အံ့ဘုန်းမြတ် ၃၀ မေ ၂၀၁၁ (ဒီဗွီဘီ)
ဒီလ ၂၂ ရက် နေ့ကစတင်ပြီး အင်းစိန်အကျဉ်းထောင်ထဲက သီးသန့်အကျဉ်းသား (ခေါ်) နိုင်ငံရေးအကျဉ်းသားတွေရဲ့ အစာငတ်ခံ ဆန္ဒပြတောင်းဆိုနေကြတဲ့ အကျဉ်းသားအခွင့်အရေးတွေထဲက အချက် (၆) ချက်ကို ထောင်အာဏာပိုင်တွေက မလိုက်လျောနိုင်ဘူးလို့ ပြောကြားပါတယ်။
ပြည်တွင်းထုတ် ဂျာနယ်အချို့မှာ ဖော်ပြပါရှိလာတဲ့ အင်းစိန်အကျဉ်းထောင်ထဲက နိုင်ငံရေးကျဉ်းသားတွေရဲ့ အစာငတ်ခံ ဆန္ဒပြမှုနဲ့ပတ်သက်တဲ့ အကျဉ်းဦးစီဌာနက ဖော်ပြခိုင်းတဲ့သတင်းတွေမှာ ထောင်အာဏာပိုင်တွေက လုံခြုံရေးနဲ့ ဘဏ္ဍာရေး ဆိုင်ရာအခက်အခဲတွေကို အကြောင်းပြ မလိုက်လျော နိုင်ကြောင်း ပြောကြားထားတာလဲ ဖြစ်ပါတယ်။
ထောင်အာဏာပိုင်တွေရဲ့ ပြောကြားချက်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ တောင်းဆိုချက်တွေထဲက အိပ်ဆောင်တွေ ထဲမှာ ခြင်ထောင်ထားရှိဖို့ ဒါမှမဟုတ် ပန်ကာတပ်ဆင်ပေးဖို့ တောင်းဆိုချက်တွေကို ထောင်လုံခြုံရေးနဲ့ ကုန်ကျစရိတ်များပြားမယ်ဆိုတဲ့အကြောင်း ပြချက်နဲ့ မလိုက်လျောထားပါဘူး။
နောက်တခါ တောင်းဆိုချက်တွေထဲက လူ့ဂုဏ်သိက္ခာနဲ့ လျှော်ညီစွာ စီမံချုပ်လုပ်ထားတဲ့ ထောင်တွင်းသတ်မှတ်ပုံစံ ၀တ်စုံကို ၆ လ တကြိမ် ထုတ်ပေးဖို့ တောင်းဆိုချက်ကိုလည်း ချမှတ်ထားတဲ့ ရန်ငွေထဲကနေ စီစဉ်ပေးနေရတာဖြစ်တာကြောင့် ဒီရန်ပုံငွေဟာလည်း ပြည်သူလူထုဆီက ကောက်ခံထားတဲ့ အခွန်အခတွေဖြစ်တာကြောင့် ထပ်မံတိုးပေးနိုင်မယ့် အခြေအနေမရှိဘူးလို့ ဆိုထားပါတယ်။
စာရေးကိရိယာ တရားဝင်ကိုင်ဆောင်ခွင့်မှာဆိုရင်လည်း စာရေးသားခွင့်က အရင်ကတည်းက ရှိပြီးဖြစ်ပြီး စာရေးကိရိယာ တရားဝင်ကိုင်ခွင့်ကတော့ အရင်တုန်းကတည်းက မရှိတာကြောင့် ထပ်မံတင်ပြပေးမယ်လို့ ဆိုထားပါတယ်။ လျှော့ရက် မခံစားရတဲ့ သီးသန့်အကျဉ်းသားတွေကို သီးသန့်အဆောင်နဲ့ ထားပေးဖို့ တောင်းဆိုချက်ကိုလည်း နေရာအခက်အခဲ ရှိတာကြောင့် မထားပေးနိုင်ကြောင်း၊ ထောင်ဝန်စာတွေ့တဲ့နေရာမှာလဲ လွတ်လပ်စွာပြောဆိုခွင့်ပေးထားပြီး ဖြစ်ပြီး တစုံတရာ ပိတ်ပင်ထားခြင်းမရှိပေမယ့် ထောင်ရဲ့မူဝါဒတွေအရ မှတ်တမ်းထားရှိရေးအတွက် မှတ်တမ်းယူရတာ ဖြစ်တယ်လို့ ထောင်အာဏာပိုင်တွေရဲ့ ပြောကြားချက်တွေက ဆိုပါတယ်။
ဒီလိုထောင်အာဏာပိုင်တွေရဲ့ တစုံတရာ လိုက်လျှောခြင်းမရှိတဲ့ ပြောကြားချက်တွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရဲ့ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြန်လည်ဝေဖန်ပြောကြားလိုက်ပါတယ်။
“ဒီနိုင်ငံရေးအကျဉ်းသားတွေ တောင်းဆိုတဲ့အချက် (၆) ချက်က ကျနော်တို့ အကျဉ်းထောင်လက်စွဲ ဥပဒေမှာပါတဲ့ အတိုင်းပေးဖို့ တောင်းဆိုတာဖြစ်တယ်။ ဒီထက်ပိုပြီး တောင်းဆိုတာ ဘာမှမရှိဘူး။ ဒါကို အချက် (၆) ချက်စလုံး ဆင်ခြေတွေနဲ့ ပြောနေတယ်ဆိုတာကတော့ ဒါကပြည်သူလူထုကို တမင်သက်သက် လှည့်စားတာပဲ။ ဒီလူတွေကို တမင်သက်သက် ဖိနှိပ်ချင်လို့လုပ်တဲ့ အခြေအနေမျိုးပဲ။ သူတို့က အကျဉ်းထောင်ထဲ ထည့်ထားဆိုကတည်းက အကျဉ်းထောင်လက်စွဲ ဥပဒေအရကို အကျဉ်းသားတယောက်အတွက် အကျဉ်းသားရပိုင်ခွင့်ဆိုတာ ရှိကိုရှိရမယ်။ အဲဒါကို လုံခြုံရေးအရ၊ ဘတ်ဂျက်အရဆိုတဲ့ ဖြေရှင်းချက်တွေက လုံးဝအခြေအမြစ်မရှိတဲ့ ဖြေရှင်းချက်မျိုးပဲဖြစ်ပါတယ်။ ဒါကိုမပေးချင်လို့ သူတို့ နည်းမျိုးစုံနဲ့ ကစားနေတာတာပဲလို့ မြင်ပါတယ်။”
အကျဉ်းဦးစီးဌာနက ဖော်ပြခိုင်းတဲ့သတင်းတွေထဲမှာ အစာငတ်ခံဆန္ဒပြသူတွေကို စစ်ခွေးတိုက်ပို့ဆောင်တာ မမှန်ကန်ဘူးလို့ ရေးသားဖော်ပြချက်နဲ့ပတ်သက်ပြီး နေပြည်တော်က စစ်ဆေးရေးအဖွဲ့လာခါနီးမှသာ ပြစ်ဒဏ်ခန်းတွေကို ပြန်ပို့တာဖြစ်တယ်လို့ ကိုတိတ်နိုင်က ထပ်လောင်း အတည်ပြုပြောကြားပါတယ်။ ဒီလို ထောင်တွင်းအစာငတ်ခံဆန္ဒပြ သတင်းတွေကို အကျဉ်းဦးစီဌာနက ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင်က ပြည်တွင်းထုတ်ဂျာနယ်တွေကို ခေါ်ယူပြီး ထည့်သွင်းဖော်ပြဖို့ ပေးအပ်လာတာ ဖြစ်တယ်ပြီး ဒီဂျာနယ်တွေက ကိုယ်တိုင်သတင်းယူခွင့်မရှိပဲ ဖော်ပြပေးရတာသာ ဖြစ်တယ်လို့လည်း သတင်းဂျာနယ် အယ်ဒီတာတဦးက အခုလိုပြောပြထားပါတယ်။
“အကျဉ်းဦးစီးက အဲဒီဂျာနယ်နှစ်စောင်ကိုခေါ်ပြီး အဆင်သင့် ရေးပြီးသား ချပေးလိုက်တယ်။ နောက်ပုံတချို့လည်း ထုတ်ပေးလိုက်တယ်။ ထုတ်ပေးလိုက်တော့ အဲဒီဂျာနယ်နှစ်စောင်က အဲဒါကို ဖော်ပြလိုက်တယ်။ ဖော်ပြတဲ့နေရာမှာ ဇာဂနာ ပုံကော၊ မင်းကိုနိုင်ပုံကော၊ အဲဒါတွေကတော့ သေးသေးလေးတွေပါ။ အခုဟာက အဲလို အဆင်သင့် ပေးလိုက်တာတွေ နည်းနည်းရှိလာတယ်လေ။ သူတို့ရေးပြီးသား တွေချည်းပဲ။ သူတို့ရေးပြီးသားကို လျှပ်တပြက်ကျတော့ အကုန်လုံးဖော်ပြလိုက် တယ်။ အဲ့ဒီမှာဆိုရင်တော့ အစာငတ်ခံဆန္ဒပြတဲ့ အကျဉ်းသားတွေကို စစ်ခွေးတိုက်ကိုပို့တယ်လို့ ပြည်ပမီဒီယာတွေက မှားယွင်းဖော်ပြခဲ့တယ်လို့ ပါပြီးတော့ ဖလားဝါးဂျာနယ်ကျတော့ အဲ့ဒီနောက်ဆုံးပိုဒ်ကို ဖြုတ်ထားတယ်။ စာတွေကတော့ အကုန်အတူတူကြီးပဲ။ အဲဒါကတော့ ပေါ်လစီ သတင်းလို့ ပြောလို့ရပါတယ်။”
အခြားအကျဉ်းထောင်တွေက အစာငတ်ခံဆန္ဒပြတဲ့သတင်းတွေကို ဖော်ပြခွင့်ပေးမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး အမှန်တကယ်သာ ပွင့်လင်းမြင်သာ မှုရှိမယ်ဆိုရင် ဆန္ဒပြသူတွေနဲ့ မီဒီယာတွေကို တွေ့ဆုံခွင့်ပေးဖို့ လိုတယ်လို့လည်း သူကဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း အရှင်ဂမ္ဘီရဦးဆောင်တဲ့ ကလေးထောင်က နိုင်ငံရေးအကျဉ်းသားတွေနဲ့ ခန္တီးထောင်က နိုင်ငံရေးအကျဉ်းသား ကိုနေ၀င်းစိုးတို့လည်း အစာငတ်ခံဆန္ဒပြနေကြပါတယ်။
Leave a Reply