အံ့ဘုန်းမြတ် ၁၃ ဇွန် ၂၀၁၁ (ဒီဗွီဘီ)
ဒီလ ၁၄ ရက်နေ့မှာပြုလုပ်မယ့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေအနေနဲ့ ကန့်သက်ချက်တွေကြားကပဲ သတင်းယူခွင့်ရရှိမှာဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲကို တက်ရောက် သတင်းယူမယ့် သတင်းဂျာနယ်တွေက သတင်းထောက်တွေ၊ အယ်ဒီတာတွေအနေနဲ့ ဓာတ်ပုံနှစ်ပုံ၊ မှတ်ပုံတင် အမှတ်၊ ကင်မရာအမျိုးအစား၊ ဟန်းဖုန်းအမျိုးအစား၊ အသံဖမ်းစက် အမျိုးအစားတွေကအစ အစိုးရအဖွဲ့ကို မေးမြန်းမယ့် မေးခွန်းတွေကိုပါ ဂျာနယ်အယ်ဒီတာချုပ်တွေရဲ့ ခွင့်ပြုချက်လက်မှတ်နဲ့ စာပေစိစစ်ရေးကို ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ နောက်ဆုံးထား ပေးပို့ခဲ့ကြရတာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေက တကြိမ်၊ မေလ ၁၇ ရက်နေ့မှာ တကြိမ်ကျင်းပခဲ့ပြီး သတင်းစာရှင်းလင်းပွဲရဲ့ ရုပ်သံမှတ်တမ်းကို ဒီဗွီဘီက ထုတ်လွှင့်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သတင်းစာရှင်းလင်းပွဲတွေကို ရပ်နားခဲ့အပြီး အခုလို ကန့်သက်ချက်တွေနဲ့ ပြန်လည်ပြုလုပ်လာတာလည်း ဖြစ်ပါတယ်။ ဒီလိုကန့်သက်ချက်တွေကြောင့် သတင်းမီဒီယာသမားတွေကို အဆင်မပြေ ဖြစ်စေတယ်လို့ သတင်းဂျာနယ် အယ်ဒီတာတဦးက ဆိုပါတယ်။
“သူတို့တကယ် သတင်းမထုတ်ပြန်ချင်တဲ့ ကိစ္စမျိုးကို မေးတဲ့အခါမှာ သူတို့က ပြောရဆိုရ မေးမြန်းခံရတာ အခက်အခဲရှိတယ်။ အခက်အခဲရှိတော့ တဖက်ကလည်း သူတို့က မီဒီယာသမားတွေကို တွေ့တယ်ဆိုတာလည်း သူတို့က လုပ်ချင်တယ်။ တဖက်ကလည်း လိုက်မေးတာတွေက ပြဿနာရှိတယ်။ နောက်တခုက ဒီမီဒီယာ တွေ့ဆုံပွဲကနေ ပြည်ပမီဒီယာတွေကို အကြောင်းအမျိုးမျိုးကြောင့် ရောက်သွားနိုင်တဲ့ ပုံစံမျိုးတွေလည်းရှိတယ်။ ဒါကြောင့်မို့လို့ သူတို့က ဗွီဒီယိုကင်မရာတွေ ယူလာတာမျိုး ခွင့်မပြုတာတို့၊ နောက်တခုက မေးခွန်းတွေကို ကြိုတင်ထားရတာမျိုးတို့ အဲဒါမျိုး အကန့်အသတ်တွေဖြစ်လာတာပေါ့။ အဲလိုကန့်သတ်လာတော့ ပြောရရင် သိပ်တော့အဆင်မပြေဘူးပေါ့ မီဒီယာသမားတွေ အတွက်ကတော့။”
ဒါ့အပြင် အစိုးရအဖွဲ့အနေနဲ့ သတင်းမီဒီယာတွေကို အသုံးချသလို မဖြစ်ဖို့ကိုလည်း အယ်ဒီတာက အခုလို ထောက်ပြပါတယ်။
“အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါမှာ တကယ့်ပြဿနာမျိုးတွေကို ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း သိသွားအောင်လို့သာ မေးပေးရမယ့်တာဝန်က မီဒီယာသမားတွေရဲ့ တာဝန်လေ။ ဒီတာဝန်တွေကို မီဒီယာသမားတွေ လုပ်ချင်ပေမယ့်လည်း တဖက်က သူတို့ဘက်ကလည်း ပွင့်ပွင့်လင်းလင်း မပြောနိုင်တဲ့ ကိစ္စတွေရှိနေပြီးတော့ သူတို့ပြောချင်တာလေးတခု ပြောဖို့အတွက် မီဒီယာသမားကို အသုံးချတာမျိုး မဖြစ်စေချင်ဘူးပေါ့။ ပုံမှန်အားဖြင့် မီဒီယာသမားတွေကလည်း သိချင်တာကို မေးခွင့်ရှိရမယ်။ သူတို့ကလည်း သူတို့ပြောချင်တာကို မီဒီယာသမားတွေကို ပြောရမယ်။ အပြန်အလှန်တော့ ဖြစ်ရမယ်။ ကိုယ်ပြောချင်တာ တခုတည်းကို မီဒီယာသမားတွေကို ခေါ်ပြောတဲ့ကိစ္စတော့ မကောင်းဘူးပေါ့။ အသုံးချသလို ဖြစ်တယ်လို့ စိတ်ထဲမှာ ခံစားရတယ်။”
သတင်းစာရှင်းလင်းပွဲကို တက်ရောက်မယ့် အခြားအယ်ဒီတာတဦးကတော့ သတင်းမီဒီယာသမားတွေတင်မက အစိုးရအဖွဲ့ဝင်တွေနဲ့အတူ လွှတ်တော်အလိုက် ရွေးကောက်တင်မြှောက်ခံထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါ တက်ရောက်ပြီး ၃ ပွင့်ဆိုင် မေးမြန်းဖြေကြားတာမျိုးတွေ ပိုဖြစ်သင့်သလို အခြားပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက အစိုးရအဖွဲ့တွေအနေနဲ့လည်း အလားတူ သတင်းစာရှင်းလင်းပွဲမျိုးတွေ လိုက်လုပ်ဖို့တယ်လို့လည်း အကြံပြု ပြောဆိုထားပါတယ်။ မနက်ဖြန်မှာလုပ်မယ့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာသမားတွေ ဘယ်လောက်အထိ လွတ်လွတ်လပ်လပ်မေးမြန်းခွင့် ရရှိမယ်ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Leave a Reply