အံ့ဘုန်းမြတ် ၁၈ မေ ၂၀၁၁ (ဒီဗွီဘီ)
ဒီလ ၁၆ ရက်နေ့က အမိန့်ကြေညာစာအမှတ် (၂၈/၂၀၁၁)နဲ့ သမ္မတက ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ ပဏာမအဆင့်သာ ဖြစ်တယ်လို့ သမ္မတအကြံပေးအဖွဲ့က ပြောဆို လိုက်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ (ခ) အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်နဲ့ သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ နေရာမှာ နိုင်ငံရေးအကျဉ်းသားတွေ အနည်းငယ်သာ ပါဝင်ပြီး ရာဇ၀တ်မှုတွေနဲ့ ပြစ်ဒဏ် ကျခံနေရသူတွေသာ အများစု ပါဝင်နေတဲ့အပေါ် အတိုက်အခံနိုင်ငံရေး အင်အားစုတွေက ဝေဖြန်နေကြတဲ့အချိန်မှာ သမ္မတရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။
“ရှိနိုင်တယ်။ မျှော်မှန်းနိုင်တယ်လို့ ကျနော်က ယေဘုယျခြုံပြောလို့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သမ္မတကြီးက ကျနော်တို့ကို ရှင်းရှင်းလင်းလင်း ပြောထားပြီးပြီဗျ။ ကျနော်တို့ ရိုးသားကြမယ်တဲ့။ အားလုံးက သန်း ၆၀ ထဲက မိသားစုဝင်တွေပဲလို့ ပြောတယ်ဗျ။ အားလုံး စည်းစည်းလုံးလုံး နေချင်တယ်။ ပြည်ပရောက်တဲ့လူတွေရော၊ သဘောထားကွဲလွဲတဲ့ လူတွေရော၊ အလုံးက စည်းစည်းလုံးလုံး ဖြစ်ချင်တယ်လို့ သူပြောထားတဲ့ အတွက်ကြောင့်မို့လို့ ကျနော်ထင်တယ် အလားအလာကောင်းတော့ အများကြီး ရှိတယ်လေ။ အကဲခပ်ကြည့်ရသလောက် ပေါ့ဗျာ။”
“ကျနော်တို့ အတွေ့အကြုံအရဆိုရင်တော့ အကောင်းဘက် အလားအလာတွေ အများကြီး ရှိပါတယ်။ သို့သော်လည်းတဲ့ တည်ငြိမ်မှုကိုလည်း တဖက်က ပြန်ကြည့်ရသေးတယ် ဆိုပြီး သူပြောပါတယ်။ ကျနော်တို့က တခုရှိတာက အချိန်တို အတွင်းမှာ ခရီးများများရောက်ချင်တဲ့ ဆန္ဒလေးပေါ့ စောသွားတာပေါ့ဗျာ။ အဲဒီအတွက်ကြောင့်မို့ ကျနော်ထင်တယ် နည်းနည်းလေးပေါ့ အမြင်လေးတွေမှာ တထပ်တည်း မကျတာလောက်ပဲလို့ ကျနော် ယူဆပါတယ်။”
ဒီလိုလွတ်ငြိမ်းချမ်းသာခွင့်တွေ အစိုးရအနေနဲ့ ထပ်ပေးဖို့ရှိတယ်ဆိုတဲ့အပေါ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။
“ဘာပဲဖြစ်ဖြစ် နောက်ရှိလာတယ်လို့ ကြားရတာတော့ ကြားလို့ ကောင်းပါတယ်ဗျာ။ သို့သော်လည်းပဲ ကျနော်တို့ သက်တမ်းနုသေးလို့ နောင်မှ လုပ်မယ်။ နောင်မှလုပ်ဖို့ကို အကျဉ်းကျနေတဲ့ လူတွေက နိုင်ငံရေးအကျဉ်းသားတွေပေါ့ အထူး သဖြင့် ဒုက္ခသုတ်ခနဲ့ နေရတာကိုလည်း ထည့်စဉ်းစားဖို့ လိုတယ်လေ။ ဒီလို တွေးခေါ်တာကိုက ကျနော်အနေနဲ့ သိပ်မျှတတယ်လို့ မထင်ဘူး။”
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် တနှစ်ဟာ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် မဆိုသလောက်ဖြစ်တဲ့အပြင် ပြန်လည် လွတ်မြောက်လာတဲ့ အကျဉ်းသား တသောင်းခွဲနီးပါးထဲမှာလည်း လွတ်ရက်စေ့နေတဲ့ နိုင်ငံရေးအကျဉ်းသား ဆယ်ဂဏန်းလောက်သာ ပါဝင်နေတဲ့အပေါ် နိုင်ငံရေး အင်အားစုတွေက အပြင်းအထန် ဝေဖန်နေကြတာကိုလည်း ဒေါက်တာနေဇင်လတ်က အခုလို ပြောပါတယ်။
“အစိုးရဖက်ကနေ တွေးကြည့်တဲ့အခါကျတော့ တဖက်မှာလည်း နိုင်ငံတော်တည်ငြိမ်ရေး ဘာညာဆိုတဲ့ စဉ်းစားစရာ လေးတွေလည်း ရှိတယ်ပေါ့။ အဲဒါကို ညှာတာပြီးတော့မှ ပထမဦးဆုံး ခြေလှမ်းတခုပဲလေဆိုတဲ့ အတွေးမျိုးနဲ့ တွေးလိုက်ရင်တော့ ကျနော်ထင်တယ် Positive အမြင်ကို ရောက်သွားပါလိမ့်မယ်။ ကောင်းတဲ့အရေးတခု ဖြစ်အောင်တော့ ကျနော်တို့ အဖွဲ့တွေက ကြိုးစားပြီးတော့ အကြံပေးတင်ပြသွားမှာ ဖြစ်ပါတယ်။”
သမ္မတရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့မှာ ခေါင်းဆောင် ဦးကိုကိုလှိုင်၊ ဦးရဲတင့်နဲ့ ဒေါက်တာနေဇင်လတ်တို့ ပါဝင်ပါတယ်။
ဒီလို နိုင်ငံတော်တည်ငြိမ်ရေးနဲ့ အစိုးရသက်တမ်းကို အကြောင်းပြပြီး နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်ထိန်းသိမ်း ထားတာမျိုးက လက်ခံနိုင်စရာ မရှိဘူးလို့လည်း ဦးဉာဏ်ဝင်က တုံ့ပြန်ပြောဆိုပါတယ်။
“လုံခြုံရေးအကြောင်းပြောတော့ သိပ်ကျယ်ဝန်းတာပေါ့ဗျာ။ အမြင်လည်း အမျိုးမျိုး ရှိနိုင်တာပေါ့။ ဒါပေမယ့် ကျနော်တို့ ဒီနိုင်ငံရေးအကျဉ်းသားဆိုတာ နိုင်ငံရေးလှုပ်ရှားမှုအပေါ်မှာ မူတည်ပြီး သူတို့က သဘောမကျတဲ့အခါမှာ ဒီလိုပဲ ပုဒ်မ အမျိုးမျိုး တပ်ပြီးတော့ ပြစ်ဒဏ်တွေ ချတာပဲဗျ။ ကျနော်က လုံခြုံရေး အကြောင်းကို ပြပြီးတော့ မလွှတ်သေးတာလို့ ဆိုတာမျိုး ကျနော် လက်ခံလို့ မရပါဘူး။”
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၅) အုပ်ချုပ်ရေး၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ သမ္မတရဲ့ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပုဒ်မ ၂၀၄ မှာတော့ (က) နိုင်ငံတော်သမ္မတဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပိုင်ခွင့်ရှိသလို (ခ) ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် လွှတ်တော် ဥက္ကဌတွေနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေပါဝင်တဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်နဲ့အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ရဲ့ စာရင်းတွေအရ စစ်အစိုးရလက်ထက်မှာ ထောင်ဒဏ်တွေ ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ရှိနေပြီး လက်ရှိအခြေအနေမှာတော့ သူတို့အား လုံးဟာ မိသားစုနဲ့ဝေလံတဲ့ အကျဉ်းထောင်တွေမှာ အသီးသီး ဆက်လက် ကျခံနေရဆဲ ဖြစ်ပါတယ်။
Leave a Reply