စာနယ်ဇင်း, စာပေ, သတင်း, အနုပညာ

စီစစ်ရေးကင်းလွတ်ခွင့် စာနယ်ဇင်းလောကသားများ သတိနဲ့ကြိုဆို


အံ့ဘုန်းမြတ် (၈ ဇွန် ၂၀၁၁) (ဒီဗွီဘီ)

ဒီကနေ့မှာပဲ တရားဝင်စတင်ကြေညာလိုက်တဲ့ အမျိုးအစားတွေလိုက် စာပေစီစစ်ရေးကို တင်စရာမလိုတော့တဲ့ မူဝါဒတွေနဲ့အတူ အာမခံငွေအဖြစ် ကျပ်သိန်း ၅၀ တင်ဆောင်ရမယ့်ကိစ္စတွေ၊ ပြစ်မှုတွေကို ကိုင်တွယ်ဖြေရှင်းမယ့် နည်းလမ်းတွေမှာ ဘ၀မကျနိုင်တဲ့ အချက်အလက်အချို့ ပါဝါနေတာကြောင့် စာနယ်ဇင်း လောကသားတွေ သတိနဲ့ ကြိုဆိုလိုက်ကြပါတယ်။ အဲ့ဒီထဲက သတင်းဂျာနယ်တစ်စောင်ရဲ့ တာဝန်ခံအယ်ဒီတာ တစ်ဦးရဲ့ အမြင်ကတော့

“ကျနော့်အမြင်ကတော့ ကိုယ်ရေးတဲ့ဟာတွေ ကိုယ်တာဝန်ခံရမယ်၊ ပြီးတော့မှ ရေးတဲ့ဟာက ဥပဒေရဲ့ အဆုံးအဖြတ်ကို ခံယူရမယ်ဆိုတဲ့ဟာကျတော့ ကျနော်တို့ သဘောကျတယ်။ လွတ်လွတ်လပ်လပ်လည်း ရေးချင်တာပေါ့။ ဒါပေမယ့်အခု သူတို့ရှင်းပြသွားတဲ့ထဲမှာ တရားရုံးက ၂ခုလို ဖြစ်နေတယ်။ ပထမ တရားရုံးကတော့ စာပေစိစစ်ရေးက ကိုင်တွယ်တဲ့ တရားရုံးတခု၊ အဲဒီတရားရုံးက ပထမပြဿနာ တခုပေါ်ရင် သူတို့ဆုံးဖြတ်မယ်။ ၂ ဖက်တော့ ကြားနာခွင့်ရှိပါတယ်။ ဒါပေမယ့် ဆုံးဖြတ်မှာက သူတို့ဆုံးဖြတ်မှာပါ။ ဆုံးဖြတ်တယ်ဆိုတဲ့အခါကျတော့ စစ်ဆေးတာလည်း သူတို့ပဲ၊ ဆုံးဖြတ်တာလည်း သူတို့ပဲဆိုတော့ ညှာတာမှု ရှိ မရှိကတော့ မပြောနိုင်ဘူးပေါ့။ အဲတော့ ဥပမာ – ပထမတကြိမ် ပြဿနာပေါ်တယ်၊ သူတို့ကလည်း ဆုံးဖြတ်လိုက်တယ်။ အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်တယ်ဆိုရင် စပေါ်ငွေ သိန်း (၅၀) တင်ရမယ်။ ဒုတိယအဆင့်ဆိုရင် အပြစ်ရှိကြောင်း ထပ်ဆုံးဖြတ်တယ်ဆိုရင် ငွေဘယ်လောက်ကို ဒဏ်ကြေးအဖြစ် သတ်မှတ်မယ် ဆိုတာကို အဲဒီအချိန်မှာ သတ်မှတ်မှာလေ။ အဲဒါက တရားရုံးရဲ့ အဆုံးအဖြတ်မဟုတ်ဘူး။ ပြီးတော့မှ ဒီလိုမျိုးလုပ်လို့ ဒီတခုတဲနဲ့ ပြီးသွားလားလို့ဆိုတော့ မပြီးဘူး။ တချို့သောကိစ္စတွေဆိုရင် တရားရုံးမှာ အဆုံးအဖြတ် ခံယူရမှာလည်း ရှိသေးတယ်။ တရားရုံးဆိုတာ ရှိနေလျက်နဲ့ ဒီဟာကြီးတခုက ဘာလို့ရှိနေလည်းဆိုတာတော့ ကျနော့်တဦးချင်းအနေနဲ့ နားမလည်ဘူး။”

ဝါရင့် စာနယ်ဇင်းဆရာတစ်ဦးဖြစ်တဲ့  လျှပ်တပြက်ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဆရာဦးမြတ်ခိုင်ကလည်း အခုလို တွေ့ကြုံလာနိုင်တဲ့ အခြေအနေ တွေကိုအခုလို ပြောပြပြန်ပါတယ်။

“ထစ်ခနဲဆို စာပေစိစစ်ရေးကို တိုင်တာတို့ ၀န်ကြီးကိုတိုင်တာတို့ ဘာတို့ လုပ်လို့မရတော့ဘူး။ လုပ်လို့မရတော့ ရုံးကနေ စာပို့တာတို့ တရားစွဲတာတို့ ဖြစ်လာတော့မှာပေါ့။ အယ်ဒီတာမှာပဲ အရည်အချင်းရှိဖို့ လိုတယ်။ အရည်အချင်းမရှိရင်တော့ ခံရမှာပဲ။ အရင်က ပုလိပ်နည်းပါပဲ။ ဟိုတုန်းက ရှိခဲ့ဘူးတယ်။ ဒါဆို စပေါ်ငွေတင်ပေါ့။  အဲဒီထဲကနေ ဒဏ်ရိုက်သွားမယ်။ ဖြတ်သွားမယ်။ အဲဒီထဲက လျော့သွားရင် ပြန်ဖြည့်၊ အလကားနေရင်း မြှုပ်နှံထားရမှာလေ။ အဲတော့ ဘယ်ထုတ်လုပ်သူက ဒါကိုမြှုပ်နှံမလည်း။ ဘယ်ပုံနှိပ်သူက ပေးမလည်း။ အဲ့ဒါ ပြဿနာရှိတယ်လေ။ ပုံနှိပ်သူက ပြဿနာဖြစ်နိုင်လို့ ငြင်းဆန်ရင် ဘယ်လိုလုပ်မလည်း။ သူကလည်း ဖြစ်ရင် ချိတ်ပိတ်ခံရမှာကို။ သူလည်း ၀င်ပါရင် ဒဏ်ခံရမှာပေါ့။ အဲတော့ အယ်ဒီတာနဲ့ ထုတ်လုပ်သူနဲ့ ပုံနှိပ်သူတွေက အယ်ဒီတာတွေကို ၀င်ကြပ်ပေးတဲ့ ပြဿနာတွေကလည်း ပေါ်လာမှာပဲ။ ဥပဒေပညာရှင်ဆိုတာကလည်း ဘယ်သူနာမည်တတ်လိုက်မယ်နော်ဆိုပြီး လုပ်လို့မရတော့ဘူး။ အစအဆုံး ပြန်ဖတ်ရမယ်။ ဒါတွေကတော့ ညိနိုင်တယ်။ ဖြုတ်သင့်တယ်ဆိုတဲ့ အကြံပေးနိုင်တဲ့ ပညာရှင် ဖြစ်ဖို့လိုတယ်။ အဲတော့ မီဒီယာကြီးတွေမှာတော့ ဒီဥပဒေပညာရှင်ဆိုတာ ရှိသင့်တယ်။”

လျှပ်တပြက်ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဆရာဦးမြတ်ခိုင်ပြောကြားခဲ့တာပါ။ အနုပညာမဂ္ဂဇင်းတစ်စောင်ရဲ့ တာဝန်ခံအယ်ဒီတာ တစ်ဦးကလည်း

“အမတို့အတွက်တော့ စာပေစိစစ်ရေးမတင်ရဘူးဆိုရင်တော့ ပိုပြီးအာရုံစိုက်ရတော့မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ဖြစ်ရင် ကိုယ်ခံရမှာ၊ ကိုယ့်တာဝန်ယူရမှာလေ။ အရင်တုန်းကတော့ တခုခုဆိုရင် ထုချေလွှာတင်တာတို့ တောင်းပန်တာတို့။ ၀န်ခံဂတိသွားထိုးတာမျိုးတို့ကတော့ အဆင်ပြေတာပေါ့။ အခုကျတော့ ဖြစ်တယ်ဆိုရင် ဥပဒေနဲ့လည်း ရင်ဆိုင်ကြရမှာလေ။ ဒဏ်ကြေးဆိုလည်း ဒဏ်ကြေး။ ဒဏ်ကြေးနဲ့ မရရင် ဥပဒေနဲ့ ရှင်းရတော့မှာ။ အဲလိုဖြစ်နေတာ။ ခေါင်းတော့ပိုစားတော့မယ် ထင်တယ်။ ဥပဒေနဲ့ ပတ်သက်တဲ့လူက လိုသွားပြီ။ အဲတော့ အခုမူကတော့ အရင်လိုပဲ၊ ဘာဖြစ်လို့လည်းဆိုတော့ အတိုအပြတ်တွေ လူမှုရေးဖောက်ဖျက်တဲ့ ၀တ်စားဆင်ယင်မှုတွေ မရဘူး။ အဲဒါကို ဖောက်ဖျက်ရင်လည်း ကိုယ်ထည့်တဲ့ပုံ၊ ကိုယ်ထဲ့တဲ့စာအတွက်က ကိုယ်ကတာဝန်ယူရမှာ။ အတိုအပြတ်ရတယ်လို့ ဖွင့်ပေးလိုက်တာမဟုတ်ဘူး။ ကျန်တဲ့မူဝါဒက အရင်အတိုင်းပဲ။ အခုပိုဆိုးသွားတာက ကိုယ်လုပ်ရင် ကိုယ်တာဝန်ယူရမယ်။”

အနုပညာမဂ္ဂဇင်းတစ်စောင်ရဲ့ တာဝန်ခံအယ်ဒီတာ တစ်ဦးပြောခဲ့တာပါ။ ရန်ကုန်တိုင်းမ်နဲ့ ဖလားဝါးနယူး ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဆရာဦးကိုကို (စက်မှုတက္ကသိုလ်) ကလည်း

