အံ့ဘုန်းမြတ် ( ၆ ဇွန် ၂၀၁၁) (ဒီဗွီဘီ)
သောတရှင်များရှင်။ သီတဂူ ဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ သူဦးဆောင်ပြီးတည်ဆောက်ဖွင့်လှစ်မယ့် သီတဂူ အပြည်အပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ဖွင့်ပွဲအခမ်းအနားကို အစိုးရအဖွဲ့ဝင်တွေ၊ နိုင်ငံရေး ပါတီတွေနဲ့ လူမှုရေးအသင်းအဖွဲ့ဝင်တွေ အားလုံးကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။ ဒီလ ၁၆ ရက်နေ့ ကနေ စတင်ပြီး ၅ ရက်ကြာ ကျင်းပပြုလုပ်မယ့် ဖွင့်ပွဲအခမ်အနားကို သမ္မတတွေ၊ ပြည်ထောင်စု အစိုးရ၀န်ကြီးတွေနဲ့ နိုင်ငံရေးပါတီတွေထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါဝင် နိုင်ငံရေး ပါတီတွေ၊ အစိုးရမဟုတ်တဲ့ လူမှုရေးအသင်းအဖွဲ့တွေ အားလုံးကို သီးခြားဆီဖိတ်ကြားပြီး ကျင်းပပြုလုပ်ဖို့ စီစဉ်နေတာလဲ ဖြစ်ပါတယ်။ ဒီလိုစီစဉ်နေတာနဲ့ပတ်သက်ပြီး ဆရာတော်အရှင်ဉာဏိဿရရဲ့ ဂေါပက ဦးဟန်က အခန်းအနား အစီအစဉ်တွေကို အခုလို ပြောပြပါတယ်။
“အစီအစဉ်လုပ်ထားတာတော့ နိုင်ငံတော် သံဃာမဟာ နာယက ကြွမှာရှိတယ်။ အဲလိုတွေတော့ ပြင်ဆင်ပြီးတော့ လုပ်ထားတာရှိတယ်။ သူ့ရက်နဲ့သူတော့ လုပ်ထားတာတော့ ဟုတ်တယ်။ ဒုတိယနေ့မှာလည်း လူကြီးတွေတင်မဟုတ်ဘူး။ သံရုံးတွေ အဖွဲ့အစည်းတွေပေါ့။ အဲဒါတွေအကုန်ဖိတ်ထားတယ်။ တတိယနေ့မှာလည်း အသင်းအဖွဲ့တွေ အစုံပါမယ်လို့တော့ ပြောတာပဲ။ နိုင်ငံရေးကော လူမှုရေးကော၊ ဘာသာရေးကော၊ အစုံပေါ့။ အဲဒါတွေအကုန်လုံးပါမယ်။ ဆရာတော်ကြီးက သူလာမှသွားဆိုပြီး မိန့်ထားတာ၊ ကျနော်တို့က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတာ။
ဆရာတော်အရှင်ဉာဏိဿရရဲ့ ဂေါပက ဦးဟန်ပြောကြားခဲ့တာပါ။ ဖိတ်စာကို လက်ခံရရှိထားတဲ့ မတူကွဲပြား ခြင်းနဲ့ ငြိမ်းချမ်းရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးတင်မောင်အေးကလည်း
“ထူးခြားတာတော့ လာဖိတ်တဲ့လူတွေရဲ့ ဖိတ်စာစာရင်းထဲမှာ အန်အယ်ဒီတို့ ဘာတို့ အကုန်လုံး ဖိတ်မှာပါ။ ဆရာတော်ကြီးက အကုန်လုံးဖိတ်ခိုင်းတာ။ အခုလက်ရှိကတော့ သီတဂူ ဆရာတော်ကြီးရဲ့ မိန့်ကြားချက်နဲ့ လိုက်ဖိတ်ရတာ။ ဖိတ်စာကိုတော့ ပါတီတွေကိုတော့ ခေါင်းဆောင်တွေကိုပဲ အဓိက ထားဖိတ်တယ်။”
မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးတင်မောင်အေးပြောပြခဲ့တာပါ။ ဆရာတော်အရှင် ဥာဏီဿရဟာ သီတဂူအပြည်အပြည်ဆိုင်ရာ ကမ္ဘာ့ဗုဒ္ဓတကသိုလ် စစ်ကိုင်းကို ၁၉၉၆ က စတင်တည်ထောင်ဖွင့်လှစ် ခဲ့တာဖြစ်ပြီး မန္တလေးနဲ့ ရန်ကုန်တွေမှာ ကျောင်းတွေကို ထပ်မံတိုးချဲဖွင့်လှစ်ဖို့ ပြင်ဆင်ထားရာက ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကို လာမယ့် ၁၆ ရက်နေ့မှာ စတင်ဖွင့်လှစ်မှာလဲဖြစ်ပါတယ်။
Leave a Reply