ပါလီမန်, ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ, လွှတ်တော်ကိုယ်စားလှယ်များ, သတင်း, သမ္မတ, အစိုးရအဖွဲ့, အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်, ၀န်ကြီးဌာနများ, နိုင်ငံရေး, နိုင်ငံရေးပါတီများ

နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်ရန် အမေရိကန်အမတ်ဂျွန်မက်ကိန်း အဆိုပြု


အံ့ဘုန်းမြတ် ၁ ဇွန် ၂၀၁၁  (ဒီဗွီဘီ)

ပထမဆုံး မြန်မာနိုင်ငံကို အလည်ပတ်ခရီးစဉ်အဖြစ် ဒီကနေ့ ရောက်ရှိနေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက နိုင်ငံရေးဝန်ကြီးဌာန၀န်ကြီးနဲ့ တွေ့ဆုံအပြီး ပြည်ထောင်စုလွှတ်တော်အတွင်းမှာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာဖို့ အဆိုပြုပြောကြားခဲ့ပါတယ်။

ဒီကနေ့မနက်ပိုင်း နေပြည်တော်ကိုရောက်ရှိလာတဲ့ အမေရိကန်အထက် လွှတ်တော်အမတ် မစ္စတာဂျွန်မက်ကိန်းဟာ အစိုးရအဖွဲ့ဝင် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံအပြီး ပြည်ထောင်စုလွှတ်တော်အတွင်းမှာ နှစ်နိုင်ငံဆက်ဆံရေးပိုမိုကောင်းမွန်လာဖို့ အဆိုပြုခဲ့တာလဲဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ရဲ့ အလှည့်ကျနာယကအဖြစ် တာဝန်ယူထားတဲ့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် အပါအ၀င် လွှတ်တော်လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကိုတက်ရောက်နေကြတဲ့ လွှတ်တော်အမြဲတမ်းရေးရာကော်မတီဝင်တွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးက လွှတ်တော်ဥက္ကဌတွေပါနဲ့ပါ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမမှာ ဒီကနေ့ နေ့လယ် ၁ နာရီလောက်က တွေ့ဆုံစဉ် အဆိုပြုခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုရဲ့ လွှတ်တော်အတွေ့အကြုံတွေကိုပါ ၂၅ မိနစ်ကြာလောက် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးခွင့်ရခဲ့တဲ့ အမျိုးသားလွှတ်တော်ရဲ့ အစိုးရရဲ့အာမခံချက်တွေ၊ ကတီတွေနဲ့ တာဝန်ခံချက်တွေကို စိစစ်ရေးကော်မတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဥက္ကဌဒေါက်တာအေးမောင်က ပြောပြပါတယ်။

“သူ့ဘက်ကတော့ များများစားစားတော့ အဆိုမပြုပါဘူး။ နှစ်နိုင်ငံ ဆက်ဆံရေး ပိုကောင်းဖို့ပါပဲ။ ကျနော်တို့ လွှတ်တော် နာယကကြီးကလည်း အဲဒါလေးပါပဲ။ လွှတ်တော်ရဲ့ အတွေ့အကြုံက အမေရိကားက ပိုပြီးရှိတာကိုး။ ကျနော်တို့ လွှတ်တော်က အခုမှ နုနေတာကိုး။ အဲဒီတော့ အတွေ့အကြုံချင်းလည်း ဖလှယ်ချင် တယ်ပေါ့ဗျာ။ အဲဒါလေးတွေနဲ့ လွှတ်တော်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေ အကုန်လုံးကို ရှင်းပြပါတယ်။ အဲဒီတော့ ကျနော်တို့ ဒီလွှတ်တော်အမတ်တွေ ဒီတိုင်းရင်း သားပါတီအသီးသီးက ပါကြတာကိုး။ မတ်ကိန်းနဲ့ ပတ်သက်လို့ မေးမြန်းကြတာ ပေါ့ဗျာ အဲဒါတွေကို မက်ကိန်း ပြန်ဖြေတာ ရှိပါတယ်။ လွှတ်တော်မှာတော့ မက်ကိန်းက အတွေ့အကြုံများတာကိုး။ သူ့အတွေ့အကြုံကို ရှယ်ယာလုပ်ဖို့ ကျနော် တို့ဘက်က ဆွေးနွေးမေးမြန်းကြတာ ရှိပါတယ်။ သူကလည်း အားရ၀မ်းသားပါပဲ အဲဒါတွေကို ဆွေးနွေးသွားတယ်။ ကျနော်တို့ ၂၅ မိနစ်လောက်ပဲ တွေ့ရပါတယ်။”

ဒါ့အပြင် မစ္စတာဂျွန်မက်ကိန်းကို လွှတ်တော်ကိုယ်စားလှယ် မေးမြန်းခဲ့ကြတာတွေနဲ့ ပြန်လည်ဖြေကြားခဲ့တာတွေကိုလည်း ဒေါက်တာအေးမောင်က အခုလို ပြောပါတယ်။

“အမတ်တွေ မေးတာကတော့ ၃-၄ ခုလောက် ရှိတာပေါ့။ တခုကတော့ သူရေးခဲ့တဲ့ Faith of my fathers ဆိုတဲ့စာအုပ်ရှိတာကို။ ဒါကြောင့် သူရဲ့ လွှတ်တော်အတွေ့အကြုံတွေရေးဖို့ တိုက်တွန်းတာတွေ ရှိတာပေါ့။ နောက်တခါ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်ပေးဖို့ နှစ်ဦးနှစ်ဖက် ဆက်ဆံရေး ပြေပြစ်အောင်ပေါ့လေ ဒါတွေပြောပါ တယ်။ ဒါတွေကို ကျွန်နော်တို့ ဒီလွှတ်တော်ချင်း လေ့လာရေးပေါ့နော် အဲဒါတွေလည်း ဆွေးနွေး ဖြစ်ကြပါတယ်။ နောက်တော့ မက်ကိန်း တင်ထားတဲ့ အဆိုတခု ရှိတယ်လေ။ အဲဒါက ၆ နှစ်လောက် ကြာခဲ့တယ်ပေါ့ဗျာ။ အဲဒါလေးကို လွှတ်တော်က ဘယ်လိုအတည်ပြုအောင် မက်ကိန်းအနေနဲ့ ကြိုးစားခဲ့သလဲ ဆိုတာပေါ့ဗျာ။ အတိုက်အခံရှိသလား အတိုက်အခံတွေကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲပေါ့ဗျာ။ အဲ့ဒါတွေ သူကတော့ ပြန်ရှင်းပြသွားပါတယ်။ သမ္မတရွေးကောက်ပွဲဝင်ခဲ့တဲ့ ကိစ္စက စပြီးတော့ အဲဒါတွေအကုန်လုံးကို သူစာရေးဖို့ရှိတယ်။ သူပြောသွားတာ တော်တော်များများကို အချိန်တိုလေး အတွင်းမှာတော့ ဆွေးနွေးသွားပါတယ်။”

မစ္စတာဂျွန်မက်ကိန်းဟာ ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်း၊ ကြံ့ခိုင်ရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးစတဲ့ ပုဂ္ဂိုလ်တွေနဲ့ပါ ဒီကနေ့တွေ့ဆုံဖို့ရှိနေပါတယ်။ ဒါ့အပြင် မနက်ဖြန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အပါဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအပြင် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ် စားပြုကော်မတီဝင်တွေနဲ့လည်း တွေ့ဆုံဖို့ရှိနေပါတယ်။

မစ္စတာဂျွန်မက်ကိန်းရဲ့ ၃ ရက်ကြာ မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ပြန်လည်ထွက်ခွာမယ့် ဇွန်လ ၃ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်မှာ အမေရိကန်စင်တာ (အမှတ် ၁၄ တော်ဝင်လမ်း) ပြုလုပ်ဖို့ရှိနေပါတယ်။

မစ္စတာဂျွန်မက်ကိန်းက မြန်မာပြည်ကို မသွားခင် ထိုင်းဝန်ကြီးချုပ် အပါဝင် ထိုင်းမြန်မာနယ်စပ်က မယ်တော်ဆေးခန်းနဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့ပြီး အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

အသက် ၇၅ နှစ်အရွယ် ဗီယက်နမ် စစ်ပြန်ကြီးဂျွန်မက်ကိန်းဟာ အရှေ့တိုင်းရေးရာ နှံစပ်သူတစ်ဦးဖြစ်သလို မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ထောက်ခံထားသူတယောက်ဖြစ်ပါတယ်။ ဒါအပြင် မြန်မာ့ဒီမိုကရေစီရေးအတွက်လည်း ရပ်တည်ပေးနေတဲ့သူတစ်ယောက် အဖြစ်တာကြောင့် အစိုးရအပါအ၀င် ဒီမိုကရေစီအင်အားစုတွေနဲ့ တွေ့ဆုံမယ့်  ဒီခရီးစဉ်ကနေ ဘာတွေ ထူးခြားပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမလား တာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: