အံ့ဘုန်းမြတ် ၂၆ မေ ၂၀၁၁ (ဒီဗွီဘီ)
ဧပြီလ ၁ ရက်နေ့ကစတင်ပြီး အစိုးရလုပ်ငန်းတွေကို တာဝန်ယူထားတဲ့ သမ္မတဦးသိန်းစိန်က သူဦးဆောင်တဲ့ အစိုးရအဖွဲ့လက်အောက်က ၀န်ကြီးဌာနတွေကို တတ်သိပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လုပ်ငန်းကော်မတီ ၄၀ ကျော်ကို ဖွဲ့စည်းထားပါတယ်။
https://sites.google.com/site/ahuntphonemyat/APM-BUILTINGORGNEWS-26052011.mp3?attredirects=0&d=1
သမ္မတနဲ့ ဒုတိယ သမ္မတတွေကိုယ်တိုင် နာယကတွေအဖြစ်ဦးဆောင်ပါဝင်ပြီး ဥက္ကဋ္ဌတွေအဖြစ် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေ၊ အတွင်းရေးမှူးတွေအဖြစ် ဒီပြည်ထောင်စုဝန်ကြီးဌာနတွေရဲ့ ညွှန်ကြားရေးမှူးချုပ်တွေပါဝင်တဲ့ “လက်တွေ့ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ” ၄၄ ခုကို ပြီးခဲ့တဲ့ သတင်းပတ်တွေထဲက ဖွဲ့စည်းထားတာပါ။ ဒါ့အပြင် သမ္မတရဲ့ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်ကလည်း စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့နေရာမှာ စောင့်ကြည့်ဖို့နဲ့ ပြန်လည်သုံးသပ်နိုင်ဖို့ “မြန်မာဖွံ့ဖြိုးရေး အရင်းအမြစ်အဖွဲ့” (MDRI) Myanmar Development Resource Institute ဖွဲ့စည်းဖို့ အစိုးရအဖွဲ့ကို ပြီးခဲ့တဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေး အလုပ်ရုံဆွေးနွေးပွဲမှာ အကြံပြုပြောကြားထားပါတယ်။ဒီလို နိုင်ငံတော်အဆင့် ကော်မတီတွေနဲ့ အဖွဲ့အစည်းတွေကို ဖွဲ့စည်းမှုတွေနဲ့ ပြုလုပ်နေတာနဲ့ပတ်သက်ပြီး သမ္မတရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က အခုလို ရှင်းလင်း ပြောကြားပါတယ်။
“ကျနော်သိသလောက် ဆရာဦးမြင့်လုပ်တာက သတ်သတ်ဖြစ်ပါလိမ့်မယ်။ သတ်သတ်ဆိုတာက resource အနေနဲ့ပေါ့။ resource ဆိုတာက ဒီလိုပါ။ restructure ပေါ့ နော်။ ပြည်တွင်းကကော ပြည်ပကကော ပြန်လည်စုဖွဲ့ပြီးတဲ့ အခါကျတော့ ဒါတွေကို အချက်အလက်တွေ ရှာကြဖွေကြမယ်။ နည်းလမ်းတွေစဉ်းစားကြမယ်။ အဲဒါတွေကို စုစည်းပြီးတော့မှ လုပ်ဖို့အတွက်ကို သူတို့ MDRI ကိုဖွဲ့တဲ့သဘောပါ။ ၀န်ကြီးဌာနတွေက သူတို့ အစီအစဉ်နဲ့ သူတို့ သူတို့လမ်းကြောင်းနဲ့ သူတို့ လုပ်ကြတာပေါ့။ မျဉ်းပြိုင်ပေါ့။ ကျနော်သိသလောက်ပေါ့။”
အခုလို အကောင်အထည်ဖော်ဆောင်ရေး ကော်မတီတွေနဲ့ ဖွဲ့စည်းတာတွေ အပါအ၀င်ပေါ့နော် ဆရာတို့အကြံပေးအဖွဲ့တွေ၊ တတ်သိပညာရှင်တွေရဲ့ အကြံပေးမှုတွေကို သမ္မတနဲ့ အစိုးရ အဖွဲ့က လက်တွေ့အကောင်အထည် ဖော်လာမလားဆိုပြီးတော့လည်း ဝေဖန်ကြတာ။ သံသယနဲ့ စောင့်ကြည့်နေကြတာ ဒါမျိုးတွေလည်း ရှိနေပါတယ်ဗျ။ အဲ့ဒီအပေါ်ဘာပြောချင်မလဲဗျ။
“ဒါကတော့ လုပ်ဖို့အတွက်ပေါ့နော်။ တကယ့်ကို အကောင်အထည်ဖော်ဖို့ အတွက်ကိုပဲ ဒီလုပ်ငန်းတွေကို စပြီးတော့ လုပ်နေတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်းတခု စလုပ်မယ်ဆိုရင် အခြေအနေပေါ့။ ဘယ်လိုအခြေအနေမှာ ရှိနေသလဲ။ ဘယ်လိုဆက်လုပ်ရင် ကောင်းမလဲဆိုတာ အရင်ဆုံးတော့ လေ့လာကြရတာကို။ အဲတော့ လေ့လာတဲ့အလုပ်တွေကို အရင်လုပ်ပြီးတော့မှ သုံးသပ်မယ်။ နောက်ပြီးတော့မှ နည်းလမ်းတွေရှာမယ်။ နောက်ပြီးတော့မှ လက်တွေ့လုပ်ကြတယ်။ ဒါကတော့ ဘယ်လုပ်ငန်းမဆိုပေါ့။ နိုင်ငံနဲ့ချီတဲ့အခါကျတော့ ပိုပြီးတော့ ဂရုစိုက်ရတာပေါ့။ အခုလုပ်ငန်းတွေက တကယ်လုပ်ဖို့အတွက်ကို ကျနော်တို့ ပြင်ဆင်နေတဲ့သဘောပါပဲ။ အဲတော့ အပြင်ဘက်ကနေပြီးတော့မှ လောလောဆယ်မှာတော့ သူတို့က စောင့်ကြည့်ချင်တဲ့အနေအထားမျိုး ရှိတယ်။ ဒါလည်းပဲ ကျနော်တို့ သဘောပေါက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ပေါင်းများစွာပေါ့ အပြောင်းအလဲကို မျှော်လင့်လာကြတယ်။ ဒါပေမယ့်လည်း အခုပြောင်းလဲမယ်ဆိုတဲ့ အခါကျတော့ တကယ်ပြောင်းလဲမလား၊ မပြောင်းလဲဘူးလားဆိုတာ သူတို့စိတ်ထဲမှာတော့ လောလောဆယ်တော့ စောင့်ကြည့်ချင်တဲ့ ဟာမျိုးတွေလည်း ရှိအုန်းမှာပေါ့။ ကျနော်တို့ နားလည် သဘောပေါက်ပါတယ်။”
လက်ရှိ ဖွဲ့စည်ထားပြီးဖြစ်တဲ့ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ၄၄ ခုမှာတော့ မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီစတင်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်း ရေးကော်မတီ၊ မြန်မာနိုင်ငံ သဘာဝ ဘေးအန္တရာယ်ကာကွယ် စောင့်ရှောက်ရေးအဖွဲ့၊ အထူးဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်း ကြီးကြပ်မှုကော်မတီ၊ ဥပဒေ အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံ အမျိုးသားအားကစားကော်မတီ၊ မြန်မာနိုင်ငံ အမျိုးသားရှာဖွေကယ်ဆယ်ရေး ကော်မတီ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့၊ စီမံကိန်းနှင့် ဖွံ့စည်းပုံ စိစစ်ရေးအဖွဲ့၊ အာဆီယံထိပ်သီးညီလာခံ ကျင်းပရေး ကြိုတင်ပြင်ဆင်မှု ဦးဆောင်ကော်မတီ၊ နိုင်ငံပိုင် ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၊ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၊ နိုင်ငံခြားရေးရာမူဝါဒ ကော်မတီ၊ ဗဟိုစီမံခန့်ခွဲရေးအမှုဆောင်အဖွဲ့၊ တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၊ ပစ္စည်းဝယ်ယူမှုစိစစ်ရေးကော်မတီ၊ ပြည်ပသို့စေလွှတ်မည့် သူများ နိုင်ငံခြားသုံးငွေခွင့်ပြုမှု စိစစ်ရေးကော်မတီ၊ မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ (အသစ်ဖွဲ့)၊ မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ (အသစ်ဖွဲ့)၊ ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၊ ထားဝယ်အထူးစီးပွား ရေးဇုန် အထောက်အကူပြုလုပ်ငန်းအဖွဲ့(ယာယီ)၊ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကျင်းပရေး ကြိုတင်ပြင်ဆင်မှု ဦးဆောင်ကော်မတီ၊ အမျိုးသားကျန်းမာရေးကော်မတီ၊ နယ်နိမိတ်တိုင်းတာ သတ်မှတ်ရေး ဦးစီးကော်မတီ၊ နယ်နိမိတ်တိုင်းတာသတ်မှတ်ရေး အထောက်အကူပြုအဖွဲ့၊ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၊ အမျိုးသားပညာရေးကော်မတီ၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောက်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၊ အထူးစံမံကိန်းများအကောင်အထည်ဖော်ရေးအဖွဲ့၊ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန် စိစစ်ရေးအဖွဲ့ မြန်မာနိုင်ငံ ကွန်ပျုတာပညာ ဖွံ့ဖြိုးရေးကောင်စီ၊ နိုင်ငံတော်ပိုင်ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ စိုက်ပျိုးမြေများရေလွှမ်းမိုးမှု ကာကွယ်ရေးနှင့် စိုက်ပျိုးရေပြန်လည်ဖော်ထုတ်ရေးလုပ်ငန်း က်ာမတီ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ မြန်မာအမျိုးသားယဉ်ကျေးမှုဗဟိုကော်မတီ၊ နိုင်ငံပိုင်သိမ်း ဆည်းထားသော ပစ္စည်းများ၊ အိမ်ရာစီမံကိန်းများရှိ အဆောက်အဦများနှင့် မြေရာကွက်များ စီမံခန့်ခွဲမှု ကော်မတီ၊ စီးပွားရေးလုပ်ငန်းများအား ချေးငွေထုတ်ချေးရန် စိစစ်ရေးအဖွဲ့နဲ့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ စည်းရုံးရေးကော်မတီတို့ ပါဝင်ပါတယ်။
Leave a Reply