အံ့ဘုန်းမြတ် ၂၈ မေ ၂၀၁၁ (ဒီဗွီဘီ)
အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ရဲ့ လာမယ့်သီတင်းပတ်မှာ စတင်မယ့် ပထမဆုံး မြန်မာပြည်ခရီးစဉ်မှာ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရှိနေသလို အစိုးရသစ်ရဲ့ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ လာမယ့် ဇွန်လ ၂ ရက်နေ့မှာ တွေ့ဆုံမှာ ဖြစ်တယ်လို့ အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“သူတို့ဘက်က ဆက်သွယ်လာပါတယ်။ အန်အယ်လ်ဒီနဲ့တွေ့မယ်။ ဒေါ်အောင်းဆန်းစုကြည်နဲ့လည်း တွေ့မယ်။ ၂ ရက်နေ့လို့ ပြောပါတယ်။ ကျနော်တို့သိတာက အစိုးရအဖွဲ့နဲ့တော့ တွေ့မယ်ဗျ။ ကျန်တဲ့ အဖွဲ့အစည်းတွေတော့ ကျနော် မသိဘူး။”
မစ္စတာဂျွန်မက်ကိန်းဟာ ရီပတ်ပလစ်ကင်ပါတီကနေ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဖြစ်လာတဲ့ အိုဘားမားကို ယှဉ်ပြိုင် ရှုံးနိမ့်ခဲ့သူ တယောက်ဖြစ်ပါတယ်။ အသက် ၇၅ နှစ်အရွယ် ဗီယက်နမ် စစ်ပြန်ကြီးဂျွန်မက်ကိန်းဟာ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ထောက်ခံထားသူတယောက် ဖြစ်သလို မြန်မာ့ဒီမိုကရေစီရေး အတွက်လည်း ရပ်တည်ပေးနေတဲ့ သူ့ရဲ့ ဒီခရီးစဉ်ဟာ မြန်မာ့အရေး လေ့လာသူတွေရဲ့ စိတ်ဝင်စားစရာပါ။ ဒီခရီးစဉ်အပေါ် အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကတော့ အခုလို သုံးသပ်ပြောဆိုပါတယ်။
“သူ့ခရီးစဉ်ကတော့ ကျနော်တို့အမြင်မှာ သူက ထူးခြားတဲ့ပုဂ္ဂိုလ်ပါ။ စစ်တပ်မှာ အကြာကြီး အလုပ်လုပ်ခဲ့တယ်။ အရှေ့တိုင်းက အတွေ့အကြုံတွေလည်း သူ့မှာ ရှိတယ်။ နိုင်ငံရေးမှာလည်း ထင်ရှားတဲ့ အောင်မြင်မှုတွေ ရှိတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးက ကျနော်တို့အမြင်တော့ အရည်းအချင်းပြည့်ဝတဲ့ ပုဂ္ဂိုလ်တွေ ကျွန်တော်တို့တိုင်းပြည်အရေမှာ ၀င်ရောက် ဆောင်ရွက်တာ ကျနော်တို့က ကြိုဆိုပါတယ်။”
လက်ရှိအခြေအနေမှာတော့ မစ္စတာအိုဘားမား ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ မြန်မာအစိုးရအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုရော ထိတွေ့ဆက်ဆံရေးမူဝါဒပါ ပူးတွဲကျင့်သုံးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ပိုင်းတွေတုန်းကလည်း အမေရိကန် ပြည်ထောင်စု အာရှနဲ့ပစိဖိတ်ရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်း အလည်အပတ် လာရောက်ခဲ့သေးပြီး အစိုးရအဖွဲ့အပါအ၀င် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
Leave a Reply