အံ့ဘုန်းမြတ် ၂၇ မေ ၂၀၁၁ (ဒီဗွီဘီ)
အာဏာလိုချင်၍မဟုတ် တိုင်းပြည်သမိုင်းကြောင်း ကောင်းဖို့ အတွက်သာ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုဖို့ တောင်းဆိုနေရတာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲရလဒ်ကို န၀တနဲ့ နအဖ စစ်အစိုးရလက်ထက်တွေမှာ အသိအမှတ်မပြု ပယ်ဖျက်ခဲ့တာဟာ ပြည်သူလူထုရဲ့ ဆန္ဒကို အလေးမထားခဲ့တာ ဖြစ်ကြောင်းနဲ့ ဒီရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ တောင်းဆိုနေရတာဟာ အာဏာလိုချင်လို့ မဟုတ်ဘဲ တိုင်းပြည်သမိုင်းကြောင်း ကောင်းဖို့အတွက်သာ တောင်းဆိုနေရတာဖြစ်ကြောင်း အဲ့ဒီရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဒီကနေ့ အဖွဲ့ချုပ်ဌာနချုပ်မှာ ပြုလုပ်တဲ့ ၁၉၉၀ ရွေးကောက်ပွဲအောင်ပွဲ အထိမ်းအမှတ် ၂၁ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။
“၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဟာ ၁၉၈၈ ခုနှစ် ပြည်သူလူထုရဲ့ အုံကြွမှုကြီး ကနေပြီးတော့ ပေါက်ဖွားလာတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲကို ကျင်းပစဉ်အခါတုန်းက ကျမတို့ကို ပေးခဲ့တဲ့ ကတိတွေ၊ အဲဒီတုန်းက နဝတပေါ့နော် ပေးခဲ့တဲ့ ကတိတွေဆိုတာ ပြည်သူလူထုကို ပေးခဲ့တဲ့ ကတိတွေ။ ပြီးတော့ နိုင်ငံတနိုင်ငံဟာ သိက္ခာရှိဖို့၊ နိုင်ငံတနိုင်ငံဟာ တိုးတက်ဖို့ဆိုတာဟာ အခြေခံအားဖြင့် ပြည်သူလူထုကို လေးစားရမယ်။ ပြည်သူလူထုကို လေးစားရမယ်ဆိုတာ ပြည်သူလူထုကို မလှည့်ဖြားရဘူး။ ပြည်သူလူထုကို အခုတမျိုးပြောပြီး နောက် စကားတမျိုး မပြောရဘူး။ ဒါကြောင့်မို့လို့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုတာကို ကျမတို့က အမြဲကန့်ကွက်တယ်။ အမြဲကန့်ကွက်တဲ့အကြောင်းက အန်အယ်လ်ဒီကို အာဏာမပေးလို့ မဟုတ်ဘူး။ ပြည်သူလူထုကို မလေးစားလို့။ ပြည်သူလူထုကို မျှော်လင့်ချက်တွေပေးပြီးတော့ ဒီမျှော်လင့်ချက်တွေကို ချေဖျက်လို့။ အဲဒါကြောင့်မို့လို့ ကျမတို့ကနေပြီးတော့ ဒါကို မလုပ်ကောင်းတဲ့ကိစ္စ။ မလုပ်ကောင်းတဲ့ ကိစ္စဆိုတာ ဒီတိုင်းပြည် သမိုင်းအတွက် မကောင်းဘူး။ ကျန်ခဲ့တဲ့ သမိုင်း မဟုတ်ဘူး နောင်လာမယ့် သမိုင်းအတွက် မကောင်းဘူး။ ဒီ ရွေးကောက်ပွဲ ရလဒ်တခုကို မကြိုက်လို့ရှိရင် ပြည်သူလူထုက ဘယ်လောက်ပဲ ဆန္ဒကို ရှင်းရှင်းလင်းလင်း ဖော်ပြ ဖော်ပြ ချေဖျက်တယ်ဆိုတာ မလုပ်ကောင်းတဲ့ အလုပ်တခု။ ဒါကြောင့်မို့ ကျမတို့က ထပ်တလဲလဲ ၁၉၉၀ ရွေးကောက်ပွဲကို မမေ့သင့်ဘူးဆိုတာ ကျမတို့ ပြောနေတာပါ။ ကျမတို့က အာဏာတောင်းနေတာ မဟုတ်ပါဘူး။”
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲတွေရှိတိုင်း ဒီမိုကရေစီရှိတာ မဟုတ်ဘဲ အစိုးရတွေက ပြည်သူတွေအပေါ် ဘယ်လောက်အလေးထားသလဲ ဆိုတာသာ အရေးကြီးကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
အခမ်းအနားမှာတော့ မကြာသေးခင်ကမှ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ကြိုဆို နှုတ်ခွန်းဆက်တဲ့အစီအစဉ်နဲ့ ရွေးကောက်ပွဲဆိုင်ရာ စာတမ်းတွေကို စာတမ်းရှင် (၃) ဦးက ဖတ်ကြားခဲ့ကြပါတယ်။
ဒီအခမ်းအနား အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အဖွဲ့ချုပ် ဗဟိုပြန့်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။
အကျဉ်းထောင်က လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ကြိုဆိုနှုတ်ဆက်တဲ့အခမ်းအနားနဲ့ ရွေးကောက်ပွဲဆိုင်ရာ စာတမ်းသုံးစောင် ဖတ်ကြားတဲ့အခမ်းအနားဆိုပြီး နှစ်ပိုင်းခွဲကျင်းပခဲ့တယ်လို့ အခမ်းအနား အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဦးအုန်းကြိုင်က ပြောပါတယ်။
အခမ်းအနားပထမပိုင်းမှာ ဒုတိယ ဥက္ကဋ္ဌ ဦးတင်းဦးနဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားတွေ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒုတိယပိုင်း အစီအစဉ်မှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်ရခြင်းနဲ့ ပတ်သက်တဲ့ တိုင်းရင်းသားတွေရဲ့ အမြင်ကို အက်စ်အန်အယ်လ်ဒီ တွဲဖက်မှူး ဦးစိုင်းစောအောင်က ဖတ်ကြားပြီး ၁၉၉၀ ပြည်နှစ်ရွေးကောက်ပွဲ ဘာကြောင့် ဝင်ခဲ့ရသလဲ ဆိုတာ စာတမ်းကိုတော့ အန်အယ်လ်ဒီက စီအီးစီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်က ဖတ်ကြားပြီး ၂၀၁၀ ရွေးကောက်ပွဲ ဘာကြောင့် မဝင်ခဲ့ရသလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စု ဒီမိုကရေစီပါတီက ဦးဖြိုးမင်းသိန်းက ဒီစာတမ်းကို ဖတ်ကြားခဲ့တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။
ဒီကနေ့ အခမ်းအနားကိုတော့ အဖွဲ့ချုပ်ခေါင်းဆောင်တွေအပါဝင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ အမျိုးသမီးအဖွဲ့ဝင်တွေ၊ လူငယ်အဖွဲ့ဝင်တွေနဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီဟာ ၁၉၉၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတ၀န်းမှာ ၈၀ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရရှိတဲ့ ပါတီဖြစ်ပေမယ့် စစ်အစိုးရက အာဏာလွှဲပြောင်းပေးဖို့ တာဝန်ပျက်ကွက်ခဲ့ပါတယ်။
Leave a Reply