ဘာသာရေး, လူမှုရေး, သတင်း, အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်, နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည် သီတဂူဆရာတော်ကို ဂါရဝပြုဖူးမြော်


အံ့ဘုန်းမြတ် ၁၅ ဇွန် ၂၀၁၁ (ဒီဗွီဘီ)

အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်က သဲကုန်း​ သပိတ်အိုင်​တောရ သီတဂူ ဆရာ​တော် ​ဒေါက်တာအရှင်ဉာဏိဿရကို သွား​ရောက် ဂါရဝပြု ဖူး​မြော်ကြည်ညိုခဲ့​ပါတယ်။

မ​နေ့ ည​နေ ၃ နာရီမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ဆရာ​တော်ဘုရား​ တည်ထောင်ပြီး​ မကြာခင်မှာ ဖွင့်​လှစ်ဖို့ပြင်ဆင်​နေတဲ့​ ဒဂုံမြို့သစ်​မြောက်ပိုင်း​က သီတဂူအပြည်ပြည်ဆိုင်ရာ ကမ္ဘာ့​ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) မှာ သွား​ရောက် ဂါရဝပြုဖူး​မြော် ကြည်ညိုခဲ့​တာ ဖြစ်တယ်လို့ အဖွဲ့ချုပ်ဗဟိုပြန်​ကြား​ရေး​အဖွဲ့ဝင် ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

ဆရာ​တော်ဘုရား​ကြီး​ရဲ့ မိန့်ကြား​ချက်​တွေကိုလည်း​ ဦး​အုန်း​ကြိုင်ကပဲ အခုလို ဆက်​ပြောပြပါတယ်။

“ည​နေ ၃ နာရီက​နေ ၅ နာရီအထိ ဆရာ​တော်ဘုရား​ကြီး​က​နေ သီတဂူဗုဒ္ဓတက္ကသိုလ်နဲ့ ပတ်သက်လို့လည်း​ကောင်း​၊​နောက်သူ​ဆောင်ရွက်​နေတဲ့​ သာသနာတော်နဲ့ပတ်သက်တဲ့​ သာသနာပြန့်ပွား​ရေး​လုပ်ငန်း​တွေနဲ့ ပတ်သက်ပြီး​တော့​သော်လည်း​ကောင်း​၊ ​နောက်​တော့​ သူစု​ဆောင်း​ထား​တဲ့​ သာသနာ့​သမိုင်း​၊​ ​နောက်​တော့​ မြန်မာယဉ်ကျေး​မှုသမိုင်း​စတဲ့​ အဲဒါ​တွေနဲ့ ပတ်သက်လို့လည်း​ကောင်း​ ဆရာ​တော်ဘုရား​ကြီး​က မိန့်ကြား​ပါတယ်။ အတွင်း​ရေး​မှူး​က ၂ နာရီကြာ ဝမ်း​မြောက်ဝမ်းသာ နာယူပါတယ်။ အဲဒီ​နောက် ဆရာ​တော်ဘုရား​ကြီး​က ည​နေ ၅ နာရီ​လောက်မှာ သူစီစဉ်ထား​တဲ့​ သီတဂူ ဗုဒ္ဓတက္ကသိုလ်ရဲ့ အ​ဆောင်အခန်း​များ​ကို လိုက်လံပြသတယ်။ အ​ထွေ​ထွေအတွင်း​ရေး​မှူး​က လိုက်လံကြည့်​ရှုပြီး​တော့​ ည​နေ ၅ နာရီခွဲ​လောက်မှာ ပြန်လည်ထွက်ခွာလာတယ်။”

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဆရာ​တော်အရှင်ဉာဏိဿရကို လွန်ခဲ့​တဲ့​ သုံး​လ​လောက်ကတည်း​က ကြည်ညိုဖူး​မြော်ဖို့ အစီအစဉ်ရှိ​ပေမယ့်​ အခုအချိန်မှ ဖူးမြှော်ခွင့်​ရတာဖြစ်တယ်လို့လည်း​ ဦး​အုန်း​ကြိုင်က ဆိုပါတယ်။

“အ​ထွေ​ထွေအတွင်း​ရေး​မှူး​က လွန်ခဲ့​တဲ့​ ၂ လ၊​ ၃ လ​ လောက်ကတည်း​က ဆရာ​တော်ဘုရား​ကြီး​ကို ဖူး​မြော်ဖို့ အစီအစဉ်ရှိတယ်လို့ သိပါတယ်။ ​နောက်ပိုင်း​ကျ​တော့​ ဆရာ​တော်ဘုရား​ကြီး​နဲ့ အခုလို ရန်ကုန်မှာဆုံဖို့ အခိုက်အတန့်​မကြုံတာရယ်၊​ တခြား​သော လုပ်ငန်း​တာဝန်​တွေက များ​ပြား​နေတာရယ်​ကြောင့်​ မဆုံဖြစ်တာပါ။ ဒီတခါ​တော့​ ဆိုက်ဆိုက်မြိုက်မြိုက် သွား​ပြီး​တော့​ ဖူး​မြော်တာလို့ ကျ​နော်ထင်ပါတယ်။”

