အံ့ဘုန်းမြတ် (၂၁ ဇွန် ၂၀၁၁) (ဒီဗွီဘီ)
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရကြားဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကိုရပ်တန့်ပြီး ငြိမ်းချမ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းလိုက်ပါတယ်။
ဒီလ ၂၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာတဲ့ အဖွဲ့ချုပ်ရဲ့ ကြေညာချက်မှာ တိုက်တွန်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အဖွဲ့ချုပ် ဗဟိုပြန့်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က
“အဖွဲ့ချုပ်က တိုင်းရင်းသားများ နေထိုင်ရာ ဒေသတွေမှာ ကချင်တို့၊ ရှမ်းတို့၊ ကရင်တို့ဆိုတဲ့ ဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေ ပိုမိုပြင်းထန်လာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ စေ့စပ်ဆွေးနွေးကြပါ၊ စိတ်ရှည်လက်ရှည် စေ့စပ်ဆွေးနွေးကြပါ၊ ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းကြပါလို့ တိုက်တွန်းကြောင်း မေတ္တာရပ်ခံတဲ့ စာတစောင်ကို မနေ့ကတုန်းက ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ကြေညာချက်အမှတ် ၁၁/၀၆/၁၁ ဖြစ်ပါတယ်။”
ဒီကြေညာချက်ထဲမှာတော့ ကချင်ပြည်နယ်အတွင်း ကေအိုင်အေအို (ခေါ်) ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ သောင်းနဲ့ချီပြီး တရုတ်နိုင်ငံကို ခိုလှုံနေရပုံတွေ၊ ကရင်ပြည်နယ်အတွင်းမှာ နှစ်ကာလ ရှည်လျားစွာဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မီး ဟာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလထဲကစတင်ပြီး ပြန်လည်တောက်လောင်လာတာကြောင့် ဒုက္ခသည်တွေ သိန်းနဲ့ချီပြီး ထိုင်းနိုင်ငံမှာ ခိုလှုံနေကြတာတွေနဲ့အတူ ရှမ်းပြည်နယ်အတွင်း စစ်ပွားနေတဲ့ ပဋိပက္ခတွေကို ထောက်ပြပြီး ဆွေးနွေးမှုတွေကနေ ငြိမ်းချမ်းရေးရဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
ဒီအပေါ်ကိုလည်း ဦးအုန်းကြိုင်က “တကယ့်တကယ်တော့ တမြေတည်းနေ တရေတည်းသောက်ကြတဲ့ ညီနောင်သားချင်းတွေဟာ တကယ်လို့ မတူကွဲပြားမှုတွေ ရှိနေရင်လည်းပဲ စိတ်စေတနာ မှန်ကန်စွာနဲ့ ငြိမ်းချမ်းရမယ်ဆိုတဲ့ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာ ချပြီးတော့ တဦးပေါ်တဦး အပြန်အလှန်လေးစာမှု၊ တန်းတူရည်တူ ရှိမှုဆိုတဲ့ စိတ်ဓာတ်နဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ ဖြေရှင်းကြမယ်ဆိုရင် အောင်မြင်နိုင်ပါတယ်။ အဲဒီလို ဆွေးနွေးဖြေရှင်းကြပါလို့ အဖွဲ့ချုပ်က တိုက်တွန်းကြောင်း၊ သက်ဆိုင်သူတွေ အားလုံးကလည်း အခုလို ဆွေးနွေးမှုတွေ ဖြစ်အောင် ဝိုင်းပြီးတော့ အကူအညီ ပေးကြပါလို့ အဲဒီလို တိုက်တွန်းထားတဲ့ စာပဲခင်ဗျ။”
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးခေတ်ဦးကနေ အခုထက်ထိ ဆက်လက်ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီရေး ဆိတ်သုန်းမှုပြဿနာနဲ့၊ တိုင်းရင်းသား လူမျိုးစုတွေရဲ့ တန်းတူးရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး စတဲ့ ပြဿနာတွေကြောင့် ပြည်တွင်းစစ်တွေ ဖြစ်ပွားနေရတာ ရာစုနှစ် ထက်ဝက်ကျော်ရှိနေပြီ ဖြစ်ပါတယ်။
ဒါကြောင့် ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ၂၁ ရာစု ပင်လုံညီလာခံတရပ် ခေါ်ယူဖြေရှင်းဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေရော၊ တိုင်းရင်းသားအင်အားစုတွေကပါ သဘောတူထားကြပြီး အကောင်းအထည်ဖော်ဖို့ ပြင်ဆင်နေကြပါတယ်။
Leave a Reply