အံ့ဘုန်းမြတ် ၁၃ ဇွန် ၂၀၁၁ (ဒီဗွီဘီ)
ရွေးကောက်ပွဲရလဒ် အငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး နေပြည်တော် ပြည်ထောင်စုရွေး ကောက်ပွဲကျင်းပရေးကော်မရှင်မှာ တိုင်ကြားခံထားရတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးရဲ့အမှုကို တရားရုံးက အနိုင်ပေးလိုက်ပြီလို့ သိရပါတယ်။
ဒီလ (၁၀) ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တရားရုံးက တရားလို ကြံ့ခိုင်ရေးပါတီက ကိုယ်စား လှယ်လောင်း စာရေးဆရာ တက္ကသိုလ်မြတ်သူ (ခေါ်) ဦးကျော်ဇင်ညွန့်ရဲ့ ကန့်ကွက်မှုကိုပယ်ချပြီး ဒေါက်တာမြတ်ဥာဏစိုးကို အနိုင်ပေးလိုက်တာဖြစ်တယ်လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးမြင့်သွင်က ပြောပါတယ်။
“၁၀ ရက်နေ့ မနက် ဆယ်နာရီခွဲလောက်က အမိန်ချတာခင်ဗျ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဆရာမြတ်သူရဲ့ ကန့်ကွက်လွှာကို ပယ်တဲ့အမိန့်ချပါတယ်။ ဒေါက်တာမြတ် ဉာဏစိုးကို အနိုင်ပေးပါတယ်။ ဒေါက်တာမြတ်ဉာဏစိုးရဲ့ တရားစရိတ်တွေနဲ့ ပတ်သက်လို့ ဦးမြတ်သူဘက်ကနေ ၅ သိန်း ပေးလျှော်ရမယ်လို့ အမိန့်ချတယ်။ ဒါပေမယ့် ဒေါက်တာမြတ်ဉာဏစိုးက ဆရာမြတ်သူစီကနေ တရားစရိတ်တွေကို မသွင်းပါနဲ့ သူမယူတော့ပါဘူးဆိုပြီးတော့ ကော်မရှင်ခုံအဖွဲ့ကို စာပြန်တင်ပါတယ်။”
ကြံ့ခိုင်ပါတီဝင် ကိုယ်စားလှယ်တွေ တိုင်ကြားထားတဲ့အမှုတွေထဲက ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမှုကိုလည်း ကော်မရှင်က ဒီလ (၁၇) ရက်နေ့မှာ စီရင်ချက်ချမှတ်ဖို့ရှိနေပြီး ဒီအ မှုရဲ့ အမှုသွားအမှုလာ အခြေအနေကိုလည်း ဦးမြင့်သွင်က အခုလို ပြောပါတယ်။
“ဦးမြ၀င်းကနေပြီးတော့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်က ဒေါ်တင်တင်မာကို ကန့်ကွက်တဲ့အမှုက ၁၇ ရက်နေ့မှ အမိန့်ချမှာ။ ဥပဒေအရတော့ ကောင်းတယ်လို့ပြောရမှာပါ။ တဖက်က ကန့်ကွက်တာက ကျနော်တို့ ရွေးကောက်ပွဲ ဥပဒေအခန်း ၁၄၊ ပုဒ်မ ၆၆ မှာရှိတဲ့ တရားမဲ့ ပြုကျင့်မှုတွေကိုလည်း မငြိစွန်းပါဘူး။ ပုဒ်မ ၇၃ တို့၊ ၇၁ တို့အရလည်း ဒီတရားမဲ့ပြုကျင့်မှုကို မငြိစွန်းတဲ့အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဦးမြ၀င်း ကန့်ကွက်တာကိုလည်း ပယ်မယ်လို့တော့ ယူဆပါတယ်။”
ရွေးကောက်ပွဲကာလအတွင်းက အဓမ္မပြုကျင့်မှုအပါအ၀င် အစိုးရနဲ့ ကြံ့ခိုင်ရေးပါတီကို ပုတ်ခတ် မဲဆွဲစည်းရုံးခဲ့တယ်လို့ စွပ်စွဲတိုင်ကြား ခံထားရတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် (၉) ဦးရဲ့ အမှုတွေကို လည်း ကြားနေပြီး ကော်မရှင်က မဲတွေကို ပြန်ပြီးရေတွက်မှုတွေ ပြုလုပ်နေပါတယ်။
ရွေးကောက်ပွဲရလဒ်တွေနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီနဲ့ အခြားနိုင်ငံရေးပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေ အပြန်အလှန် တိုင်ကြားထားတဲ့ ၂၉ မှုရှိပြီး အဲ့ဒီထဲက အမှု ၂၀ ကျော်က ကြံ့ခိုင်ရေးပါတီက တိုင်ကြားထားတာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ဒီအမှုတွေထဲက ၆ မှုကို ကော်မရှင်က ဆုံးဖြတ်ချက်ထားပြီး တိုင်ကြားခံရထားတဲ့ ဒီမိုကရက်တစ်အင်အားစုပါတီတွေက ကိုယ်စားလှယ်တွေ အနိုင်ရရှိထားပါတယ်။ ဒါပေမယ့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးရုံးတွေနဲ့ ရဲစခန်းတွေမှာ ပြစ်မှုဆိုင်ရာဥပဒေတွေနဲ့ တိုင်ကြားထားတဲ့ ရွေးကောက်ပွဲကာလအတွင်းက မဲမသမာမှုတွေနဲ့ ပတ်သက်လို့ကတော့ (၇) လကျော် ကြာမြင့်လာတဲ့ အခုအချိန်အထိ တစုံတရာကိုင်တွယ် ဆောင်ရွက်တာမျိုး မရှိသေးပါဘူး။
Leave a Reply