အံ့ဘုန်းမြတ် (၈ မေ ၂၀၁၁) (ဒီဗွီဘီ)
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကာလတုန်းက မဲမသမာမှုတွေနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ် တွေနဲ့ အရပ်သားပါတီတွေ၊ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေ အပြန်လှန် စွပ်စွဲတိုင်းကြားထားတဲ့ အမှုတွေမှာ ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်အချို့ ရွေးကောက်ပွဲရလဒ်တွေကို ပြောင်းပြန်ဖြစ်အောင် မလုပ်ဆောင်နိုင်ကြတဲ့ အခြေအနေမျိုးတွေ ဖြစ်နေပါတယ်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ် ၉ ဦးကို မဲသမာမှု၊ နိုင်ငံတော်အစိုးရနဲ့ ကြံ့ခိုင်ရေးပါတီကို ပုတ်ခတ် မဲဆွဲစည်းရုံးမှုတွေအပါအ၀င် မဲရုံးမှူးတွေက မဲအောင်နိုင်ရေးမှာ ပူးပေါင်းကြံစည် လုပ်ဆောင်မှုစတဲ့ စွပ်စွဲချက်တွေနဲ့ နေပြည်တော် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် တရားရုံးမှာ ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက တိုင်ကြားထားတဲ့အမှုတွေမှာ သက်သေခံအချက်အလက်တွေ မလုံလောက် တာကြောင့် အဲဒီလိုဖြစ်နေတာပါ။
ဒါ့အပြင် မဲရုံမှုးတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တဲ့ တိုင်ကြားချက်တွေနဲ့ပတ်သက်ပြီးတော့ မဲတွေပြန်လည် ရေတွက်ရာမှာလည်း အရေးနိမ့်နေတုန်းပဲလို့ တရားစွဲဆိုခံထားရတဲ့ မြေပုံမြို့နယ် မဲဆန္ဒနယ်မြေက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အခုလို ပြောပြပါတယ်။
“ပယ်မဲကို ပြန်ရေတွက်မယ်လို့ ခုံရုံးက ဆုံးဖြတ်တယ်။ ဆုံးဖြတ်ချက်အတိုင်းပဲ အခုပယ်မဲကို ပြန်ရေနေတယ်။ ရေတဲ့အခါမှာလည်း တကယ်တမ်းထွက်လာတာက ကျနော်တို့ဘက်ကပဲ ပယ်မဲတွေ ပိုထွက်လာတယ်။ သူတို့ဘက်က ပယ်မဲတွေထွက်မလာဘူး။ အဲဒါတရားရုံးက သိသွားပြီးတော့ တပိုင်းတစမှာပဲ ရပ်ထားလိုက်ပါတယ်။ အဲဒီဟာ ဆက်မရေတော့ဘူး။ ပယ်မဲကိစ္စမဟုတ်ဘူး ဆိုပြီးတော့ တရားရုံးက အတည်ပြုပါတယ်။ ဘာလို့လဲဆိုတော့ မဲရုံမှူးတွေ ကော်မရှင်တွေဆိုတာက ကျနော်တို့ ဘက်က ဘယ်သူက ပိုပြီး သာသာတင်းတင်း ရပ်တည်ရဲမလဲ၊ သူတို့ဘက်ကပဲ ရပ်တည်တာပေါ့။ သူတို့လုပ်ပေးတယ်ဆိုရင်လည်း သူတို့ဘက်ကပဲ လုပ်ပေးပါလိမ့်မယ်။ ကျနော်တို့ဘက်က လုပ်ပေးစရာ အကြောင်းမရှိဘူးလေ။”
လက်ရှိအခြေအနေမှာတော့ ဒီအမှု ၉ ခုထဲက တခုအတွက် မဲတွေ ပြန်လည်ရေတွက်လို့ပြီးထားပြီး လာမယ့် ၁၅ ရက်နေ့မှာ အမိန့်ချဖို့ရှိနေပါတယ်။
ဒါ့အပြင် ကျန်တိုင်ကြားခံထားရတဲ့ ကိုယ်စားလှယ်တွေရဲ့ မဲရလဒ်တွေကိုလည်း ကော်မရှင်က ပြန်လည်ရေတွက်ဦးမှာဖြစ်ပြီး ဆက်တိုက်လိုလို စီရင်ချက်တွေ ချမှတ်သွားမှာဖြစ်တယ်လို့လည်း ဦးဖေသန်းက ဆိုပါတယ်။
ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင် တရားရုံးရဲ့ တရားစီရင်ရေးတွေနဲ့ပတ်သက်ပြီးတော့လည်း ဦးဖေသန်းက အခုလို မှတ်ချက်ပေး ပြောဆိုပါတယ်။
“တရားရုံးကလည်း သမာသမတ်ကျကျ မေးတာ ဖြေတာတွေကို စစ်ဆေးတာ ဘက်လိုက်မှု ပုံစံမျိုးမတွေ့ရဘူး။ တခါတလေ ကျနော်တို့ ဘက်ကတောင် သူတို့ဝင်းရှင်းတာတောင် ရှိသေးတယ်။ ဘာလို့လဲဆိုတော့ သူတို့တိုင်ချက်တွေက မဲရလဒ်တခုလုံး ပြောင်းပြန်ဖြစ်လောက်အောင်ထိ အခြေအနေမရှိဘူး။ ရုံးတော်ကလည်း သမာသမတ်ကျကျနဲ့ စစ်တယ်ဆိုရင်တော့ ခုံရုံးက ဘက်မလိုက်ဘဲ မျှမျှတတ ကြားနာမယ်ဆိုရင်တော့ ကျနော်တို့အမှုတွေက အတိုင်ခံရတဲ့ လူတွေဘက်ကပဲ နိုင်မယ်လို့ ယူဆတယ်။”
ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် အပြန်အလှန် တိုင်ကြားထားတဲ့ အမှု ၂၉ မှုရှိနေပြီး အဲဒီထဲမှာ ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေက တိုင်ကြားထားတဲ့ အမှုတွေ အများဆုံးပါဝင်နေတာပါ။
လက်ရှိအခြေအနေမှာတော့ ဒီအမှုတွေထဲက ၃ မှုကိုပဲ တရားရုံးက စီရင်ချက် ချမှတ်ထားပြီး ကျန်အမှုတွေကို စစ်ဆေး နေဆဲဖြစ်ပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲကာလတုန်းက ကိစ္စတွေနဲ့ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးရုံးတွေနဲ့ ဒေသဆိုင်ရာ ရဲစခန်းတွေမှာ ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့ တိုင်ကြားထားတဲ့ အမှုတွေကိုတော့ တစုံတရာ ကိုင်တွယ်စစ်ဆေးတာမျိုး မရှိသေးပါဘူး။
Leave a Reply