ဒီဗွီဘီ (၁၆ ဇွန် ၂၀၁၁) (ဒီဗွီဘီ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ် မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ၃ ရက်ကြာ ကျင်းပပြုလုပ်မယ့် ဈေးရောင်းပွဲတော်ကို ဒီကနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့၊ အုတ်လမ်းမှာရှိတဲ့ အဖွဲ့ချုပ်ရုံးချုပ်မှာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
ဒီဈေးရောင်း ပွဲတော်က ရောင်းချလို့ ရရှိလာတဲ့ အမြတ်ငွေတွေကို အဖွဲ့ချုပ်ရဲ့ လူမှုအထောက်အကူပြု ရန်ပုံတွေအဖြစ် လှူဒါန်းသွားကြမှာ ဖြစ်တယ်လို့ အဖွဲ့ချုပ် ပြန့်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
“ဈေးရောင်း ပွဲတော်အဖွင့်ကို အထွေထွေအတွင်းရေမှူးကိုယ်တိုင် ဖဲကြိုးဖြတ်ပြီးတော့ လာရောက်ဖွင့်လှစ်ပေးပါတယ်။ ဈေးရောင်းပွဲတော်မှာ ဆိုလို့ရှိရင် ကျနော်တို့ အဖွဲ့ချုပ်ရုံးထဲမှာ အရောင်းကောင်တာတွေ ဖွင့်ပြီးတော့ ရောင်းကြတာ ဖြစ်ပါတယ်။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ဧရာဝတီတိုင်းတို့မှအပ ကျန်တဲ့ ပြည်နယ်နဲ့တိုင်း ၁၀ ခုက လာရောက်ပြီးတော့ ဒေသထွက် ပစ္စည်းတွေ၊ အစားအသောက်တွေ၊ အထိမ်းအမှတ်ပစ္စည်းတွေ လာရောက် ရောင်းချကြပါတယ်။ အထူးစည်ကားပါတယ်။ ဒီက ရောင်းချလို့ရတဲ့ အမြတ်အားလုံးကို အဖွဲ့ချုပ်က လုပ်နေတဲ့ လူမှုအထောက်အကူလုပ်ငန်းတွေမှာ ကျနော်တို့ ရန်ပုံငွေအဖြစ်နဲ့ ထည့်ဝင်သွားမှာ ဖြစ်ပါတယ်။”
ဒီဈေးရောင်းပွဲတော်မှာ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေ အပါအဝင် အမျိုးသမီးအဖွဲ့၊ လူငယ်အဖွဲ့၊ HIV/AIDS ကူးစက်ခံရသူတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့အဖွဲ့နဲ့ သွေးလှူကွန်ရက်တွေကလည်း ဆိုင်းခန်းတွေကို သီးခြားဆီ ဖွင့်လှစ် ရောင်းချနေကြတယ်လို့လည်း ဦးအုန်းကြိုင်က ဆိုပါတယ်။
အရင်က အဖွဲ့ချုပ်ရုံးရဲ့ အခမ်းအနားတွေကို အာဏာပိုင်တွေဘက်က စောင့်ကြည့်တာ၊ နှောင့်ယှက်တာတွေရှိခဲ့ပေမယ့် အခုနောက်ပိုင်း မရှိတော့ဘူးလို့လည်း ဦးအုန်းကြိုင်က ဆိုပါတယ်။
“အရင်တုန်းက ကျနော်တို့ တခုခုလုပ်ပြီဆိုရင် ရုံးရှေ့မှာရှိတဲ့ သက်ဆိုင်ရာ သူတို့ အရပ်ဝတ်နဲ့ ထောက်လှမ်းရေးတို့ ဘာတို့က လာပြီးတော့ ကြည်ရှုပြီးတော့ ဓာတ်ပုံရိုက်တာတို့ ဘာတို့ ရှိတယ်။ အဲဒါလည်း တော်တော် နည်းပါတယ်။ အဲဒါအပြင် အရင်တုန်းကဆိုရင်တော စွမ်းအားရှင်တို့ ဘာတို့ကပါ ကားကြီးကားငယ်နဲ့ လာပြီးတော့ ကျနော်တို့ ရုံးနဲ့ မျက်စောင်းထိုးလောက် ဘာလောက်မှာ လာရပ်နေပြီးတော့ သူတို့ အင်အားနဲ့ လာပြီတော့ စောင့်ကြည့်တာတွေက အခု အဲဒါတွေ လုံးဝမရှိတော့ဘူး။ အေးအေးဆေးဆေးပါပဲ။ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်ပါပဲ ကျနော်တို့လည်း လုပ်နေကြပါတယ်။”
ဒီလ ၁၆ နေ့ကနေ ၁၈ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ်မယ့် ဈေးရောင်းပွဲတော်အတွင်းမှာတော့ တေးရေးဆရာ ကိုရဲလွင်နဲ့ ဟစ်ဟော့အဆိုတော် ဇေယျာသော်အပါအ၀င် အနုပညာရှင်တွေနဲ့ ပြည်နယ်နဲ့တိုင်းအသီးသီး အဖွဲ့ချုပ်ဝင် အနုပညာတွေရဲ့ တေးဂီတ ဖျော်ဖြေမှုတွေနဲ့အတူ သီချင်းဆိုပြိုင်ပွဲစတဲ့ ဖျော်ဖြေရေး အစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
Leave a Reply