ပါလီမန်, သတင်း, သမ္မတ, အစိုးရအဖွဲ့, နိုင်ငံရေး

အစိုးရ၏ စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲရလဒ်များအပေါ် စောင့်ကြည့်မည်


အံ့ဘုန်းမြတ် ၂၃ မေ ၂၀၁၁ (ဒီဗွီဘီ)

https://sites.google.com/site/ahuntphonemyat/APM-POVERTYWORKSHOPNEWS-23052011.mp3?attredirects=0&d=1

နေပြည်တော်မှာ ပထမဆုံးတတ်သိ ပညာရှင်တွေကို ဖိတ်ကြား ကျင်းပခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ တင်ပြဆွေးနွေး အကြံပေးချက်တွေကို အစိုးရသစ်က အကောင်အထည်ဖော်မဖော် စောင့်ကြည့်ဖို့လိုတယ်လို့ စီးပွားရေး ပညာရှင်လောကနဲ့ စာနယ်ဇင်း လောကရဲ့ ထင်ရှားသူတွေက ပြောပါတယ်။

ဒီလ (၂၀) ရက်နေ့က (၂၂) ရက်နေ့အထိ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနက ကြီးကြပ်တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲမှာ အကြံပေး ချက်တွေနဲ့ ရလဒ်တွေအပေါ်မှာ အကဲခတ်ပြောဆိုလိုက်ကြတာပါ။

စီးပွားရေးပညာရှင် တဦးဖြစ်တဲ့ ဆရာခင်မောင်ညို (ဘောဂဗေဒ) က

“အကြံပေးတဲ့လူတွေမှာလည်း အကန့်အသတ်တွေ ရှိနိုင်တယ်။ နောက်တခုက အကြံမှာ လိုက်နာဆောင်ရွက်နိုင်တာတွေ ရှိမယ်။ ရေရှည်ကျမှ အကောင်အထည်ဖော် ရမှာရှိမယ်။ နောက်တခါတလေကျတော့ တခုနဲ့ တခု Conflict (ပဋိပက္ခ) ဖြစ်တာပေါ့။ တိုးတက်တာကို ဦးစားပေးမှာလား။ ညီမျှတာကို ဦးစားပေးမှာလားပေါ့။ အဲဒီလို တခုနဲ့ တခု ပဋိပက္ခ ဖြစ်နေတဲ့ဟာမျိုးလည်း ရှိနိုင်တယ်။ နောက်တချို့ဟာတွေက ခုချက်ချင်းရေတိုမှာ အကောင်အထည်ဖော်နိုင်တာ ရှိသလို တချို့ဟာတွေက ရေရှည်ကျမှ လုပ်နိုင်တာရှိတယ်။ ဆိုလိုတာကတော့ စိတ်ရှည်လက်ရှည်နဲ့ စောင့်ချင်တယ်။ အချိန်လည်းပေးချင်တယ်။ အခုဟာက ပထမအဆင့်လေးပဲ ရှိသေးတယ်။ အဲလိုယူဆတယ်။”

အလုပ်ရုံဆွေးနွေးပွဲ တက်ရာက်ခဲ့သူ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဦးကိုကို (စက်မှုတက္ကသိုလ်) က သမတဦးသိန်းစိန် ကိုယ်တိုင် စိတ်အားထက်သန်တာ တွေ့ရပြီး တကယ်အကောင်အထည်ဖော်ဖွယ် ရှိတယ်လို့ ထင်မြင်ချက်ပေးပါတယ်။

“စာတမ်းက နယ်ပယ်အသီးသီးက စာတမ်းတွေဖြစ်တယ်။ အဲဒီမှာ တာဝန်ရှိတဲ့ အဆင့်မြင့်အရာရှိကြီး တဦးက ကျနော်နဲ့တွေ့တော့ မေးတော့ သူတို့ Action Plan (လုပ်ငန်းစီမံချက်) တွေ အမြန်ဆွဲပြီးတော့ နိုင်ငံတော် သမ္မတကြီးထံ တင်ပြပြီး အမြန်ဆုံးဆောင်ရွက်သွားမယ့် အနေအထားရှိတယ်လို့တော့ ပြောတယ်။ တက်ရောက်တဲ့သူတွေ တော်တော်များများပါတယ်။ စီးပွားရေးတက္ကသိုလ်က ပါမောက္ခ တဦးကိုလည်း မေးတယ်။ မေးတော့ သူ့ရဲ့ ထင်မြင်ယူဆချက်က ကျနော်တို့ ယူဆချက်နဲ့ တူတယ်။ တကယ်လုပ်လာမယ်လို့ ယုံကြည်တယ်လို့ ပြောတယ်။ အဲတော့ ကျနော်ထင်တာက အရင်ဆွေးနွေးပွဲတွေလိုတော့ ပြီးပြီးရောဆိုပြီး ဖြစ်လိမ့်မယ် မထင်ဘူး။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံတော်သမ္မတကိုယ်တိုင် ဘာတွေပြောမယ်ဆိုတာကို စိတ်ဝင်စားပြီး တနေကုန်အချိန်ပေးတယ် ဆိုကတည်းက ဒီအပေါ်မှာ ဘယ်လောက်စိတ်အားထက်သန်တယ်။ ဘယ်လောက်လုပ်ချင်တယ်ဆိုတာပေါ်လွင်တယ်။ အဲတော့ ကျနော်ထင်တယ်။ တခုပြီးတခုတော့ ဖြစ်လာမှာပဲ။”

ဒီအလုပ်ရုံဆွေးနွေးပွဲမှာ တက်ရောက်ဆွေးနွေးတဲ့ သမ္မတရဲ့စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်က “မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး လမ်းပြစာတမ်း”၊ ဦးဆက်အောင်က “ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် စီးပွားရေးတိုးတက်မှုတို့တွင် တွေ့ရှိရသော သဘောထားအမြင် ကွာဟမှုများနှင့် ပြင်ဆင်သင့်သည့်အချက်များ စာတမ်း” အငြိမ်းစားသံအမတ်ကြီး ဦးလှမောင်က “လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အသေးစားငွေချေး ၀န်ဆောင် မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးစာတမ်း” စတဲ့ စာတမ်း (၁၉) စောင်ကို ဖတ်ကြား ဆွေးနွေးခဲ့ကြပါတယ်။ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ အဖွင့်မိန့်ခွန်းမှာ ဒီအလုပ်ရုံဆွေးနွေးပွဲကနေ လက်တွေ့ဆောင်ရွက်နိုင်မယ့် အချက်တွေရှိမှာဖြစ်သလို လက်တွေ့မဆောင်ရွက်နိုင်သေးတဲ့ အချက်အလက်တွေလည်း ပါရှိကောင်းပါရှိနိုင်ကြောင်း၊ အချို့အချက်တွေဟာ ရေတိုဆောင်ရွက်နိုင်မယ့် အချက်တွေဖြစ်သလို အချို့အချက်တွေဟာ ရေရှည်ဆောင်ရွက်သွားရမယ့် အချက်တွေအဖြစ် ခွဲခြားပေးဖို့လည်း လိုအပ်မှာဖြစ်ကြောင်း၊ ဒီလို ဖော်ထုတ်ချက်တွေကနေတဆင့် လက်တွေ့ အကောင်အထည် ဖော်ရမယ့် လုပ်ငန်းအစီအစဉ်အမံများကို ချမှတ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ ထပ်ဆင့် ရှင်းလင်းဆွေးပြီးတော့ အောက်ခြေမှာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထည့်သွင်း ပြောကြားထားပါတယ်။ လက်ရှိအခြေ အနေမှာတော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး တနည်းအားဖြင့် အဆင်းရဲဆုံး ၄၈ နိုင်ငံထဲမှာ ပါဝင်နေပြီး ဒီအလုပ်ရုံဆွေးနွေးပွဲက ပညာရှင်တွေရဲ့ အကြံပေးမှုတွေ၊ နည်းလမ်းရလဒ်တွေနဲ့ အစိုးရအဖွဲ့သစ်ဟာ ဒီအခြေအနေကနေ ရုန်းထွက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: