အံ့ဘုန်းမြတ် (၂၂ ဇွန် ၂၀၁၁) (ဒီဗွီဘီ)
အစိုးရသစ်လက်ထက် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တဲ့ အီးယူဥရောပသမဂ္ဂ ကိုယ်စားလှယ်တွေက ဒီကနေ့ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်တွင်းပြည်ပ မီဒီယာအများစု တက်ရောက်သတင်းယူခွင့် မရခဲ့ပါဘူး။
ဥရောပသမဂ္ဂ-အီးယူရဲ့ နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန် (Catherine Ashton) ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် ရောဘတ် ကူးပါး (Robert Cooper)နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် ပီယာရို ဖက်ဆီနို (Piero Fassino) ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ရန်ကုန်အခြေစိုက် အီတလီသံရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ လုံခြုံရေးကို အကြောင်ပြပြီး မီဒီယာအချို့ပဲ တက်ရောက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ရန်ကုန်အခြေစိုက် နိုင်ငံခြား သတင်းထောက်တဦးက အခုလို ပြောပါတယ်။
“အီတလီသံရုံးက လူရွေးဖိတ်တာ။ မနေ့ကတောင် နိုင်ငံခြား သတင်းထောက်တွေလည်း ပါတယ်။ ဒီမနက်အထိ ပါသေးတယ်။ တက်မယ် မတက်ဘူးဆိုတာကို သံရုံးကို စာရင်းပေးရသေးတယ်။ ဒီညနေကျမှ ကန့်သတ်လို့ဆိုပြီး စာရေးတဲ့သူတွေထဲက အေပီက ဒေါ်အေးဝင်း၊ အေအက်ဖ်ပီက လှလှဌေး၊ ရိုက်တာက ကိုအောင်လှထွန်း၊ အဆာဟိရှင်ဘွန်းက ဦးတင်မောင်အေး အဲဒီလေးယောက်ပဲ တက်တယ်။ သူတို့ဆီမှာလည်း လေးယောက်ပဲ ကျန်တာက ဘယ်သူမှ မပါဘူး။ လုံခြုံရေးဆိုပြီးတော့ ပြောတာပဲ၊ ဘာလုံခြုံရေးလဲတော့ မသိဘူး။ အဲဒီအမည်တွေပဲ ဖိတ်ခိုင်းတယ်ဆိုပြီးတော့ ပြောတယ်။”
လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ သတင်းစာလွတ်လပ်ခွင့်တွေရှိဖို့ အစဉ်အမြဲ ပြောကြားလေ့ရှိတဲ့ အီးယူ ဥရောပသမဂ္ဂကိုယ်စားလှယ်တွေရဲ့ သတင်းစာ ရှင်းလင်းပွဲကို အခုလို ခွဲခြားသတင်းယူခွင့်ပေးခဲ့တဲ့အတွက် မြန်မာသတင်း မီဒီယာ လောကသားတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
အီးယူ ဥရောပသမဂ္ဂရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး နိုင်ငံခြားရေးရာနဲ့ လုံခြုံရေးရာ အကြီးအကဲရဲ့ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်တဲ့ မစ္စတာ ရောဘတ် ကူးပါး မစ္စတာ ရောဘတ်ကူးပါး ဦးဆောင်တဲ့ အဖွဲ့ဟာ ပထမဆုံးသူ့ရဲ့မြန်မာပြည်ခရီးစဉ်အတွင်း မြန်မာအစိုးရသစ်ရဲ့ ဒု-သမ္မတ သီဟသူရ တင်အောင်မြင့်ဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပြင် ပြည်ထဲရေးနဲ့ အလုပ်သမားဝန်ကြီးဌာနတွေက ဒု-၀န်ကြီးတွေနဲ့လည်း ပြီးခဲ့တဲ့ တနင်္လာနေ့က တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် အင်္ဂါနေ့ကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဝင်တွေ၊ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ လူမှုရေးအသင်းအဖွဲ့အချို့နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။
Leave a Reply