အံ့ဘုန်းမြတ် (၁၇ ဇွန် ၂၀၁၁) (ဒီဗွီဘီ)
တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတိုက်ပွဲတွေနဲ့ပတ်သက်ပြီး ပြည်တွင်းသတင်းဂျာနယ်တွေမှာ ဖော်ပြခွင့်ကို စာပေစိစစ်ရေးက ထိန်းချုပ်ကန့်သတ်ထားတယ်လို့ ရန်ကုန် စာနယ်ဇင်းလောကသားတွေက ဆိုပါတယ်။
ရွေးကောက်ပွဲ နေကစတင်ပြီး ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေက လက်နက်ကိုင် အင်အားစုတွေနဲ့ မြန်မာ့တပ်မတော်အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဖော်ပြခွင့်တွေကို စာပေစိစစ်ရေးက ထိန်းချုပ်ကန့်သတ်ထားတာဖြစ်ပြီး အစိုးရအာဘော်ထုတ် သတင်းစာတွေမှာတောင် ဖြစ်စဉ်တွေကို ဖော်ပြခြင်း မရှိတာလည်း ဖြစ်ပါတယ်။
အခုနောက်ဆုံးဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်အတွင်းက ကေအိုင်အေ (ခေါ်) ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့အကြား ပဋိပက္ခတွေကြောင့် ဖြစ်ပွားလာရတဲ့ တိုက်ပွဲတွေနဲ့ ဒုက္ခသည်တွေအရေးနဲ့ ပတ်သက်ပြီး စာပေစိစစ်ရေးကို တင်ပြထားပေမယ့်လည်း ခွင့်ပြုနိုင်ဖို့ အခြေအနေမရှိဘူးလို့ သတင်းဂျာနယ် အယ်ဒီတာတဦးက ဆိုပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဂျာနယ်အများစုကတော့ ရေးသားဖော်ပြခွင့် ရမှာမဟုတ်တဲ့အတွက် မတင်ပြကြတာ များတယ်လို့လည်း သူက ဆိုပါတယ်။
“တင်ကြည့်တယ် အဲဒီဥစ္စာ ရတော့မှသာ တခြားကိုယ့်ဒေသတွင်းကဟာ ဘာညာ လုပ်လို့ရမယ်။ ဒေသတွင်းကတော့ မလွယ်လှဘူး ဘာမှကို အရေးမခံတာလေ။ အားလုံးကတော့ လက်ရှောင်ထားကြတယ်။ ဒါက ရေးလို့ရတဲ့ဟာ မဟုတ်လောက်ဘူး ဆိုပြီးတော့မှ အားလုံးကတော့ အဲဒီလို လုပ်ကြတယ်။ တချို့လောက်ပဲ သိရအောင် လုပ်နေတာလို့ ထင်တယ်လေ။”
ဒါ့အပြင် ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ဒေသရဲ့ ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကနေ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် အစိုးရက လုပ်ဆောင်ဖို့ အရေးကြီးကြောင်းတင်ပြ ပြောဆိုချက်တွေကို ဖော်ပြနိုင်ဖို့ သတင်းဂျာနယ်အချို့ ကြိုးစားခဲ့ကြပေမယ့်လည်း စာပေစိစစ်ရေးက ဖြုတ်ပယ်ခဲ့တယ်လို့ အခြားအယ်ဒီတာအချို့က ဆိုပါတယ်။ ဒီကိစ္စကိုလည်း အယ်ဒီတာကပဲ အခုလိုပြောပါတယ်။
“ရေးလို့ မရတာက အရင်ကတည်းက ရေးလို့ မရတာလေ။ အခု ရေးခွင့် နည်းနည်းပါးပါး ရလာတော့ ရေးလို့ ရတဲ့အထဲမှာ အဲဒါ ပါသလား မပါသလားတော့ စူစမ်းကြည့်တာပေါ့နော်။ ကျနော်တို့ စူးစမ်းကြည့်တာပဲ တကယ်က ရေးလို့ ရတဲ့အထဲမှာ မပါဘူး သူက။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်အမတ်တွေကိုလည်း ကျနော်တို့ မေးတဲ့ မေးခွန်းထဲမှာ ပါတယ်။ ခင်ဗျားတို့ ဒီကိစ္စလွှတ်တော်မှာ ဆွေးနွေးလို့ ရသလား ဆိုတော့ သူတို့ကပြောတယ် ဆွေးနွေးလို့ မရဘူးတဲ့ ဒါတွေက။ လွှတ်တော်အမတ်တွေ ဆွေးနွေးရမယ့် ဘောင်ထဲမှာကို မပါတာ။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာကို မပါတာ အဲဒါတွေက။”
ဒီတိုက်ပွဲသတင်းတွေကို ပြည်တွင်း သတင်းမီဒီယာတွေမှာ ဖော်ပြခွင့် မရရှိတာကြောင့် ပြည်ပအသံလွှင့်ဌာနတွေနဲ့ မီဒီယာတွေကိုပဲ ပြည်သူတွေ အဓိထားပြီး စောင့်ကြည့်နေရတယ်လို့လည်း အခြား ဝါရင့်အယ်ဒီတာအချို့ကဆိုပါတယ်။
လက်ရှိအခြေအနေမှာတော့ ကချင်ပြည်နယ်တွင်း မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်တို့အကြား တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်နိုင်ငံတို့က စစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့နဲ့ အမျိုးသား ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာသင့်တယ်လို့ ပြောကြား ထားပါတယ်။
ဒါ့အပြင် ပြီးခဲ့သည့် ရက်ပိုင်းတွေက ကချင်ပြည်နယ်၊ မိုးမောက်ဒေသမှာ ဖြစ်ပွားခဲ့တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၁ သောင်းကျော်လောက် တရုတ်နိုင်ငံမှာ ခိုလှုံနေကြရပါတယ်။
Leave a Reply