စာနယ်ဇင်း, စာပေ, သတင်း, သမ္မတ, အစိုးရအဖွဲ့, နိုင်ငံရေး

စာနယ်ဇင်းပိတ်ပင်မှုများ အစိုးရသစ်လက်ထက် လျော့ပေါ့ပေးရန် လို


အံ့ဘုန်းမြတ် ၃ မေ ၂၀၁၁ (ဒီဗွီဘီ)

https://sites.google.com/site/ahuntphonemyat/APM-MEDIAFREEDOMNEWS-03052011.mp3?attredirects=0&d=1

သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက်မှာ အရင်စစ်အုပ်ချုပ်ရေးတုန်းက ထားရှိချမှတ်ခဲ့တဲ့ စာနယ်ဇင်း ပိတ်ပင် ထိန်းချုပ်မှုတွေကို လျော့ပေါ့ပေးဖို့ လိုအပ်တယ်လို့ စာနယ်ဇင်းလောက အသီးသီးက ပြောကြားလိုက်ကြပါတယ်။

၁၉၆၂ ခုနှစ် ပုံနှိပ်ထုတ်ဝေရေး ဥပဒေတွေနဲ့အတူ န၀တနဲ့ နအဖစစ်အစိုးရ လက်ထက်တွေမှာ ထပ်မံပြဌာန်းထားတဲ့ ပုံနှိပ်ထုတ်ဝေသူများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ထိန်းချုပ်ကန့်သက်ထားတဲ့ စာပေစိစစ်ရေးရဲ့ မူဝါဒတွေကို ပယ်ဖျက်ပြီး ထိန်းချုပ်မှုတွေကို လျော့ပေါ့ဖို့ စာနယ်ဇင်းလောကသားတွေက တောင်းဆို လိုက်ကြတာပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မယ်လို့ ပြောကြားထားတဲ့ အစိုးရသစ်အနေနဲ့ ဒီကန့်သက်ချက်တွေကို ဖြေလျော့ပေးဖို့ လိုအပ်နေတာ ဖြစ်တယ်လို့လည်း သူတို့တွေက ဆိုပါတယ်။ ဒီလိုပြောကြားကြတဲ့ထဲက မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သလို မကြာသေးခင်ကအသစ်ဖွဲ့စည်းထားတဲ့ CPC ခေါ် ပုဂ္ဂလိကစာနယ်ဇင်းများဖွံ့ဖြိုးရေးကော်မတီရဲ့ ဥက္ကဌ ဦးကိုကို (စက်မှုတက္ကသိုလ်)က

“ဒီမိုကရေစီနိုင်ငံတခုမှာ လိုအပ်တဲ့ ကြန်အင်လက္ခဏာတွေမှာ စတုတ္ထမဏ္ဍိုင် ရှင်သန်ရေးဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေ အားလုံးကိုလည်း ဒီမိုကရေစီစနစ်ကို ထိုးထွင်းတည်ဆောက်ကြမယ့် သမ္မတကြီးအပါအ၀င် အစိုးရအဖွဲ့အားလုံးက နားလည် ထားပြီး ဖြစ်တယ်လို့လည်း ကျနော်ယုံကြည်ပါတယ်။ အဲလိုမျိုး ယုံကြည်ထားတာမို့ အဲလိုမျိုးအနေအထားကိုတော့ ယုံကြည်မှုနဲ့အတူ တကယ်တမ်းဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံပါတယ်။”

ဝါရင့်စာနယ်ဇင်းသမားတဦးဖြစ်တဲ့ ဆရာကျော်ရင်မြင့်ကလည်း စာနယ်ဇင်းကဏ္ဍကို လွတ်လပ်ခွင့်ပေးခြင်းနဲ့ တိုင်ပြည်နဲ့ ပြည်သူလူထုအပေါ်မှာ အမှန်တကယ် အကျိုးရှိစေမှာဖြစ်တာကြောင့် အစိုးရအဖွဲ့အနေနဲ့ အမြန်ဆုံး ပေးဖို့ဆိုပါတယ်။

“အများပြည်သူကို မထိခိုက်ဘူး။ နောက်တခုက အစိုးရအဖွဲ့ကိုလည်း မထိခိုက်ဘူး။ လူ့အဖွဲ့အစည်းကို မထိခိုက်ဘူးဆိုရင် လွတ်လပ်စွာရေးသားခြင်းကို ရှိသင့်ပါတယ်။ အဲဒီလိုမရှိခြင်းအားဖြင့် တရားစီရင်ရေး၊ အုပ်ချုပ်ရေးစတဲ့ နယ်ပယ်တိုင်းမှာပါ ကျနော်တော့ အပြစ်ဖြစ်တာထက် အကျိုးဖြစ်တာကို ပိုများမယ်လို့ ယုံကြည်ပါတယ်။ အဲလိုမျိုးလွတ်လပ်စွာ ရေးသားခွင့်ကို မြန်မြန်ပေးနိုင်လေ လူ့အဖွဲ့အစည်းအတွက် ကောင်းလေလို့ ကျနော်တော့ အဲလိုပဲ မြင်ပါတယ်။”

အစိုးရအဖွဲ့သစ်ရဲ့ သမ္မတဖြစ်လာတဲ့ ဦးသိန်စိန်က စာနယ်ဇင်းတွေရဲ့ကဏ္ဍကို အလေးထားဖို့ သူ့ရဲ့မိန့်ခွန်းတွေထဲမှာ ထည့်သွင်း ပြောကြားထားပေမယ့် လက်တွေ့အကောင်အထည်ဖော်တာမျိုး မရှိသေးပါဘူး။ ဒီလိုအကောင်အထည်ဖော်ဖို့ ပြန့်ကြားရေးဝန်ကြီးဌာနက အဓိကလုပ် ဆောင်ရမှာ ဖြစ်ပေမယ့် ကျန်တဲ့ အစိုးရဌာနအသီးသီးက မီဒီယာတွေအပေါ် ရန်မူဆက်ဆံတဲ့ အလေ့အကျင့်တွေကိုပါ ပြောင်းလဲဖို့ လိုမယ်လို့လည်း ဦးကိုကို(စက်မှုတက္ကသိုလ်) က ဆိုပြန်ပါတယ်။

“တချို့တွေက မီဒီယာဆိုရင် ခြိမ်းခြောက်တယ်။ အဲလိုအပိုင်းတွေပါ ရှိခဲ့ဖူးပါတယ်။ နှစ်ပေါင်းများစွာ ရှင်သန်လာတဲ့ အဲ့ဒီအမြင်ကြီးတခုကို နေ့ချင်းညချင်းကြီး ပြောင်းဆိုပြီးတော့ ပါးစပ်နဲ့ ပြောင်းခိုင်းလို့ကတော့ ပြောင်းဖို့နဲနဲလေးခက်တယ်။ အဲဒါလေးကို အချိန်ယူပြီးတော့ ပြောင်းရမယ်။ အဲတော့ ကျနော်တို့နိုင်ငံမှာ ခုနကပြောတဲ့ မူဝါဒပိုင်း ပြောင်းတာတင်မကပဲ လူတွေအားလုံးရဲ့ စိတ်သဘောထားတွေ အထူးသဖြင့် ဌာနဆိုင်ရာရဲ့ စိတ်သဘောထားတွေ အားလုံးကို ပြောင်းဖို့လိုမယ်။ အဲဒီပြောင်းလဲရေးလုပ်ငန်းတွေက ကြာနိုင်တယ်။ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်ကလည်း အတွေ့အကြုံရှိပြီးသားဖြစ်လို့ ဒီဟာကို တွက်ဆပြီး ဖြစ်ပါလိမ့်မယ်။ ဘယ်လိုမှ ပြောင်းလဲလို့ မရဘူးဆိုတဲ့လူတွေကို သမ္မတကြီးက ချန်ထားခဲ့ပါလိမ့်မယ်။ အဲလိုမျိုး အနေအထားလေးတွေ ရှိလာရင်တော့ တိုးတက်လာပါလိမ့်မယ်။”

အစိုးရသစ်အာဏာလွှဲပြီးတဲ့နောက်ပိုင်း စာပေစိစစ်ရေးရဲ့ မူဝါဒအချို့ကို လျော့ပေါ့ပေးတာမျိုးတွေ ရှိပေမယ့် စည်းစနစ်ကျတဲ့ မူဝါဒတွေကို ချမှတ်လုပ်ဆောင်ဖို့ ဂျာနယ်အယ်ဒီတာတဦးက အခုလို အချက် ၃ ချက်နဲ့ ထောက်ပြ တောင်းဆိုပါတယ်။

“ဘယ်ဟာတွေ ဘယ်အကြောင်းအရာတွေကို ရေးခွင့်မပြုဘူးဆိုတဲ့ဟာကို ကျကျနန စည်းကမ်းနဲ့ တရားဝင် ထုတ်ပြန်ပြီးတော့ လုပ်သင့်တယ်။ နောက်တခုက ဘယ်အကြောင်းအရာက ဘယ်အပိုဒ်နဲ့ ညိစွန်းလို့ စည်းကမ်းချက်နဲ့ မညီလို့ သူတို့ခွင့်မပြုရပါဘူးဆိုတဲ့ အကြောင်းပြန့်ကြားချက်နဲ့ လုပ်ရင်၊ စိစစ်ရင် ပိုကောင်းမယ်လို့ ထင်တယ်။ နောက်တခုက သူတို့စိစစ်တဲ့ဟာကို ကျနော်တို့က ပြန်ပြီးတော့ မေးမြန်းပိုင်ခွင့်လည်း ရှိသင့်တယ်လို့ထင်တယ်။ အဲဒါက ပထမအဆင့် လိုအပ်တဲ့ ဟာတွေပေါ့။ အဲဒီလိုရှိသွားပြီဆိုရင် နဲနဲလေး ထင်သာမြင်သာရှိမယ်၊ လုပ်လို့ကိုင်လို့ ပိုကောင်းတဲ့အနေအထား၊ တိုးတက်တယ်ဆိုတာ အဲဒီအခါကျမှ ခေါ်နိုင်မှာလေ၊ ခုကတော့ စည်းကမ်းတွေက များတာမှ တော်တော်ကို များတယ်။”

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်ကာလ န၀တနဲ့ နအဖစစ်အစိုးရလက်ထက်တွေမှာတော့ သတင်းလွတ်လပ်ခွင့် အဆုံးဝါးဆုံး ချိုးဖောက်ခံနေရတဲ့ နိုင်ငံတွေစာရင်းကို ထိပ်ဆုံးက ရောက်ရှိခဲ့ရပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းပေးပို့မှုတွေကြောင့် သတင်းထောက်တွေ၊ ဘလော့ခ်ဂါတွေနဲ့ အနုပညာရှင်တွေလည်း နှစ်ရည်ထောင်ဒဏ်တွေ အသီးသီးချမှတ်ခံထားရဆဲ အခြေအနေ ဖြစ်နေပါတယ်။

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: