အံ့ဘုန်းမြတ် ၂၉ မေ ၂၀၁၁ (ဒီဗွီဘီ)
ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေထဲက ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ဝင်တွေအဖြစ် တာဝန်ထမ်းဆောင်သွားကြရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လစ်လပ်နေရာတွေအတွက် ဖြည့်ဆည်းဖို့ မကြာခင်မှာ ကျင်းပလာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေအတွက် စိုရိမ်ပူပန်မိတယ်လို့ အမျိုးသား ဒီမိုကရေစီအင်အားစု အန်ဒီအက်ဖ် ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောကြားလိုက်ပါတယ်။
အာဏာရကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ ပါတီဝင်ဟောင်းတွေပဲ ကျေးရွာ၊ ရပ်ကွက်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတာဝန်တွေကို ပြန်လည်ထမ်းဆောင်နေကြတာကြောင့် ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကလို အာဏာရပါတီရဲ့ မဲအောင်နိုင်ရေး အတွက် လုပ်ဆောင်ပေးနိုင်မယ့် အခြေအနေတွေ ရှိနေတဲ့အပေါ် ဦးခင်မောင်ဆွေက ပြောကြားလိုက်တာလဲ ဖြစ်ပါတယ်။
“အခုကြားဖြတ်ရွေးကောက်ပွဲပုံစံတွေက နိုဝင်ဘာ ၇ ရက်နေ့ကလို မဟုတ်ဘဲနဲ့ ပိုပြီးတော့ တိတိကျကျ အာဏာပိုင်အဖွဲ့အစည်းတွေက မှန်ကန်ဖို့ လိုပါတယ်။ ကော်မရှင်က ဘယ်လိုပဲ စည်းမျဉ်း ချထားချထား ကျေးရွာ ကောက်စီက အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်က မှန်မှန်လုပ်မယ်ဆိုရင်တော့ ကျနော်တို့ နိုင်ခြေတွေတော့ ရှိပါတယ်။ ဟိုးအရင်တုန်းကလို အချိန်နီးတော့မှ ကြိုတင်မဲဆိုပြီး ရောက်လာတာမျိုးတွေ မဖြစ်အောင် ကြိုးစားအားထုတ်ဖို့တော့ လိုပါတယ်။ အခုမှာလည်း ဘာဖြစ်နေလဲဆိုတော့ ရပ်ကွက်တွေမှာရှိနေတဲ့ ပြန်ပြီးတော့ တာဝန်ယူနေတဲ့ ပုဂ္ဂိုလ်တွေက ယခင် ပုဂ္ဂိုလ်တွေများတယ်လို့ အသံတွေကထွက်နေတော့ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း စိုးရိမ်စရာ အခြေအနေ ရှိနေတယ်လို့ ကျနော်တို့ တွေးရမှာ ဖြစ်ပါတယ်။”
ဒီလ ၂၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ ပါတီထူထောင်ခြင်း တနှစ်ပြည့်၊ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးအပြီး ကြားဖြတ်ရွေးကောက်ပွဲဝင် ရောက်မယ့် အခြေအနေနဲ့ ပတ်သက်ပြီး ဦးခင်မောင်ဆွေက ပြောကြား လိုက်တာလဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီမိတ်ဆွေပါတီတွေအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေကို စုပေါင်းပြီး ဖြန်သန်းမယ့် ပုံစံတွေကိုလည် ဦးခင်မောင်ဆွေက အခုလို အကြံပြု ပြောဆိုပါတယ်။
“ညှိနှိုင်းရမယ့် အပိုင်းတွေ ရှိတယ်ဗျ။ ဒီမိုကရေစီအင်အားစုကြားမှာ မဲမပြားအောင် စီမံချက်ရှိရှိနဲ့ ပါတီတွေရဲ့ ထောက်ခံမှု ရှိတဲ့နယ်တွေမှာ ကိုယ့်ပါတီကို ထောက်ခံမှုမရှိဘဲ ဇွတ်ဝင်တာမျိုးကလည်း မသင့်တော်ဘူးပေါ့ဗျာ။ သူများပါတီ ထောက်ခံမှုရှိတဲ့နေရာမှာ ကျနော်တို့ပါတီက ဇွတ်သွားပြီးတော့ ငါ့ပေးပါ ဆိုတာမျိုး မလုပ်သင့်ဘူး။ ပြည်သူတွေကို ဒီမိုကရေစီအင်အားစုတွေ လွှတ်တော်ထဲရောက်ဖို့ သာလျှင် အဓိက၊ သူ့ပါတီ ကိုယ့်ပါတီရောက်ဖို့က အဓိကမဟုတ်ဘူးဆိုတဲ့ အခြေခံအပေါ်မှာ စဉ်းစားမယ်ဆိုရင် အဲလိုစဉ်းစားဖို့ အကြောင်း ရှိပါတယ်။”
လက်ရှိအခြေအနေမှာတော့ လွှတ်တော်သုံးရပ်လုံးမှာ လစ်လပ်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၀ လောက်ရှိပြီး အဲဒီနေရာတွေကိုတော့ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကတော့ တိတိကျကျ စာရင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲတွေကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလတွေလောက်မှာ ကျင်းပနိုင်လိမ့်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးသိန်းစိုးက ပြီးခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွေမှာ ပြောကြားခဲ့ပါတယ်။
Leave a Reply