အံ့ဘုန်းမြတ် ၁၉ မေ ၂၀၁၁ (ဒီဗွီဘီ)
ပြီးခဲ့တဲ့သတင်းပတ်တွေက စတင်ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ Myanmar Tourism Board ကနေ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတွေကို မြှင့်တင်လုပ်ဆောင်ဖို့အတွက် စတင်ဆောင် ရွက်နေပြီလို့ သိရပါတယ်။
အရင်ဖွဲ့စည်း ပြီးဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆိုင်ရာ ခရီးသွားလုပ်ငန်းရှင်များ အသင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဈေးကွက်မြှင့်တင်ရေး အသင်းတွေအပြင် ဟိုတယ်ဝန်ထမ်းများအသင်း၊ ဧည့်လမ်းညွှန်များ အသင်း၊ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း၊ အမှတ်တရ လက်ဆောင်ပစ္စည်း အရောင်းဆိုင် လုပ်ငန်းရှင်များ အသင်း၊ ပြည်တွင်းခရီးသွားလုပ်ငန်း ရှင်များအသင်း၊ ကျန်းမာရေးနှင့် အထွေထွေ ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာသင်ကျောင်းများအသင်း စတဲ့အသင်း (၁၁) ခုကို စုပေါင်းဖွဲ့စည်း လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ရဲ့ ဥက္ကဌ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေက အခုလို ရှင်းပြပါတယ်။
“အဲဒီအသင်းအဖွဲ့တွေအားလုံး ၁၁ ဖွဲ့ရဲ့ အပေါ်မှာ Myanmar Tourism Board ဆိုပြီး ရှိမယ်။ ဥပမာ ထိုင်းမှာဆိုရင် TAB လိုမျိုးပေါ့။ စင်ကာပူမှာဆိုရင် လည်း Singapore Tourism Board ဆိုတာ ရှိတယ်။ အဲဒီ Board ကနေ အကုန်လုံး ကိုင်ထားတာ၊ လိုင်စင်ကိစ္စတို့ ဘာတို့ ညာတို့ကအစ အကုန်လုံး အဲဒီ Board က ကိုင်တယ်။ ပြီးတော့မှ ၀န်ကြီးဌာနနဲ့ ညှိနှိုင်းပြီး လုပ်သွားတယ်။ ၀န်ကြီးဌာန တခုတည်းအနေနဲ့ လုပ်တယ်ဆိုတာထက် အန်ဂျီအိုအဖွဲ့ကြီးတဖွဲ့ ပါလာရင် ၀န်ကြီးဌာနမှာ ပိုပြီးအားရှိလာမယ်။ ၀န်ကြီးဌာမှာက သူ့အကန့်အသတ်တွေက အများကြီး ရှိနေတာကို။”
ဒီခရီးသွားလုပ်ငန်းဘုတ်အဖွဲ့အောက်က အသင်းတွေအနေနဲ့ ဧည့်လမ်းညွှန်တွေ၊ ဟိုတယ်ဝန်ထမ်းတွေနဲ့ ခရီးသွား လုပ်ငန်းမှာ အကျွမ်းဝင်နေတဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေကို လုပ်ကိုင်နေကြသူတွေအတွက် အရည်အသွေး မြှင့်တင်ရေး မွမ်းမံသင်တန်းတွေ ဖွင့်တာ၊ ဟိုတယ်ဇုန်တွေထပ်တိုးချဲ့တာ စတဲ့အရာတွေကို လုပ်ဆောင်သွားကြမှာလည်း ဖြစ်ပါတယ်။ ဒီဘုတ်အဖွဲ့ကို ဗဟိုအလုပ်အမှုဆောင် ၂၅ ယောက် အပါအ၀င် ဗဟိုအဖွဲ့ဝင် ၆၀ လောက်နဲ့ ဖွဲ့စည်းထားပြီး ဖွဲ့စည်းပုံကို ဦးခင်ရွှေက အခုလို ပြောပါတယ်။
“ကိုအောင်မြတ်ကျော်ကို အထွေထွေအတွင်းရေးမှူးပေးဖို့ လျာထားတယ်။ ကိုသက်လွင်တိုးကို တွဲဖက်အထွေထွေ အတွင်းရေးမှူးပေါ့လေ။ နောက် ကိုညီညီ သူ့ကိုလည်း လျာထားတယ်။ လူငယ်တွေ အဓိကလျာထားတယ်။ နောက်တခါ အတွင်းရေးမှုးအဖွဲ့ဆိုပြီး ဖွဲ့ဖို့လုပ်ထားတယ်။ အဲဒီမှာလည်း ပါတဲ့အဖွဲ့တွရဲ့ ဥက္ကဌတွေ အကုန်လုံးက အတွင်းရေးမှူးအဖွဲ့ထဲမှာ ပါတယ်။ ပြည်တွင်းရော ပြည်ပရော အကုန်မှာ လုပ်နိုင်အောင် စီစဉ်ထားတယ်။”
အခုလို ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ ဖွဲ့စည်းပြီး လုပ်ဆောင်ရတာကို လက်ရှိ ကြုံတွေ့နေရတဲ့ ခရီးသွား လုပ်ငန်းအခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီးတော့လည်း ဦးခင်ရွှေက အခုလို ပြောပါတယ်။
“ဆိုက်ရောက်ဗီဇာစာတွေ အိုပင်းလွှတ်ပေးမှာ။ လောလောဆယ် လွှတ်လိုက်ရင် လာမယ့် ပွင့်လင်းရာသီကျရင် လူသိပ်များရင်လည်း မထိန်းနိုင်ဘူးလေ။ ခရီးသွားက လက်ရှိ အန်ကယ်တို့ဆီ ၀င်နေတာက ၃ သိန်းလောက်ပဲ ရှိတယ်။ ၃ သိန်းဝင်တာတောင် ဒီမှာက သိပ်ပြီးတော့ ၀န်ဆောင်မှုက မပြည်စုံဘူး။ မပြည့်စုံတော့ ၅ သိန်းတို့ ၁ သန်းတို့ ၀င်သွားတယ်ဆိုရင် တော်တော် ဒုက္ခရောက်မယ့် သဘော ရှိတယ်။ လာတဲ့အခါကျရင် ရန်ကုန်မှာကိုက ၀န်ဆောင်မှုတွေ မလုံလောက်ဘူး။ ဒီလို ဆိုရင် ကိုယ့်ဗမာပြည်ခေါ်ပြီးတော့ ကိုယ့်သိက္ခာကိုယ် ချသလို ဖြစ်သွားမှာ ပေါ့။”
ပြီးခဲ့တဲ ၂၀၁၀ ပြည့်နှစ်ထဲ ကမ္ဘာလှည့်ခရီးသည် သုံးသိန်းကျော် ၀င်ရောက် လည်ပတ်ခဲ့ပြီး အိမ်နီချင်းနိုင်ငံတွေဖြစ်တဲ့ လာအိုကို ခရီးသည် တသန်းကျော်၊ ကမ္ဘောဒီးယားကို ၂ သန်းကျော်၊ ဗီယက်နမ်ကို ၄ သန်းကျော် ၀င်ရောက် လည်ပတ်ခဲ့ပါတယ်။
Leave a Reply