အံ့ဘုန်းမြတ် ၂၀ မေ ၂၀၁၁ (ဒီဗွီဘီ)
မြန်မာအစိုးရအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ မူဝါဒတွေထဲက ထိတွေ့ဆက်ဆံရေး မူဝါဒတွေ အားကောင်း လာဖို့ ရွေးကောက်ပွဲ နိုင်ငံရေးပါတီတွေက မျှော်လင့်တယ်လို့ ပြောကြားပါတယ်။
မြန်မာပြည်ကိုရောက်ရှိနေတဲ့ အမေရိကန်ပြည်ထောင်စု အာရှနဲ့ပစိဖိတ်ရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်းနဲ့ နိုင်ငံရေးပါတီ (၅) ခုက ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ ဒီကနေ့ နေ့လယ်ပိုင်းက တွေ့ဆုံအပြီးမှာ ကိုယ်စားလှယ်တွေက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ မြန်မာအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခက် အရေးယူမှုနဲ့ ထိတွေ့ဆက်ဆံရေးမူဝါဒ နှစ်ခုကို တွဲဖက်ထားရှိနေတဲ့ထဲက ထိတွေ့ဆက်ဆံရေး မူဝါဒတွေ အားကောင်လာဖို့ မျှော်လင့်တယ်လို့ တွေ့ဆုံခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက ပြောပါတယ်။
“အခုဟာက Engagement Policy (ထိတွေ့ဆက်ဆံရေးမူဝါဒ) ကော Sanction (စီးပွားရေးပိတ်ဆို့မှု) ကော သူကလုပ်ထားတာ။ Engagement Policy ဘက်ကိုလည်း အားကောင်းအောင် သူတို့လုပ်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်။ ဆွေးနွေးတာတော့ သူတို့နဲ့ အမြင်ချင်းဖလှယ်တာပဲ။ တရားဝင်နိုင်ငံရေးပါတီတွေထဲက ၅ ဦး ကိုယ်စားပြုသွားတာ။ တဖွဲ့နဲ့ တဖွဲ့ သိပ်ပြီးတော့ အမြင်တွေက မကွာကြဘူး။ အဲဒါကိုတော့ အမေရိကန်အစိုးရ အသိအမှတ်ပြုသွားတယ်။ ဒီဟာက သူတို့က အချက်အလက် ယူရုံလာက်ပဲလာတာကို။ ဒီက နိုင်ငံရေးပါတီတွေ သဘောထားကို သိတော့မှ ၀ါရှင်တန်ကနေ ဆုံးဖြတ်မှာဆိုတော့ ၀ါရှင်တန်အစိုးရကို သူတို့တင်ပြမှာပေါ့။”
တွေ့ဆုံမှုကို ဒီကနေ့နေလယ်ပိုင်းမှာ အင်းလျားလမ်းက ဟိုတယ်တခုမှာပြုလုပ်ခဲ့တာဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၊ ချင်းတိုးတက်ရေး ပါတီ စတဲ့ ၅ ပါတီက အရွေးချယ်ခံကိုယ်စားလှယ်တဦးဆီ တက်ရောက်ခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးမှုမှာ ပါတီက ကိုယ်စားလှယ်တွေကို မစ္စတာဂျိုးဇက်ယွန်းက အစိုးရသစ်အပေါ် သဘောထား၊ ပိတ်ဆို့ဒဏ်ခတ်မှုအပေါ်သဘောထားနဲ့ မကြာသေးခင်က အစိုးရသစ်က ပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် သဘောထားတွေကို မေးမြန်းခဲ့ပြီး ကိုယ်စားလှယ်တွေက ပြန်လည် ဖြေကြားကြတာတွေကိုလည်း ဒေါက်တာသန်းဝင်းကပဲ အခုလို ပြောပါတယ်။
“အစိုးရက တိုင်းပြည်ကို အပြောင်းအလဲတွေ တကယ်လုပ်ဖို့ ရှိမလား၊ ဘယ်လိုထင်လဲ၊ အဲဒါတွေမေးတာ။ ကျွန်တော်တို့က အချိန်က စောသေးတယ်။ အပြောင်းအလဲတွေ ဖြစ်နိုင်တယ်လို့ မျှော်လင့်တယ်ပေါ့။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားရှိလဲမေးတယ်။ အဲဒီမှာ ကျနော်နဲ့ သုံးယောက်လောက်ဖြေတယ်။ လောလောဆယ် လွှတ်ပေးတာတော့ ကောင်းတယ်။ ဒါပေမယ့် မလုံလောက်သေးဘူး။ ကျနော်တို့ မျှော်လင့်နေတာ အများကြီး လွတ်မယ်ထင်ထားတာလေ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေက ၄၀ ကျော်လောက်ပဲ လွတ်တာ ဆိုတော့ နောက်လည်း လွှတ်ပေးမယ်လို့ထင်တယ်။ လက်ရှိအမိန့်ကတော့ မလုံလောက်သေးဘူးလို့ ယူဆတယ်လို့ ပြောကြတယ်။”
မစ္စတာဂျိုးဇက်ယွန်းဟာ သူ့ရဲ့ ၄ ရက်ကြာ ခရီးစဉ်အတွင်း မြန်မာအစိုးရအဖွဲ့ရဲ့ နိုင်ငံခြားရေးဝန်ကြီး အပါအ၀င် အာဏာတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ဖြစ်ပါတယ်။ ဒါ့အပြင် မစ္စတာဂျိုးဇက်ယွန်းဟာ သူ့ရဲ့ ခရီးစဉ်ထဲမှာ လူမှုရေး NGO အဖွဲ့အစည်းတွေ၊ စီးပွားရေးအသင်းအဖွဲ့တွေနဲ့လည်း တွေ့ဆုံဖို့ရှိနေသေးပြီး မနက်ဖြန် ၂၁ ရက်နေ့မှာတော့ မြန်မာပြည်က ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။
Leave a Reply