အံ့ဘုန်းမြတ် (၁၇ ဇွန် ၂၀၁၁) (ဒီဗွီဘီ)
အစိုးရအဖွဲ့ ဝင်ပုဂ္ဂိုလ်တွေကို ဗုဒ္ဓရဲ့တရားတော်တွေအတိုင်း ကျင့်ကြံအားထုတ်ပြုမူ၊ နေထိုင်ဆောင်ရွက်ကြဖို့ သီတဂူဆရာတော် ဒေါက်တာအရှင် ဉာဏိဿရက မိန့်ကြားလိုက်ပါတယ်။
ဒုတိယအနေအဖြစ် ဒီကနေ့ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်ပွဲ အခမ်းအနားကိုတက်ရောက်လာတဲ့ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ နိုင်ငံတကာသံရုံးတွေက တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ဧည့်ပရိသတ်တွေကို မိန့်ကြားလိုက်တာ ဖြစ်ပါတယ်။
ဒီလို မိန့်ကြားခဲ့တာနဲ့ပတ်သက်ပြီး ဆရာတော်ရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးဟန်က အခုလို ပြန်ပြောပြပါတယ်။
“ဗုဒ္ဓရဲ့ ဟောကြားချက်တွေကို အားလုံး ညီညီညွတ်ညွတ်နဲ့ လိုက်နာကြဖို့ပေါ့။ ကျင့်ကြံကြဖို့ အားထုတ်ကြဖို့ ဘာသာရေး သာသနာရေးဆိုင်ရာ ဆုံးမဩဝါဒတွေ အဲဒီမှာလည်း လူတိုင်းလူတိုင်း အားလုံး ကိုယ့်နေ့စဉ်လုပ်ငန်းမှာ ဗုဒ္ဓရဲ့တရားကို ကျင့်ကြံအားထုတ်မယ် ဆိုလို့ရှိရင် အားလုံး အေးအေးချမ်းချမ်းနဲ့ ကိုယ့်ဘဝအေးချမ်းမှုရော အားလုံး ဖြစ်မယ်။ ကိုယ့်ဘဝ၊ ရှေ့ဘဝ၊ ဒီဘဝ အားလုံး ပြည့်စုံမယ်ဆိုတာတွေ တကယ့် တရားသက်သက်တွေပါ။”
ပြည်ထောင်စု သာသနာရေးဝန်ကြီးဌာနဝန်ကြီး သူရဦးမြင့်မောင်ကတော့ ဆရာတော်ကြီးအနေနဲ့ အခုလို အပြည်အပြည် ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်တွေ တည်ထောင်ဖွင့်လှစ်ပေးတဲ့အပေါ် ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြန်လည် လျှောက်ထား ခဲ့ပါတယ်။
ဒီကနေ့ ဖွင့်ပွဲအခမ်းအနား အစီအစဉ်တွေကိုလည်း ဦးဟန်က အခုလို ပြောပြပါတယ်။
“ရှေ့မှာက နေပြည်တော်ကနေပြီးတော့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ ပြည်ထောင်စု ဝန်ကြီးခေါ်တာပေါ့နော် သာသနာရေးဝန်ကြီး ဦးမြင့်မောင်ကနေပြီး ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်တယ်။ နောက် ကျနော်တို့ တိုင်းဒေသကြီးက ဝန်ကြီးချုပ် ဦးမြင့်ဆွေကနေပြီး လိုက်ကာ ဖွင့်ပေးတယ်။ နောက် ရောင်စုံ ၆ ရောင်ခြယ် ဘူဘောင်းတွေကို ကျနော်နဲ့ မြို့တော်ဝန်ကြီး ဦးလှမြင့်က နှစ်ယောက်တွဲပြီးတော့ ကျနော်တို့ ဖွင့်ပေးတယ်။ အဲဒီကနေ ဆရာတော်ကြီးက လိုက်ရှင်းလင်းပြပြီးတော့ ကျနော်တို့ အပေါ်ထပ်က ဘုရားဆောင်ကြီးတွေဆီကို အားလုံးတက်ကြတာပေါ့။ အဲဒီကျတော့ ဗုဒ္ဓရုပ်ပွားတော်တွေကို ဒုတိယ သမ္မတကြီးက ဖွင့်တယ် အဲဒါပါပဲ။”
သဲကုန်း သပိတ်အိုင်တောရ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ တည်ထောင်ဖွင့်လှစ်နေတဲ့ သီတဂူ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်ပွဲ အခမ်းအနားတွေကို နောက် သုံးရက် ထက်မံကျင်းပပြုလုပ်ဦးမှာဖြစ်ပြီး နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ လူမှုရေးအသင်းအဖွဲ့ခေါင်းဆောင်တွေလည်း တက်ရောက်ကြဖို့ ရှိနေပါသေးတယ်။
သဲကုန်း သပိတ်အိုင်တောရ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ သီတဂူအပြည်အပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် (စစ်ကိုင်း) ကို ၁၉၉၁ က စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။ သာသနာပြုလုပ်ငန်းတွေအပြင် ပညာရေး၊ လူမှုရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ သက်တော် ၇၅ နှစ် ရှိပြီဖြစ်တဲ့ ဆရာတော်ကြီးဟာ ၁၉၈၈ ခုနှစ် ၈ လေးလုံး ဒီမိုကရေစီအရေးအခင်း ကာလတုန်းကလည်း “ရာဇောဝါဒသုတ္တန်” ကို ဟောကြားခဲ့ဖူးပြီး အစိုးရအပါအဝင် တိုင်းပြည် အုပ်ချုပ်သူတွေအနေနဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမ တရားတော်အတိုင်း လိုက်နာကျင့်ကြံကြဖို့ လိုအပ်ပုံကို ဟောပြောဆုံးမခဲ့ဖူးပါတယ်။
Leave a Reply