်လို့ ဝေဖန်ကြတာမျိုးတွေလည်း ရှိနေပါတယ်။
မနက်ဖြန်လုပ်မယ့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းရဲ့တွေ့ဆုံပွဲ အခမ်းအနားအစီအစဉ်တွေကို ဖိတ်ကြားခံထားရတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က အခုလိုပြောပြပါတယ်။
“သူက မနက်ဖြန်အစီအစဉ်မှာ ၁၂ နာရီကို ပြည်သူ့ရင်ပြင်မှာ ဆုံရပ်ပါ။ အဲဒီကနေ အစည်းအဝေးကို တနာရီကြိုရောက်ရမယ်။ တနာရီမှာ ကျနော်တို့ကို focus လုပ်ပါမယ်။ ခေါင်းပေါင်းမလိုပါဘူး၊ တိုက်ပုံနဲ့ စိစစ်ရေးကတ်ပြား ယူဖို့ ပြောပါတယ်။ လွှတ်တော်ရုံးကတော့ ကျနော်တို့ကို မူအရဖိတ်တာပါ။ ဦးရွှေမန်းလို့ပဲ ပြောပါတယ်။ ကျန်တာ သူတို့ ဘာမှ မပြောပါဘူး။”
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းအနေနဲ့ ဒီအခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဂျာနယ် အယ်ဒီတာချုပ်တွေကို ဘယ်လို အကြောင်းအရာတွေ ရှင်းလင်းပြောကြားမယ် ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Leave a Reply