မနက်ဖြန် ဒီလ (၁၆) ရက်​နေ့က စတင်ပြီး​ ၅ ရက်ကြာ ကျင်း​ပပြုလုပ်မယ့်​ သီတဂူ အပြည်အပြည်ဆိုင်ရာ ကမ္ဘာ့​ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်​ပွဲအခမ်း​အနား​ကို နိုင်ငံ​တော်သမ္မတအပါအဝင် ပြည်​ထောင်စု အစိုး​ရဝန်ကြီး​တွေ၊​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်အပါဝင် နိုင်ငံ​ရေး​ပါတီ​တွေနဲ့ အစိုး​ရမဟုတ်တဲ့​ လူမှု​ရေး​အသင်း​အဖွဲ့တွေကို ဆရာ​တော်ကြီး​က ဖိတ်ကြား​ခဲ​ပေမယ့်​လည်း​ အာဏာပိုင်​တွေဘက်က နိုင်ငံ​ရေး​ပါတီ​တွေကို ဖိတ်ကြား​တာ ခွင့်​မပြုတာ​ကြောင့်​ လူပုဂ္ဂိုလ်​တွေအလိုက် ပြန်လည် ပြင်ဆင်ဖိတ်ကြား​ခဲ့​ရပါတယ်။

ဒီလိုပြင်ဆင်ဖိတ်ကြားလွှာကို လက်ခံရရှိထား​တဲ့​ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်သန်းသန်းနုက အခုလို​ပြောပါတယ်။

“သူက ကျမတို့ကို ဖိတ်စာအသစ်​ပေး​တဲ့​နေရာမှာ စာတ​စောင်တွဲပါလာတယ်။ အဲဒါက​တော့​ အတွင်း​ရေး​မှူး ဦး​ဟန်က လက်မှတ်ထိုး​ပြီး​ပါလာတယ်။ အဲဒီစာမှာ​တော့​ ဒီပွဲလုပ်ရတာက စစ်ကိုင်း​က ဗုဒ္ဓတက္ကသိုလ်ရဲ့ ဌာနခွဲတခု​ပေါ့​။ မန္တ​လေး​မှာလည်း​ တခုရှိတယ်။ အခုရန်ကုန်ဌာန​ပေါ့​။ အဲဒီရန်ကုန်ဌာနခွဲရဲ့ ဖွင့်​ပွဲကို ဆရာတော်က တက်​စေချင်တာလည်း​ ပါတယ်။ ​နောက်တခါ သီတဂူ ဗုဒ္ဓတက္ကသိုလ်အ​နေနဲ့ ဗုဒ္ဓနဲ့ ပတ်သက်တဲ့​ ထိန်း​သိမ်း​စရာ​တွေ၊​ တရား​တော်​တွေ၊​ အကုန်လုံး​ထိန်း​သိမ်း​စရာရှိတာ​တွေကို ဘယ်လိုထိန်း​သိမ်း​ပြုစုထား​တယ်ဆိုတာ ပြချင်တာ အဲဒါလည်း​ပါတယ်။ ​နောက်တခုက သာသနာပြန့်ပွား​ရေး​အတွက် ဘယ်လို​ဆောင်ရွက်​နေပါတယ်ဆိုတာကို အဲဒါကို သိ​စေချင်တာလည်း​ ပါတယ်။ နိုင်ငံ​ရေး​အတွက် မဟုတ်ပါဘူး​။ အဲဒီလိုဟာ​လေး​ပါလာတယ်။ အဲဒီက​နေပြီး​တော့​ ဘယ်လိုရလဒ်​တွေ ထွက်လာမလဲဆိုတာ​တော့​ ကျမလည်း​မသိဘူး​။ ဆရာ​တော်ကြီး​က ဘယ်လိုမိန့်မလည်း​ မသိဘူး​။ တခုရှိတာက​တော့​ ဆရာ​တော်အ​နေနဲ့က အား​လုံး​သင့်​သင့်​မြတ်မြတ်နဲ့ အကုန်လုံး​လက်တွဲ ​ဆောင်ရွက်ကြဖို့ပေါ့​၊ နိုင်ငံ​တော် တည်​ဆောက်​ရေး​ကာလမှာ၊။ အဲလိုပဲ ​ပြောဖို့ရှိတာပဲ။ ဒါက​တော့​ ဆရာ​တော်အ​နေနဲ့ ဆိုရင်လည်း​ ဒီလို​ပြောမယ်။ လူကြီး​သူမ​တွေ ​ခေါ်လည်း​ ဒီလို​ပြောမယ်။ ဒါပဲရှိတာပဲ​လေ။”

သဲကုန်း​သပိတ်အိုင်​တောရ သီတဂူဆရာ​တော် ​ဒေါက်တာအရှင်ဉာဏိဿရဟာ သီတဂူအပြည်အပြည်ဆိုင်ရာ ကမ္ဘာ့​ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း​) ကို ၁၉၉၆ က စတင်တည်​ထောင်ဖွင့်​လှစ်ခဲ့​တာဖြစ်ပြီး​ မန္တ​လေး​နဲ့ ရန်ကုန်မြို့တွေမှာ ​ကျောင်း​တိုက်​တွေကို ထပ်မံတိုး​ချဲဖွင့်​လှစ်​နေတာ ဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: