အံ့ဘုန်းမြတ် ၂၄ မေ ၂၀၁၁ (ဒီဗွီဘီ)
ဒီလ ၂၃ ရက်နေ့က နေပြည်တော်မှာ စတင်ကျင်းပပြုလုပ်နေတဲ့ လွှတ်တော်သုံးရပ်လုံးရဲ့ ဥက္ကဌတွေနဲ့ လွှတ်တော် အမြဲတမ်းကော်မတီဝင်တွေ တက်ရောက်နေတဲ့ လွှတ်တော်လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲမှာ အစိုးရအဖွဲ့ အဆင့်ဆင့်ရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အသွင်သဏ္ဍာန်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။
https://sites.google.com/site/ahuntphonemyat/APM-PARLEMENTMEETINNEWS-24052011.mp3?attredirects=0&d=1
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်အပါအ၀င် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေက ဥက္ကဌတွေအပါဝင် လွှတ်တော်အလိုက်ဖွဲ့စည်းထားတဲ့ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ လွှတ်တော်အခွင့်အရေး ကော်မတီနဲ့ အစိုးရရဲ့အာမခံချက်တွေ၊ ကတိတွေ တာဝန်ခံချက်တွေ စိစစ်ရေး ကော်မတီဝင်တွေက အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာ အသွင်သဏာန် ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို အဓိက ဆွေးနွေးနေကြတာပါ။
ဒီလိုဆွေနွေးနေတာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သလို ပြည်သူ့ငွေစာရင်း ကော်မတီဝင် ဒေါ်တင်နွယ်ဦးက သူ့အတွေ့အကြုံကို အခုလိုပြောပြပါတယ်။
“ပြည်နယ်တိုင်းဥက္ကဌတွေက ဒီမှာ သူတို့ အာဏာသုံးခုစလုံး ရှိလျက်သားနဲ့ ပေးထားသော်လည်းပဲ သူတို့က တကယ့် တကယ်ကျတော့ ညွှန်ကြားချက်တွေ လုပ်ထုံးလုပ်နည်းတွေ မပါရင် လုပ်လို့ကိုင်လို့ မရဘူး။ institution law change ဆိုတာ သူတို့က မပြောတတ်ဘူး။ တကယ့်တကယ်က ဗျူရိုကရေစီယန္တရားကြီး ဖြိုချလိုက်ဖို့လိုတာ။ အဲဒါ စနစ်သစ်နဲ့ စနစ်ဟောင်း၊ ဗျူရိုကရေစီယန္တရားနဲ့ ဒီမိုကရေစီယန္တရား အံမ၀င် ဖြစ်နေတာပါ။ သူတို့ ထထပြီး ဆွေးနွေးကြတယ်။ ကျန်တဲ့ ရေးရာကော်မတီ ဥပဒေကြမ်းတို့ ဘာတို့ကနေ ပြန်ဆွေးနွေးပါတယ်။ မဆိုးပါဘူး။”
အမျိုးသားလွှတ်တော် အစိုးရရဲ့ အာမခံချက်တွေ ကတိတွေနဲ့ တာဝန်ခံချက်တွေကို စိစစ်ရေး ကော်မတီဥက္ကဌ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီရဲ့ဥက္ကဌ ဒေါက်တာအေးမောင်ကလည်း အခုဆေးနွေးနေကြတဲ့ အကြောင်းအရာတွေကို အခုလို ပြောပါတယ်။
“ကျနော်တို့က လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်တွေကို ဆွေးနွေးနေကြတာ။ လွှတ်တော်ရဲ့ကဏ္ဍကို ဘယ်လိုထားမလဲ။ လွှတ်တော်က အစိုးရကို ဘယ်လို ထိန်းညှိမလဲ။ အစိုးရအဖွဲ့က အင်အားကြီးပြီး လွှတ်တော်ဆိုတာကို အင်းအားမရှိအောင် ထားနေရင် ဘယ်လိုလုပ်မလဲ။ အခွင့်အရေးကိုပဲ ကြည့်ပေါ့ဗျာ။ လွှတ်တော်ကိုယ်စားလှယ်တဦးက ဒီအတိုင်းပဲ ယောင်ချာချာနေပြီးတော့မှ အစိုးရအဖွဲ့မှာပါတဲ့ ပုဂ္ဂိုလ်တွေက အခွင့်အရေးများနေတယ်၊ လုပ်ပိုင်ခွင့်များနေရင် ဘယ်လိုထိမိမလဲ။ ပြည်ထောင်စုကြီး ဘယ်လိုကောင်းမွန်တဲ့အခြေအနေ ရောက်မလဲဆိုတာကို ဆွေးနွေးနေကြတဲ့အပိုင်းပါ။”
လောလောဆယ်မှာတော့ ဒီဆွေးနွေးပွဲမှာ ပြင်ပက အသိပညာရှင်၊ အတတ်ပညာရှင်တွေကိုပါ ဖိတ်ခေါ်ဆွေးနွေးနိုင်ဖို့ အကြောင်းအရာ ခေါင်းစဉ် ၉ ခု လောက် ဆွေးနွေး အတည်ပြုချက် ရယူကြမှာ ဖြစ်တယ်လို့လည်း အခြားအစည်းအဝေး တက်ရောက်နေတဲ့ ပုဂ္ဂိုလ်အချို့က ဆိုပါတယ်။ ထပ်မံဆွေးနွေးမယ့် အစီအစဉ်တွေကိုလည်း ဒေါက်တာအေးမောင်က အခုလိုဆက်ပြောပြပါတယ်။
“ကျနော်တို့ အာဂျင်ဒါမှာ ပါတဲ့အချက်တချက်ခြင်းကို အလုပ်ရုံ ဆွေးနွေးပွဲပုံစံမျိုးနဲ့ ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ ဥပမာ စစ်ပညာဌာနက ပုဂ္ဂိုလ်ပညာရှင်တွေ လာဆွေးနွေးမှာ ရှိပါတယ်။ နောက် ဒေါက်တာခင်အောင်အေးလို ကျွမ်းကျင်တဲ့ ပညာရှင်တွေလည်း လာဆွေးနွေးမှာပါ။ ကျနော်တို့နဲ့ ပတ်သက်လို့ ပူးပေါင်းဆွေးနွေးကြမယ့် သဘောလည်း ကြားနေရပါတယ်။ capacity building တည်ဆောက်တဲ့ သဘောပါပဲ။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တဦးချင်းရဲ့ ကျင့်ကြံရမယ့်၊ သိရမယ့်အချက်တွေကို ဖြည့်စည်းတဲ့သဘောပါ။”
နှစ် ၂၀ ကျော်အတွင်း ပထမဆုံး လွှတ်တော်အစည်းအဝေးတွေကို မတ်လ ၂၃ ရက်နေ့မှာ ရပ်နားခဲ့ပြီး နှစ်လအကြာ မေလ ၂၃ ရက်နေ့မှာ လွှတ်တော် လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ခေါ်ယူကျင်းပခဲ့တာ ဖြစ်ပါတယ်။
Leave a Reply