အံ့ဘုန်းမြတ် ၁၅ ဇွန် ၂၀၁၁ (ဒီဗွီဘီ)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က သဲကုန်း သပိတ်အိုင်တောရ သီတဂူ ဆရာတော် ဒေါက်တာအရှင်ဉာဏိဿရကို သွားရောက် ဂါရဝပြု ဖူးမြော်ကြည်ညိုခဲ့ပါတယ်။
မနေ့ ညနေ ၃ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်က ဆရာတော်ဘုရား တည်ထောင်ပြီး မကြာခင်မှာ ဖွင့်လှစ်ဖို့ပြင်ဆင်နေတဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းက သီတဂူအပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) မှာ သွားရောက် ဂါရဝပြုဖူးမြော် ကြည်ညိုခဲ့တာ ဖြစ်တယ်လို့ အဖွဲ့ချုပ်ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။
ဆရာတော်ဘုရားကြီးရဲ့ မိန့်ကြားချက်တွေကိုလည်း ဦးအုန်းကြိုင်ကပဲ အခုလို ဆက်ပြောပြပါတယ်။
“ညနေ ၃ နာရီကနေ ၅ နာရီအထိ ဆရာတော်ဘုရားကြီးကနေ သီတဂူဗုဒ္ဓတက္ကသိုလ်နဲ့ ပတ်သက်လို့လည်းကောင်း၊နောက်သူဆောင်ရွက်နေတဲ့ သာသနာတော်နဲ့ပတ်သက်တဲ့ သာသနာပြန့်ပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့သော်လည်းကောင်း၊ နောက်တော့ သူစုဆောင်းထားတဲ့ သာသနာ့သမိုင်း၊ နောက်တော့ မြန်မာယဉ်ကျေးမှုသမိုင်းစတဲ့ အဲဒါတွေနဲ့ ပတ်သက်လို့လည်းကောင်း ဆရာတော်ဘုရားကြီးက မိန့်ကြားပါတယ်။ အတွင်းရေးမှူးက ၂ နာရီကြာ ဝမ်းမြောက်ဝမ်းသာ နာယူပါတယ်။ အဲဒီနောက် ဆရာတော်ဘုရားကြီးက ညနေ ၅ နာရီလောက်မှာ သူစီစဉ်ထားတဲ့ သီတဂူ ဗုဒ္ဓတက္ကသိုလ်ရဲ့ အဆောင်အခန်းများကို လိုက်လံပြသတယ်။ အထွေထွေအတွင်းရေးမှူးက လိုက်လံကြည့်ရှုပြီးတော့ ညနေ ၅ နာရီခွဲလောက်မှာ ပြန်လည်ထွက်ခွာလာတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ဆရာတော်အရှင်ဉာဏိဿရကို လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ကြည်ညိုဖူးမြော်ဖို့ အစီအစဉ်ရှိပေမယ့် အခုအချိန်မှ ဖူးမြှော်ခွင့်ရတာဖြစ်တယ်လို့လည်း ဦးအုန်းကြိုင်က ဆိုပါတယ်။
“အထွေထွေအတွင်းရေးမှူးက လွန်ခဲ့တဲ့ ၂ လ၊ ၃ လ လောက်ကတည်းက ဆရာတော်ဘုရားကြီးကို ဖူးမြော်ဖို့ အစီအစဉ်ရှိတယ်လို့ သိပါတယ်။ နောက်ပိုင်းကျတော့ ဆရာတော်ဘုရားကြီးနဲ့ အခုလို ရန်ကုန်မှာဆုံဖို့ အခိုက်အတန့်မကြုံတာရယ်၊ တခြားသော လုပ်ငန်းတာဝန်တွေက များပြားနေတာရယ်ကြောင့် မဆုံဖြစ်တာပါ။ ဒီတခါတော့ ဆိုက်ဆိုက်မြိုက်မြိုက် သွားပြီးတော့ ဖူးမြော်တာလို့ ကျနော်ထင်ပါတယ်။”
မနက်ဖြန် ဒီလ (၁၆) ရက်နေ့က စတင်ပြီး ၅ ရက်ကြာ ကျင်းပပြုလုပ်မယ့် သီတဂူ အပြည်အပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်သမ္မတအပါအဝင် ပြည်ထောင်စု အစိုးရဝန်ကြီးတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါဝင် နိုင်ငံရေးပါတီတွေနဲ့ အစိုးရမဟုတ်တဲ့ လူမှုရေးအသင်းအဖွဲ့တွေကို ဆရာတော်ကြီးက ဖိတ်ကြားခဲပေမယ့်လည်း အာဏာပိုင်တွေဘက်က နိုင်ငံရေးပါတီတွေကို ဖိတ်ကြားတာ ခွင့်မပြုတာကြောင့် လူပုဂ္ဂိုလ်တွေအလိုက် ပြန်လည် ပြင်ဆင်ဖိတ်ကြားခဲ့ရပါတယ်။
ဒီလိုပြင်ဆင်ဖိတ်ကြားလွှာကို လက်ခံရရှိထားတဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနုက အခုလိုပြောပါတယ်။
“သူက ကျမတို့ကို ဖိတ်စာအသစ်ပေးတဲ့နေရာမှာ စာတစောင်တွဲပါလာတယ်။ အဲဒါကတော့ အတွင်းရေးမှူး ဦးဟန်က လက်မှတ်ထိုးပြီးပါလာတယ်။ အဲဒီစာမှာတော့ ဒီပွဲလုပ်ရတာက စစ်ကိုင်းက ဗုဒ္ဓတက္ကသိုလ်ရဲ့ ဌာနခွဲတခုပေါ့။ မန္တလေးမှာလည်း တခုရှိတယ်။ အခုရန်ကုန်ဌာနပေါ့။ အဲဒီရန်ကုန်ဌာနခွဲရဲ့ ဖွင့်ပွဲကို ဆရာတော်က တက်စေချင်တာလည်း ပါတယ်။ နောက်တခါ သီတဂူ ဗုဒ္ဓတက္ကသိုလ်အနေနဲ့ ဗုဒ္ဓနဲ့ ပတ်သက်တဲ့ ထိန်းသိမ်းစရာတွေ၊ တရားတော်တွေ၊ အကုန်လုံးထိန်းသိမ်းစရာရှိတာတွေကို ဘယ်လိုထိန်းသိမ်းပြုစုထားတယ်ဆိုတာ ပြချင်တာ အဲဒါလည်းပါတယ်။ နောက်တခုက သာသနာပြန့်ပွားရေးအတွက် ဘယ်လိုဆောင်ရွက်နေပါတယ်ဆိုတာကို အဲဒါကို သိစေချင်တာလည်း ပါတယ်။ နိုင်ငံရေးအတွက် မဟုတ်ပါဘူး။ အဲဒီလိုဟာလေးပါလာတယ်။ အဲဒီကနေပြီးတော့ ဘယ်လိုရလဒ်တွေ ထွက်လာမလဲဆိုတာတော့ ကျမလည်းမသိဘူး။ ဆရာတော်ကြီးက ဘယ်လိုမိန့်မလည်း မသိဘူး။ တခုရှိတာကတော့ ဆရာတော်အနေနဲ့က အားလုံးသင့်သင့်မြတ်မြတ်နဲ့ အကုန်လုံးလက်တွဲ ဆောင်ရွက်ကြဖို့ပေါ့၊ နိုင်ငံတော် တည်ဆောက်ရေးကာလမှာ၊။ အဲလိုပဲ ပြောဖို့ရှိတာပဲ။ ဒါကတော့ ဆရာတော်အနေနဲ့ ဆိုရင်လည်း ဒီလိုပြောမယ်။ လူကြီးသူမတွေ ခေါ်လည်း ဒီလိုပြောမယ်။ ဒါပဲရှိတာပဲလေ။”
သဲကုန်းသပိတ်အိုင်တောရ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရဟာ သီတဂူအပြည်အပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ကို ၁၉၉၆ က စတင်တည်ထောင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မန္တလေးနဲ့ ရန်ကုန်မြို့တွေမှာ ကျောင်းတိုက်တွေကို ထပ်မံတိုးချဲဖွင့်လှစ်နေတာ ဖြစ်ပါတယ်။
Leave a Reply