အံ့ဘုန်းမြတ် (၁၆ ဇွန် ၂၀၁၁) (ဒီဗွီဘီ)
သဲကုန်းသပိတ်အိုင်တောရ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ တည်ထောင်ဖွင့်လှစ်နေတဲ့ သီတဂူ အပြည်ပြည် ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်ပွဲ အခမ်းအနားကို ဒီကနေ့ စတင်ကျင်းပပါတယ်။
၅ ရက်ဆက်တိုက် ကျင်းပပြုလုပ်မယ့် ဒီအခမ်းအနားရဲ့ ပထမဆုံးနေ့ရက်မှာ နိုင်ငံတော် သံဃာ့မဟာနယာအဖွဲ့ချုပ်ဝင် ဆရာတော်ကြီးတွေနဲ့ သံဃာတော်တွေ ကြွချီပြီး ဘုရားအနေကဇာတင်နဲ့ သိမ်သမုတ်အစီအစဉ်တွေက ဒီကနေ့ မနက်ပိုင်းက စတင်ပြုလုပ်တယ်လို့ သီတဂူဆရာတော်ရဲ့ အတွင်းရေးမှူး ဦးဟန်က ပြောပြပါတယ်။
“အဲဒီမှာတော့ ဩဝါဒတွေ ဘာတွေကြွတယ်။ ဘာမှ မိန့်ကြားတာ မရှိပါဘူး။ အဘိဓဇ ၅ ပါး ပါတယ်။ တိပိတဋက ၈ ပါး တက်တယ်။ နောက် တိုင်း၊ မြို့နယ်၊ ရပ်ကွက်အားလုံး သံဃာတွေ အလွှာအကုန်တက်ပါတယ်။ အဲဒီမှာ ဘုရားအနေကဇာတင် လုပ်ပါတယ်။ နောက် အဲဒီကြောင်းမှာပဲ သိမ်သမုတ်ပါတယ်။ သံဃာ့လုပ်ငန်းတွေပဲ သူတို့ လုပ်ပေးသွားတာပါ။ စုစုပေါင်း သံဃာ အပါး ၁၂၀ တက်ပါတယ်။”
မနက်ဖြန် ဇွန် ၁၇ ရက်နေ့မှာ နိုင်ငံတော်သမ္မတ အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ နိုင်ငံတကာ သံရုံးတာဝန်ခံတွေ၊ ကုလသမဂ္ဂလက်အောက်က နိုင်ငံတကာ လူမှုရေးအသင်းအဖွဲ့တွေကို ဖိတ်ကြားပြီး ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ဖို့ရှိနေပါတယ်။ ဒီအစီအစဉ်တွေကိုလည်း ဦးဟန်ကပဲ အခုလို ပြောပါတယ်။
“မနက်ဖြန် အခမ်းအနားကတော့ အစိုးရအဖွဲ့ကလည်း လာမှာပေါ့။ သမ္မတအဆင့် ပုဂ္ဂိုလ်တဦးဦး ကြွမှာပေါ့။ သမ္မတအဆင့် ဆိုတော့ သမ္မတဖြစ်စေ၊ ဒုတိယ သမ္မတဖြစ်စေ တဦးဦး ကြွမှာပေါ့နော်။ နောက်ပြီး သံတမန်တွေရော အကုန်ဖိတ်တယ်၊ သံရုံးတွေ အကုန်၊ ယူအန်ရဲ့ ပရောဂျက်တွေဖြစ်တဲ့ WHO တို့ အဲဒီလိုဟာတွေ ဖိတ်ထားတယ်ခင်ဗျ။ ၁၆ ဖွဲ့ရှိတယ်။ ရေစက်ချပေးမယ်။ လက်ဆောင်တွေ ပေးမယ်။ အဲဒီလို ဩဝါဒ ပေးမယ်ဆိုတာ ရှိပါတယ်။ ဆရာတော်ကြီးလည်း ပြောမယ်။ သူတို့ဘက်ကလည်း ပြန်ပြော ဘာပြောမလဲ။ အဲဒီလို ပြောခွင့်ပေးမှာပေါ့။ ပြောချင် ပြောပေါ့။”
ဇွန် ၁၈ ရက်နေ့မှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ လူမှုရေးအသင်း အဖွဲ့တွေက ခေါင်းဆောင်တွေကို ဖိတ်ကြားပြီး ဆက်လက်ကျင်းပဖို့လည်း ရှိနေပါတယ်။
ကျန်နှစ်ရက်မှာတော့ ကျောင်းတိုက် အလှူရှင်တွေကို ဖိတ်ကြားဆောင်ရွက်မှာဖြစ်ပြီး နောက်ဆုံးနေ့မှာတော့ ကျောင်းတိုက်မှာ သတင်းသုံးနေကြတဲ့ စာသင်သား သံဃာတွေ၊ ပုဂ္ဂိုလ်တွေနဲ့ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
ဆရာတော်ကြီးကျောင်းတိုက်က ခြင်္သေ့ကြီးကတော့ ပန်းချီတောင် ရွှေတိဂုံဘုရားရှေ့က ခြင်္သေ့ရုပ်တွေကိုကန်တော့ပွဲ သွားပေးပါဆိုပြီး အခိုင်းခံလိုက်ရသေးတယ်. . .ဒါကြောင့် မြောက်ဒဂုံကျောင်းတိုက်ကို မကြွတာဖြစ်လိမ့်မယ်. . .
LikeLike