Archive for

ဒေသဆိုင်ရာအစိုးရများ ၀န်ကြီးနှင့် ၀န်ကြီးဌာနများ အပြောင်းအလဲများပြုလုပ်


အံ့ဘုန်းမြတ် (၂၉ ဇွန် ၂၀၁၁) (ဒီဗွီဘီ)

ဒီလ ၂၈ ရက်နေ့ကနေ စတင်ပြီး ခေါ်ယူလိုက်တဲ့ ဒေသဆိုင်ရာလွှတ်တော်တွေဖြစ်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွေမှာ ၀န်ကြီးဌာနတွေနဲ့ ၀န်ကြီးတွေကို အပြောင်းအလဲ ပြုလုပ်နေပါတယ်။

သမ္မတရဲ့ အဆိုပြုချက်အရ အစိုးရအဖွဲ့တွေစတင်ဖွဲ့စည်းစဉ်က ဖွဲ့စည်းခဲ့တဲ့ ၀န်ကြီးဌာန ၉ ခုကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းဖို့ လွှတ်တော်ခေါ်ယူထားတာလည်းဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဒီကနေ့ ကျင်းပပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တသီးပုဂ္ဂလ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က အခုလိုပြောပြပါတယ်။

“ကျနော်တို့ ခေါ်တာက တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးဌာနတွေကို ပြန်လည် ပြင်ဆင်သတ်မှတ်တာတွေကို သမ္မတကြီးက ပြင်ဆင်ချက်ကို ဒီနေ့ လွှတ်တော်မှာ ပြန်အတည်ပြုတာပါပဲ။ ဒါ အဓိကအချက်။ ဌာနတွေကိုပဲ ပြောတယ်။ ဝေါဟာရတွေပဲ ပြောင်းသွားတယ်ဗျာ။ ဥပမာ ဆိုပါတော့ ပညာရေး၊ ကျန်းမာရေးတို့၊ နိုင်ငံခြားရေးရာတို့က မပါတော့ဘူး။ နောက် သာသနာရေးတို့ မပါတော့ဘူး။ ဒါတွေက ကျနော်တို့ ပြည်ထောင်စု အစိုးရဆီ ပြန်ရောက်သွားမယ်နဲ့ တူတယ်။”

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးဌာန၀န်ကြီးတွေရဲ့ အမည်စာရင်းတွေကိုတော့ တင်ပြခြင်း မရှိသေးပဲ နောက်တနေ့ အစည်း အဝေးကျမှ တင်ပြလာဖို့ရှိနေတယ်လို့လည်း တသီးပုဂ္ဂလ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ဆိုပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးအချို့ လွှတ်တော်အစည်းအဝေးတွေမှာတော့ ၀န်ကြီးဌာနနဲ့ ၀န်ကြီးအမည်စာရင်းတွေကို တခါတည်း အဆိုတင်သွင်း အတည်ပြုတာတွေလည်းရှိခဲ့ပါတယ်။

အခုပြင်ဆင် ဖြည့်စွက်လိုက်တဲ့ ဒေသဆိုင်ရာ ၀န်ကြီးဌာတွေမှာတော့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန၊ သစ်တော၊ သတ္တုနှင့် စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန၊ စည်ပင်သာယာရေးဝန်ကြီးဌာနနှင့် လူမှုရေးဝန်ကြီးဌာနတို့ ဖြစ်ပါတယ်။

ဂျပန်-မြန်မာ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းရေးကိစ္စများ အပြန်အလှန်ဆွေးနွေး


အံ့ဘုန်းမြတ် (၂၉ ဇွန် ၂၀၁၁) (ဒီဗွီဘီ)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စ မာကီတိုကီကူတာတို့ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုကိစ္စတွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ဂျပန် ဒုတိယနိုင်ငံခြား ရေးဝန်ကြီး မစ္စမာကီတိုကီကူတာနဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့နေ့ခင်းပိုင်းက တွေ့ဆုံစဉ်မှာ အပြန်အလှန် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် အရှေ့အာရှဒေသမှာ ဂျပန်နိုင်ငံဟာ နိုင်ငံရေးနဲ့ စီးပွားရေးအရ အင်အားကြီးနိုင်ငံအဖြစ် တည်ရှိနေမှုဟာ မဟာဗျူဟာအရ အလွန်အရေးပါနေတဲ့ အကြောင်းတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က အခုလိုပြောပြပါတယ်။

“ဆွေးနွေးတဲ့အကြောင်းအရာတွေကို ကျနော် သိရသလောက်ကတော့ ဂျပန်က ဆူနာမီငလျင်ကြီး ကြုံရပြီးတဲ့နောက်မှာ ဒုက္ခရောက်နေတဲ့ ငလျင်ဘေးသင့် ပြည်သူတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကရုနာ စေတနာထားပြီးတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာအရကော၊ ရုပ်ပိုင်းဆိုင်ရာအရကော ပံ့ပိုးကူညီတဲ့အတွက် အထူး ကျေးဇူး တင်ရှိပုံတွေကို ပြောပါတယ်။ အဲဒီနောက် အရှေ့အာရှမှာ ဂျပန်နိုင်ငံရဲ့ နိုင်ငံရေးအင်အားကြီး အဖြစ်လည်းကောင်း၊ စီးပွားရေးခွန်အားရှင်ကြီး အဖြစ် လည်းကောင်း ရပ်တည်နေတာဟာ မဟာဗျူဟာအရ အလွန်အရေးပါတယ် ဆိုတဲ့ အကြောင်းလည်း ပြောဖြစ်ကြတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဂျပန်နဲ့ မြန်မာအကြား အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စတွေ အဲဒါတွေလည်း ဆွေးနွေး ဖြစ်ကြတယ်လို့ အကြမ်းဖျင်း သိရပါတယ်ခင်ဗျ။”

မစ္စကီကူတာရဲ့ ဒေါ်အောင်ဆန်းစု ကြည်နဲ့တွေ့ဆုံမှုဟာ ဂျပန်ထိပ်တန်းတာဝန်ရှိသူတွေထဲက ကိုးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်းဖြစ်ပါတယ်။

မစ္စ ကီကူတာက မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်ပြီး ဒီမိုကရေစီပြောင်းလဲရေးလုပ်ဖို့ ဦးတည်နေတဲ့ အစိုးရသစ်နဲ့ ဂျပန်အစိုးရအကြား ဆက်ဆံရေးအသစ် တည်ဆောက်ဖို့ ရည်ရွယ်တဲ့ ပထမခြေလှမ်းဖြစ်လိမ့်မယ်လို့ မျှော်လင့်မိတယ်လို့လည်း ပြောကြားခဲ့ဖူးပါတယ်။

ဂျပန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မစ္စ မာကီတိုကီကူတာ သူ့ရဲ့ခရီးစဉ်အတွင်း ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီး  ဦးဝဏ္ဏမောင်လွင်အပါအ၀င် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာတို့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒါအပြင် မစ္စ မာကီတိုကီကူတာနဲ့ အဖွဲ့ဟာ ဒီခရီးစဉ်အတွင်းမှာပဲ ဂျပန်နိုင်ငံကနေ မြန်မာနိုင်ငံကို ထောက်ပံ့ပေးနေတဲ့ အမေရိကန် ဒေါ်လာ ၅ ဒဿမ ၈၇ သန်းတန်ဖိုးရှိတဲ့ စားနပ်ရိက္ခာပစ္စည်းတွေကိုလည်း အစိုးရအဖွဲ့ဝင်တွေ ရှေ့မှောက်မှာပဲ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရက္ခာ အစီအစဉ်က ဌာနေကိုယ်စားလှယ်ကို လွှဲပြောင်းလှူဒါန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်တုန်းကလည်း ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၈၉ သန်းတန်ဖိုးရှိ စားနပ်ရိက္ခာပစ္စည်းတွေကိုလည်း လှူဒါန်းခဲ့ဖူးပါသေးတယ်။

ဂျပန်နိုင်ငံဟာ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအနေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်သူ တွေကို ဖိနှိုပ်မှုတွေကြောင့် လူသားချင်းစာနာမှုနဲ့ အရေးပေါ် အကူအညီတွေကလွဲရင် အခြားစီးပွားရေး အကူအညီတွေကို ၂၀၀၃ ခုနှစ်က စပြီး ရပ်ဆိုင်းထားတဲ့ နိုင်ငံတခုဖြစ်ပါတယ်။

တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်တောင်းဆို


အံ့ဘုန်းမြတ် (၂၉ ဇွန် ၂၀၁၁) (ဒီဗွီဘီ)

အမျိုးသား​ဒီမိုက​ရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ပြည်ထောင်စုပြည်ထဲရေးဝန်ကြီးကို တောင်းဆိုလိုက်ပါတယ်။

ပြည်ထဲရေး ​ဝန်ကြီး​ဌာနက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ် ဆက်လက်မလုပ်ဆောင်တော့ဖို့ ဒီလ ၂၈ ရက်နေ့က ဒေါ်​အောင်ဆန်း​စုကြည်နဲ့ ဦး​အောင်​ရွှေတို့ဆီကို စာရေးသားပေးပို့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်တောင်းဆိုလိုက်တာပါ။

ဒီကနေ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုးပြီး ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုထံ ပေးပို့တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီစာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက အခုလိုပြောပြပါတယ်။

“ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ ညှိနှိုင်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးပြီးတော့ ပြည်ထဲရေး ဝန်းကြီးဆီကို ကျနော်တို့ မေတ္တာရပ်ခံစာ ပို့ထားတယ်။ ကိစ္စကတော့ တရားဥပဒေစိုးမိုးရေးဟာ ကျနော်တို့က တရား ဥပဒေအရ ကျနော်တို့ ပါတီ ရှိနေတယ်လို့ ကျနော်တို့က ဒီလို မြင်တယ်။ သူတို့ အစိုးရဘက်ကတော့ ပါတီကို ဖျက်သိမ်းပြီး ဘာညာပေါ့လေ၊ ဒါတွေကို အငြင်းပွားဖို့ မဟုတ်ဘူး။ တရားဥပဒေစိုးမိုးရေးအတွက် တွေ့ဆုံခွင့်ကို စီစဉ်ပေးပါ ဆိုပြီးတော့ ကျနော်တို့ စာရေးလိုက်တယ်။ ကျနော်တို့ ပို့လိုက်တဲ့ စာထဲမှာ ပြောသင့်တာတွေ ဥပဒေ အချက်အလက်တွေ ကျနော်တို့ ပြောထားပါတယ်။”

ဒီကနေ့ထုတ် ကြေချက်ထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့အညီ မှတ်ပုံတင်ခဲ့ပြီး တရားဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်တာကြောင့် ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စု ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်အနေနဲ့ ဖျက်သိမ်းပယ်ဖျက်နိုင်တဲ့ အခွင့်အာဏာ မရှိကြောင်း အခိုင်အမာ ဖော်ပြထားပါတယ်။

အဖွဲ့ချုပ်ကို ဖျက်သိမ်းခွင့် မရှိဘူးဆိုတဲ့အချက်ကို ကိုင်စွဲပြီး  တရားရုံးချုပ်တွေကို လျှောက်ထားခဲ့ပေမယ့် ပယ်ချခဲ့တာတွေ ဟာလည်း ဥပဒေနဲ့ မညီတဲ့အတွက် လက်မခံနိုင်ဘူးလို့ ထပ်လောင်းဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့  ပုဒ်မ ၄၀၇၊  ၄၀၉ နဲ့ ၄၄၆ တွေနဲ့လည်း ငြိစွန်းခြင်း မရှိတဲ့အတွက် တရားဝင်ပါတီအဖြစ် တည်ရှိနေဆဲဖြစ်တဲ့ အကြောင်းတွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီဆောင်ရွက်ချက်တွေဟာ တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို အလေးထား လိုက်နာ ခြင်းသာ ဖြစ်ကြောင်းနဲ့ လွှတ်တော်အဆင့်ဆင့်နဲ့ နိုင်ငံတော်အစိုးရကို ဆန့်ကျင်လိုတဲ့ သဘောမဟုတ်ဘူးလို့ ပြည်ထဲရေးဝန်ကြီးထံ ပေးတဲ့စာမှာ ရေးထားပါတယ်။

တရားဥပဒေစိုးမိုးရေး မဖြစ်မနေလိုတယ်လို့ ပြောတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းကို ကိုးကားထားသလို အဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်ခြင်းဟာ တရားဥပဒေနဲ့ ညီညွတ်ခြင်းရှိမရှိ ပြန်လည်သုံးသပ်ပေးစေလိုကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။

ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနက စွပ်စွဲရေးသားသလို အဖွဲ့ချုပ်ဟာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးတွေနဲ့အတူ ပြည်သူတွေအကြား စည်းလုံးညီညွတ်မှုတွေကို ထိခိုက်ပျက်ပြားစေရန် လုပ်ဆောင်နေတာမျိုး မဟုတ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို အမှန်တကယ်လိုလားပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အလေးထားပြီး အစဉ်ကြိုးပမ်းနေတဲ့ အဖွဲ့အစည်း တခုသာ ဖြစ်ကြောင်းကိုလည်း တုံ့ပြန်ထားပါတယ်။

ဒါကြောင့် အဖွဲ့ချုပ်နဲ့ အစိုးရအနေနဲ့ တူညီတဲ့လိုလားချက်တွေကို အခြေခံထားပြီး ညှိနှိုင်းဖို့ တောင်းဆိုရတာ ဖြစ်ကြောင်းကိုလည်း ဒီကြေညာချက်ထဲမှာ အလေးအနက် ဖော်ပြထားပါတယ်။

အစိုးရက မူးယစ်ဆေးဝါးမှု ၂၆၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့ဟုဆို


ဒီဗွီဘီ (၂၆ ဇွန် ၂၀၁၁) (ဒီဗွီဘီ)

ဒီကနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့မှာပဲ မြန်မာ့အစိုးရက ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်အတွင်း မူးယစ်ဆေးဝါးမှု ၂၆၀၀ ကျော် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ဖော်ပြကြားလိုက်ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးမှုကျူးလွန်သူ  ပြစ်မှုကျူးလွန် ၃၅၀၀ နီးပါးကိုလည်း ဥပဒေအရ အရေးယူထားတယ်လို့ ဒီကနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ဆိုပါတယ်။

မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပေးပို့တဲ့  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ သ၀ဏ်လွှာမှာ ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

နေပြည်တော်ကလာတဲ့ အေဂျင်ဆီသတင်းတွေမှာတော့ ဒီကနေ့မှာလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ဖမ်းဆီးရရှိထားတဲ့ မူးယစ်ဆေးဝါး အမေရိကန်ဒေါ်လာ သန်း ၅၀ ဖိုး နီးပါးကို အစိုးရက ဖျက်ဆီးပစ်လိုက်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ မူး​ယစ်​ဆေး​ဝါး​နဲ့ ရာဇဝတ်မှုဆိုင်ရာရုံး​ UNODC က ထုတ်ပြန်​တဲ့ စာရင်းတွေမှာတော့ မြန်မာနိုင်ငံမှာ ပြီး​ခဲ့​တဲ့​နှစ်က ဘိန်း​စိုက်ပျိုး​ ၂၀ ရာခိုင်နှုန်း​ တိုး​လာတယ်လို့ ဆိုပါတယ်။

ခုလိုတိုး ​လာတဲ့​အတွက် မြန်မာနိုင်ငံဟာ ၂၀၀၇ ခုနှစ်တုန်း​က ကမ္ဘာ့​ ဘိန်း​စိုက်ပျိုး​မှုရဲ့ ၅ ရာခိုင်နှုန်း​ပဲရှိရာက​နေ ၂၀၁၀ မှာ ၁၂ ရာခိုင်နှုန်း​ထိ ရှိလာပြီ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ပြီးရင် ဒုတိယဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံတနိုင်ငံဖြစ်နေပြီး မြန်မာအစိုး​ရက​တော့​ ဘိန်း​စိုက်ဧကရဲ့ ခြောက်ပုံတပုံကို ဖျက်ဆီးနိုင်ခဲ့​တယ်လို့ ပြီး​ခဲ့​တဲ့​ မတ်လက ​ကြေညာထား​ပါတယ်။

မြန်မာအစိုးရကတော့ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းကို ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ စီမံကိန်းချလုပ်ဆောင်နေတာ ဖြစ်တယ်လို့ ပြောကြားနေပေမယ့် ဒီစီမံကိန်းရဲ့ နောက်ဆုံး တတိယ ၅ နှစ်ကို ရောက်ရှိလာပြီ ဖြစ်ပေမယ့် အခုလို ထွက်နှုန်းတွေ တိုးတက်လာနေတာလည်း ဖြစ်ပါတယ်။

ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၃၅ နှစ်ပြည့် အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ


အံ့ဘုန်းမြတ် (၂၆ ဇွန် ၂၀၁၁) (ဒီဗွီဘီ)

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ကြိုးပေးသတ်ဖျက်တာခံခဲ့ရတဲ့ ရန်ကုန် တက္ကသိုလ်က ကျောင်းသားခေါင်းဆောင် (ချင်းတိုင်းရင်းသား) ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၃၅ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အနေနဲ့ သူ့ရဲ့ ကြွေးကြော်သံတွေပါဝင်တဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတဲ့ လှုပ်ရှားမှု တခု ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်၊ မန္တလေးအပါအ၀င် မြေလတ်ဒေသတွေက မြို့အချို့မှာ ဖြန့်ဝေခဲ့ကြတာ ဖြစ်တယ်လို့ လှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်နေသူ တဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒီလို စစ်အုပ်စုရဲ့ ပထမဆုံးကြိုးပေးသတ်ဖျက်တာခံခဲ့ရတဲ့ ကျောင်းသား ခေါင်းဆောင်တဦးရဲ့ သမိုင်းကြောင်းကို လူငယ်တွေ သိရှိအောင် ဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်ကိုလည်း သူကပဲ အခုလို ဆက်ပြောပြပါတယ်။

“တချို့ ဝေးနေတာ ရှိတယ်။ တချို့က နီးနီးကပ်ကပ်နဲ့ ရှိနေတာတွေ ရှိတယ်။ ကျနော်တို့ဆိုရင် ဒီလှုပ်ရှားမှုမှာ နီကပ်နေတဲ့သူ ဖြစ်တဲ့အတွက် ကိုဆလိုင်းတင်မောင်ဦးကို မေ့မှာ မဟုတ်ဘူး။ ကျနော်တို့ ကျောင်းသားတွေက အမှု့မဲ့ အမှတ်မဲ့ နေတာ မဟုတ်ဘူးဗျ။ သူတို့ မသိလိုက်တဲ့ကိစ္စပေါ့။ သမိုင်းက အာဏာရှင်တွေရဲ့ ဖြတ်တောက်ခြင်းကို ခံလိုက်ရတဲ့အတွက်ကြောင့် ဒီကျောင်းသားတွေ မသိတာပဲ ဖြစ်ပါတယ်။ အခု ကျနော်တို့ သိအောင်လုပ်တာပါပဲ။”

၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းကို ဦးဆောင်ခဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသား (ချင်းတိုင်းရင်းသား) ဆလိုင်းတင်မောင်ဦးကို မဆလစစ်အစိုးရက ဇွန်လ ၂၆ ရက်နေ့မှာ ကြိုးပေးသတ်ဖြတ်ခဲ့တာဖြစ်ပြီး သူကွယ်လွန်တဲ့ ၃၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ အပါအ၀င် ထိုင်းမြန်မာနယ်စပ်၊ အိန္ဒိယနဲ့ ကနေဒါနိုင်ငံတွေမှာလည်း ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက အထိမ်းအမှတ် အခမ်းအနားတွေကို ပြုလုပ်ခဲ့ကြပြီး စာတမ်း ဖတ်ကြားတာတွေလည်း ရှိခဲ့ပါတယ်။

Categories

%d bloggers like this: