အံ့ဘုန်းမြတ် (၂၀ ဇွန် ၂၀၁၁) (ဒီဗွီဘီ)
မြန်မာပြည်မှာ ဒီလဆန်းပိုင်းကစတင်ပြီး တရားဝင်ဖြန့်ချိခွင့်ရရှိလာတဲ့ နိုင်ငံခြား သတင်းစာတစ်စောင်ဖြစ်တဲ့ ဘန်ကောက်ပို့စ်ပါ SPECTRUM အပတ်စဉ်ထုတ် စာစောင်မှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်းပါဝင်လာတဲ့အတွက် စာပေစိစစ်ရေးက ပိတ်ပင်ကန့်သတ်ခဲ့ပါတယ်။
ဒီလ ၁၉ ရက်နေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာက SPECTRUM အပတ်စဉ်ထုတ်စာစောင်မှာ ဖော်ပြပါရှိခဲ့တဲ့ သတင်းစာဆရာ၊ စာရေးဆရာ ဖိလ်သွန်တန် (Phil Thornton) ရေးသားထားတဲ့ “သမိုင်းတပတ်ပြန်လည်ခြင်း” (History Repeating) လို့ အမည်ရတဲ့ဆောင်းပါးကို စာပေစိစစ်ရေးက ခွင့်မပြုပဲ အဲ့ဒီစာစောင်ကို ပိတ်ပင်ကန့်သတ်ခဲ့တာလည်းဖြစ်ပါတယ်။
မဖြန့်ချိခင် စာပေစိစစ်ရေးမှာ တနာရီကြာ စစ်ဆေးမှုခံယူအပြီး ပြင်ပဈေးကွက်မှာ အဲ့ဒီစာစောင်ကို ထည့်သွင်းမဖြန့်ချိဖို့ စာပေစိစစ်ရေး တာဝန်ရှိသူတွေက ပိတ်ပင်ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို ပိတ်ပင်ကန့်သတ်ခဲ့တာနဲ့ ပတ်သက်ပြီး အဲ့ဒီသတင်းစာတွေကို တရားဝင်ဖြန့်ချိခွင့်ရထားတဲ့ Success International Publisher’s Distributor ကုမ္ပဏီပိုင်ရှင် ကိုမျိုးအောင်က အခုလိုပြောပါတယ်။
“Spectrum တခုကို သူတို့ခွင့်မပြုဘူး။ ဒီမှာမူကတော့ သူတို့ခွင့်မပြုဘူးဆိုတော့ သူတို့အပ်လိုက်ရတာကို။ Spectrum တခုပါပဲ။ ကျန်တဲ့ ဟာတွေတော့ ထုတ်ပေးလိုက်ပါတယ်။ ကျနော်တို့ နိုင်ငံခြားသတင်းစာ စာစောင်တွေ ဘယ်လိုပဲ သွင်းလာ သွင်းလာ ကျနော်တို့က စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ အပြင်မှာ distribute (ဖြန့်ဖြူးရောင်းချခွင့်) လုပ်လို့မရဘူး။”
ဒီဖြုတ်ပယ်ခံလိုက်ရတဲ့ “သမိုင်းတပတ်ပြန်လည်ခြင်း” (History Repeating) အမည်ရတဲ့ ဆောင်းပါးထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မကြာခင်မှာ စတင်တော့မယ့် ရန်ကုန်ပြင်ပ ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး ၂၀၀၃ ခုနှစ်ကကြုံတွေ့ခဲ့ရတဲ့ ဒီပဲယင်းခရီးစဉ်လို အသက်အန္တရာယ်ကို စိုးရိမ်ရဖွယ် ရှိမလားလို့မေးခွန်းထုတ် ရေးသားတာတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဒီပဲယင်း အကြမ်းဖက်မှု သတင်းဓာတ်ပုံတွေနဲ့ စာမျက်နှာ လေးမျက်နှာအပြင် ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့တကွ မျက်နှာဖုံး ဆောင်းပါးအဖြစ် ဖော်ပြပါရှိလာတဲ့ ဒီ SPECTRUM အပတ်စဉ်ထုတ် စာစောင်တွေကို ပြင်ပဖြန့်ချိခွင့်ကိုသာ စာပေစိစစ်ရေးက ပိတ်ပင်ခဲ့တာဖြစ်ပေမယ့် အစိုးရအဆင့်မြင့်လူကြီးတွေအပါအ၀င် အစိုးရရုံးတွေ၊ သံရုံးတွေနဲ့ ကုလသမဂ္ဂအဖွဲ့ အစည်းရုံးတွေကိုတော့ ဖြန့်ချိခွင့်ရရှိတယ်လို့လည်း ကိုမျိုးအောင်က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံထုတ် နေ့စဉ် အင်္ဂလိပ်သတင်းစာတွေဖြစ်တဲ့ ဘန်ကောက်ပို့စ်နဲ့ နေးရှင်းသတင်းစာတွေကို ဒီလဆန်းပိုင်းကနေ စတင်ပြီး တရားဝင် ဖြန့်ချိခွင့် ပေးခဲ့တာဖြစ်ပြီး မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြလာတွေကိုတော့ စာပေစိစစ်ရေးက အလားတူ ဖြုတ်ပယ်ကန့်သက်တာတွေ အရင်ကလည်း ပြုလုပ်ခဲ့ဘူးပါတယ်။
Leave a Reply