“စာပေမူဝါဒတွေကို လျော့ပေါ့လိုက်တဲ့ကိစ္စကတော့ အပြုသဘောဆောင်တဲ့ ကိစ္စဖြစ်တယ်။ ကျနော်တို့ လိုလားတဲ့ ဟာဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ ကြိုဆိုပါတယ်။ သို့သော် လုပ်ငန်းတွေက အခုဇွန်လ ၁၀ရက်နေ့မှာ စတင်မှာဆိုတော့ ကျနော်တို့ သိထားဖို့ကတော့ မျှော်လင့်ထားသလို ချောချောမွေ့မွေ့ ရာနှုန်းပြည့် ချောမွေ့စွာ လျှောက်လှမ်းရမယ်လို့ ကြိုတင်ယူဆထားရင်တော့ မှားလိမ့်မယ်။ အခုအသစ်အဆန်းတခု အနေနဲ့ စတင်လုပ်မယ် ဆိုတာကြောင့် အခက်အခဲလေးတွေက အနည်းနဲ့အများ ရှိလာနိုင်တယ်။ အဲဒါတွေကိုတော့ ကျော်လွှားသွားဖို့ လိုပါတယ်။ ဒီမူဝါဒတွေ ထွက်လာတဲ့အခါမှာ ခုနပြောတဲ့ စိုးရိမ်စိတ်တွေလည်း ရှိတယ်။ ပြဿနာတွေ တက်မလား၊ တရားစွဲခံရမလား၊ အဲတော့ ကျနော်တို့က တခုခုဖြစ်ချင်ရင် တခုတော့စွန့်လွှတ်ရမယ်။ ကျနော်တို့က ဒါကိုလိုချင်တာကို။ ဒါတွေကိုလိုချင်ရင်တော့ သတ္တိရှိရှိ ဖြတ်သန်းသွားရမှာပဲ။ မဖြတ်သန်းရဲရင်တော့ ရမှာမဟုတ်ဘူး။ လွတ်လပ်ခွင့်ကို သွားမယ်ဆိုရင် လွတ်လပ်ခွင့်နဲ့အတူ တာဝန်ယူမှုတွေကို ကျနော်တို့ ခုနပြောတဲ့ တရားတဘောင်ကိစ္စတွေကို ကျနော်တို့ ကြုံလာနိုင်တာပဲ။ နိုင်ငံတကာမှာလည်း ဒီလိုပဲဖြတ်သန်းရတာပဲ။ ဖြတ်သန်းရင် ပြဿနာမရှိဘူး။ အသစ်အဆန်း ဖြစ်တဲ့အတွက် စလာလာချင်းမှာ စိတ်ပူပန်မှုနဲ့ တာဝန်ဆိုတာကြီးက ကိုယ့်အတွက် ဖိစီးနေတာပေါ့။ ဒါပေမယ့် အတွေ့အကြုံများလာရင် အချိန်ကြာလာတာနဲ့အမျှ တာဝန်ဆိုတာတော့ရှိမယ်။ သို့သော် အဲဒီတာဝန်က ကိုယ့်အပေါ်မှာ ဖိစီးမှုနဲ့ အဲဒီတာဝန်တွေက တဖြေးဖြေးတော့  ပေါ့ပေါ့ပါးပါးလေးနဲ့ လုပ်သွားနိုင်လိမ့်မယ်။ အဲတော့ ကျနော်မြင်တာက လွတ်လပ်ခွင့်ကို စရတဲ့အတွက်ကို အပြုသဘောလေး ကောင်းတဲ့သဘောလေး မြင်ပြီးတော့ သတ္တိရှိရှိ တာဝန်သိသိနဲ့ ဖြတ်သန်းလိုက်ရင် အဆင်ပြေသွားမှာပါ။”

အခုလို စာပေစီစစ်ရေးတင်ပြစရာမလိုတော့ပဲ ထုတ်ဝေခွင့်ရရှိမယ့် စာနယ်ဇင်းတွေထဲမှတော့ ဂျာနယ်တွေထဲက ၈၂ စောင်နဲ့ မဂ္ဂဇင်း ၉၆ စောင် ပါဝင်လာမှာ ဖြစ်ပါတယ်။

အစိုးရသစ်ရဲ့ သမ္မတသစ်ဖြစ်လာတဲ့ ဦးသိန်စိန်က သူ့ရဲ့မိန့်ခွန်းတွေထဲမှာ တိုင်းပြည်ရဲ့ စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်း တွေကို အလေးထားဖို့ ထည့်သွင်းပြောကြားထားပေမယ့် အစိုးရသစ်ရဲ့ အုပ်ရေးစနစ်အပြောင်းအလဲတွေထဲမှာ အခြားဝန်ကြီးဌာနတွေထက် ပြောင်းလဲမှုအား အနည်းဆုံးအဖြစ် ပြန့်ကြားရေးဝန်ကြီးဌာနကို ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်လာအပြီး အခုလို မူဝါဒတွေကို ပြောင်းလဲလာတာ ဖြစ်ပါတယ်။

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: