အံ့ဘုန်းမြတ် ၃၀ မေ ၂၀၁၁ (ဒီဗွီဘီ)
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးသမားအချို့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးတွေအရ ဆန္ဒထုတ်ဖော် တောင်းဆိုကြမယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၄) ဦးက လာမယ့် ဇွန်လ (၅) ရက်နေ့မှာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဆန္ဒပြ တောင်းဆိုကြမှာပါ။
ဒီလိုဆန္ဒပြတောင်းဆိုကြမယ့်ထဲမှာတော့ သန်လျင်မြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဦးစိုးကြည်၊ မင်္ဂလာဒုံမြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ဦးနေမျိုးဝေ၊ ဗိုလ်တထောင်မြို့နယ်က ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဦးမင်းအောင်နဲ့ ဒလမြို့နယ်က တသီးပုဂ္ဂလ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးဝင်းချိုတို့ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ဆန္ဒပြဖို့စီစဉ်ရတာနဲ့ပတ်သက်ပြီး ပါဝင်ဆန္ဒပြမယ့် ဦးဝင်းချိုက အခုလို ပြောပြပါတယ်။
“နိုင်ငံရေးအကျဉ်းသားလို့ လက်ရှိသုံးစွဲနေပြီး အခုသူတို့က မရှိပါဘူးလို့ ငြင်းနေတဲ့ အကျဉ်းသားကိစ္စက အဲဒီအချိန်တုန်း ကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်ရင် သူတို့က ဒီလိုမျိုးထောင်ကျမယ့်လူတွေ မဟုတ်ဘူးလေ။ အဲတော့အခုက အစိုးရကနေ ဖွဲ့စည်းပုံအခြေခံဥပဒေကစပြီးတော့ အာဏာသက်ရောက်သွားပြီ ပြောတဲ့အတွက် အမှန်တကယ် အာဏာသက်ရောက်ပြီလားဆိုတာကို သိချင်လို့ ဒီအကြောင်းအရာကနေ စရတာပါ။”
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်ခွင့်ပေးဖို့ မြို့တော်ခန်းမရှေ့၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အရှေ့နဲ့ ဘေးဘက်စတဲ့ သုံးနေရာမှာ ပြုလုပ်ဖို့တင်ပြထားပြီး အဲ့ဒီထဲက ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ခွင့်ပြုမယ့်နေရာ တနေရာမှာသာ ဆန္ဒထုတ်ဖော်ကြမှာ ဖြစ်တယ်လို့လည်း ဦးဝင်းချိုက ဆိုပါတယ်။
“ရွေးချယ်ပေးတဲ့ နေရာတနေရာမှာသာ လုပ်မှာဖြစ်ပါတယ်။ ဟောပြော ခြင်းလည်း ရှိမှာမဟုတ်ဘူး။ စာဝေမှာနဲ့ အင်တာဗျူးတာကို လက်ခံမယ်လို့ ကျနော်တို့ ရေးထားပါတယ်။ လုံခြုံရေး လေးယောက်နဲ့အထက် တောင်းထားပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ဆန္ဒပြသူလေးယောက်အပြင် နောက်ထပ် တဦးတယောက်မှ ၀င်ရောက်ပါဝင် ပူးပေါင်းခြင်းမပြုဘူးလို့လည်း ကျနော်တို့ ပြောထားပါတယ်။”
သူတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအခန်း ပုဒ်မ ၃၅၄ (က) (ခ) လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့ ဥပဒေတွေနဲ့အညီ ဆန္ဒပြခွင့်ကို တောင်းဆိုထားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခွင့်မပြုခဲ့ဘူးဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီအခန်းက ပုဒ်မ ၃၇၈ (က) (ခ) တွေနဲ့အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ အဆင့်ဆင့် ထပ်မံတင်ပြတောင်းဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးတွေ ရလာအောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်ပြုလုပ်နေတဲ့ အခြားခေါင်းဆောင် တဦးကလည်း ဆိုပါတယ်။
ဒါ့အပြင် အတိုက်အခံနိုင်ငံရေးအင်အားစုတွေကို တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင်ခွင့်မပေးသမျှ ကာလပတ်လုံး အခုလိုဆန္ဒပြတောင်းဆိုမှုတွေနဲ့ ဆန္ဒပြမှုတွေဟာ ဆက်ရှိနေမှာပဲဖြစ်တယ်လို့ ဦးဝင်းချိုက အစိုးသစ်ကို သတိပေး ပြောကြား လိုက်ပါတယ်။
“အတိုက်အခံ နိုင်ငံရေးသမားလို့ ပြောတဲ့လူအကုန်လုံးက နိုင်ငံတိုးတက်ရေးအတွက် ၀ိုင်းဝန်းလုပ်ဆောင်ချင်တဲ့ လူတွေ ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီလူတွေ ထောင်ထဲက လူတွေအပါအ၀င် ကျနော်တို့အပါအ၀င် နိုင်ငံတိုးတက်ရေးအတွက် အားလုံးပါဝင် ဆောင်ရွက်ခွင့်ရှိမယ်ဆိုရင် ဆန္ဒပြတဲ့ကိစ္စတွေနောက်ထပ်ဖြစ်မှာ မဟုတ်တော့ပါဘူး။ အဲတော့ ပူးပေါင်း ပါဝင်ဆောင်ရွက်ခွင့် မရှိရင်တော့ ဒီအကြောင်းအရာမျိုးတွေ နောက်ထပ်လည်း ရှိလာနိုင်ပါတယ်။”
ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များအခန်း ပုဒ်မ ၃၅၄ မှာတော့ နိုင်ငံသားတိုင်းဟာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး ဒါမှမဟုတ် ပြည်သူတို့ရဲ့ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ မဆန့်ကျင်လျှင် (က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ ( ခ ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ (ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊ (ဃ) တိုင်းရင်းသားလူမျိုး တမျိုးနှင့်တမျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကို လည်းကောင်း၊ အခြားဘာသာသာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိ ချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။
Discussion
No comments yet.