(၀ါရင့်သတင်းစာဆရာဦးသာဘန်းနှင့် ဆက်သွယ်မေးမြန်းချက်)
အံ့ဘုန်းမြတ် ၃ မေ ၂၀၁၁ (ဒီဗွီဘီ)
https://sites.google.com/site/ahuntphonemyat/APM-UTHARBANINTERVIEWS-03052011.mp3?attredirects=0&d=1
ဒီကနေ့ကျရောက်တဲ့ “ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ရေးနေ့” မှာ မြန်မာပြည်ရဲ့ စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းတွေရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ၀ါရင့်သတင်းစာဆရာဦး ဦးသာဘန်းရဲ့ အမြင်တွေကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဆရာခင်ဗျ။ ဒီကနေ့က အနှစ်နှစ်ဆယ်မြောက် ကမ္ဘာ့နိုင်ငံအသီးသီးမှာပြုလုပ်နေတဲ့ “ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ရေးနေ့” (World Press Freedom Day) နေ့ဆိုတော့ ကျနော်တို့တိုင်းပြည်မှာလည်း အစိုးရအပြောင်းအလဲ လုပ်ထားတဲ့ အခြေအနေလည်း ဖြစ်နေပြန်ပါတယ်။ ဆိုတော့ အစိုးရသစ်လက်ထက် ကျွန်တော်တို့နိုင်ငံက စာနယ်ဇင်းတွေရဲ့ လွတ်လပ်ခွင့်တွေ နည်းနည်းပါးပါးများ ပိုရလာနိုင်မလားဗျ။
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့ ဗိုလ်နေ၀င်းလက်ထက်ကနေပြီးတော့ စစ်အာဏာရှင်ဖြစ်တဲ့ ဦးသန်းရွှေလက်ထက်အထိ သတင်းလွတ်လပ်ခွင့် လုံးဝမရှိခဲ့ပါဘူး။ အခုသမ္မတ ဦးသိန်းစိန် လက်ထက် လွတ်လပ်ခွင့်ရှိမလားဆိုတော့ သူတို့က ဒီပုပ်ထဲက ဒီပဲပါပဲ။ အရပ်သားအစိုးရဆိုပေမယ့် စစ်ဗိုလ်တဖြစ်လည်း ဘောင်းဘီချွတ်တွေပဲ။ အဲတော့သူတို့က လွတ်လပ်ခွင့်ကို ပေးမှာမဟုတ်ပါဘူး။ နည်းနည်းပါးပါးတော့ လိုက်လျောမှုလေးတွေ မထိတထိလေးတွေလောက်ပဲ ရမှာပဲ။ သတင်းလွတ်လပ်ခွင့် လုံးဝရမယ်လို့တော့ လုံးဝမယုံကြည်ဘူး။
နိုင်ငံတနိုင်ရဲ့ စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းတွေကို အစိုးရသစ်အနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ပြီး လွတ်လပ်ခွင့်တွေ ပေးသင့်တယ်လို့ အပြုသဘောဆောင်ပြီး သမ္မတအစိုးရကို တိုက်တွန်းပြောဆိုကြတာမျိုးတွေလည်းရှိတယ်။ ဒီအပေါ်ကို ဆရာအနေနဲ့ ဘယ်လို သဘောထားပါသလဲ။
ဥပဒေပြုရေးမဏ္ဍိုင်၊ တရားရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဆိုတဲ့ မဏ္ဍိုင်သုံးခုကို တည့်မတ်ပေးဖို့ မဏ္ဍိုင်သုံးခုရဲ့ အမှားတွေ ချို့ယွင်းချက်တွေ မဆီလျော်တာတွေကို ထောက်ပြဖို့အတွက်က သတင်းစာက စတုတ္ထမဏ္ဍိုင်ဆိုပြီးတော့ ခေါ်တာပဲ။ အဲတော့ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ဟာက စစ်အာဏာရှင်ဖြိုလို့ ပြိုခဲ့ပြီ။ အခုမှ ပြန်စဖို့ဆိုတာ ဒီဘောင်းဘီချွတ်တွေခေတ်မှာ ပြန်စမယ်ဆိုတာ ကျနော်တော့ မယုံဘူး။ ဖြစ်နိုင်မယ်လို့တော့ မထင်ဘူး။ အမျိုးမျိုး လှည့်ပြီးတော့ ချုပ်ချယ်မှာလို့ပဲ ကျနော်ယူဆတယ်။
သမ္မတသစ်ဖြစ်လာတဲ့ ဦးသိန်းစိန်က သူ့ရဲ့ပထမဆုံးမိန့်ခွန်းမှာ စာနယ်ဇင်းတွေကို အလေးထားဖို့ ထည့်သွင်း ပြောကြားထား တဲ့အပေါ်ကို ဆရာ ဘယ်လိုသုံးသပ်ပါသလဲ။
အပြောကတော့ ကောင်းတယ်။ ချောနေတာပေါ့၊ လက်တွေ့မှာ ဒီနေ့ထိ ဘာမှာမှ မပေးဘဲ။ စာပေစိစစ်ရေး ဆိုတာလည်း ရှိနေသေးတယ်။ တင်းကျပ်နေသေးတယ်။ အဲဒါတွေနဲ့ စာပေကင်ပေတိုင် စိစစ်ရေးကတော့ သတင်းစာလွတ်လပ်ခွင့် စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ ရှိမှာမဟုတ်ဘူး။ သတင်းစာလွတ်လပ်ခွင့် စာပေလွတ်လပ်ခွင့် ရှိဖို့ဆိုရင် စာပေကင်ပေတိုင် ကို အရင်ဆုံးဖျက်ရမယ်။ အဲဒါပြီးမှ လွတ်လပ်ခွင့်ဆိုတာကို ကြိုးစားယူရမယ်လို့ ယုံကြည်တယ်။
အစိုးရသစ် အပြောင်းအလဲနဲ့အတူပေါ့နော်။ ကျွန်တော်တို့တိုင်းပြည်မှာ ဖြစ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလ၊ လွှတ်တော် အစည်းအဝေးကာလတို့လိုပေါ့နော်၊ နိုင်ငံရေးအရ ထူးခြားတဲ့ ဖြစ်စဉ်တွေမှာ သတင်းသမားတွေရဲ့ သတင်းယူခွင့်၊ သတင်းတင်ပြခွင့် ဒါတွေနဲ့ပတ်သက်ပြီးတော့ရော ဆရာ့အမြင် ဘယ်လိုများရှိပါသလဲ။
လွှတ်တော်အစည်းအဝေးမှာ သတင်းထောက်တွေကို ပြည်တွင်းမှာ အလုပ်လုပ်နေတဲ့ နိုင်ငံတကာရဲ့ သတင်းဌာနတွေရဲ့ သတင်းထောက်တွေ တက်ခွင့်မရတာအပြင် ပြည်တွင်းမှာရှိတဲ့ သတင်းစာတွေပေါ့၊ သူတို့ရဲ့ အစိုးရထုတ်တဲ့ သတင်းစာက သတင်းထောက်တွေလည်း တက်ခွင့်မရဘူး။ နောက် ဂျာနယ်တွေ ပုဂ္ဂလိကဂျာနယ်တွေက သတင်းထောက်တွေလည်း တက်ခွင့်မရဘူး။ အနားတောင်မှ ကပ်လို့ မရဘူး။ အဲဒါက စတုတ္ထမဏ္ဍိုင်ကို ဘယ်လိုလုပ်ဖော်မှာလဲ။ လွှတ်တော်နားတောင် မ၀င်ရတဲ့ သတင်းထောက်တွေက လွှတ်တော်ထဲမှာ ရေးတဲ့၊ ပြောတဲ့ဟာတွေကို ဖော်ပြလို့ မရဘူးဆိုတော့ စတုတ္ထမဏ္ဍိုင်ကို ဘယ်လိုဖော်မှာလဲ။
လက်ရှိအခြေအနေမှာ ပြည်တွင်းသတင်းတွေ၊ နိုင်ငံတကာ သတင်းတွေနဲ့ ပတ်သက်ပြီး သတင်းဂျာနယ်တွေအပါအ၀င် ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြခွင့်နေရတာတွေနဲ့ ပတ်သက်ပြီးတော့ရော ဆရာဘယ်လို သဘောရပါသလဲ။
အများကြီးကို ချုပ်ချယ်ပါတယ်။ အများကြီးကို လွတ်လပ်ခွင့်ကို ပိတ်ပင်ထားတယ်။ ပထမတုန်းက ပြည်တွင်းမှာတင် ပိတ်ပင်မယ်ဆိုပေမယ့် အခုက နိုင်ငံတကာအရေးမှာပါ ပိတ်ပင်ပါတယ်။ အခု အာရပ်ကမ္ဘာမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေ ဒီမိုကရေစီလှုပ်ရှားမှုတွေ ကျနော်တို့ ရေးခွင့်မှ မရတာဘဲ။ ပိတ်ပင်တာပဲ။ တားဆီးတာပဲ။ အဲဒါကိုကြည့်ရင် နိုင်ငံတကာမှာ အာဏာရှင်စနစ် ပျက်သုဉ်းရေးအတွက် ပြည်သူတွေ တိုက်ပွဲဝင်နေတဲ့ တိုက်ပွဲတွေကို နိုင်ငံတကာရဲ့ တိုက်ပွဲတွေကိုပင်လျှင် ဖိနှိပ်ပြီးတော့ ပြည်သူတွေက အာဏာရှင်စနစ် ဆန့်ကျင်ရေးဆိုတာကို မထိအောင် ဖုံးနေတာပဲ။ အဲတော့ ဘယ်လိုလုပ်ပြီးတော့ သတင်းလွတ်လပ်ခွင့် ရမလဲဗျာ။
ရာစုနှစ် ထက်ဝက်နီးပါးလောက် အစိုးရအဆက်ဆက်က စာနယ်ဇင်းတွေကို ပိတ်ပင်ထိန်းချုပ် ကန့်သက်မှုတွေကို လုပ်ခဲ့တာကြောင့် သတင်းတွေကို အမှန်ကိုအမှန်အတိုင်း ထုတ်ဖော်တင် ပေးနိုင်ဖို့အတွက်ပေါ့နော် မြန်မာမီဒီယာအဖွဲ့ အစည်းတွေ ပြည်ပမှာ အခြေစိုက်ပြီး တင်ပြလာကြရတာမျိုးတွေလည်း နောက်ပိုင်းမှာ တော်တော်ကျယ်ပြန့် လာပါတယ်။ ဆိုတော့ ဒီပြည်ပအခြေစိုက် မြန်မာမီဒီယာတွေအပေါ်ကိုရော ဆရာဘယ်လို အမြင်ရှိပါသလဲ။
နိုင်ငံတကာက လွှင့်နေတဲ့ အသံလွှင့်ဌာနတွေ သတင်းဌာနတွေနဲ့ အင်တာနက်မှာတင်တဲ့ သတင်းတွေက ကျနော်တို့ အဲဒါတွေကို အလေးထားပြီးတော့ လေ့လာနေရတာပဲ။ အဲဒါတွေနားထောင်နေရတာပဲ။ ပြည်တွင်းက အဖြစ်အပျက်တွေကို ပြည်တွင်းက သတင်းတွေကို ပြည်တွင်းက သတင်းဌာနတွေ သတင်းစာတွေကနေ ဂျာနယ်တွေကနေ ဖော်ပြခွင့်မှ မရှိတာ။ ခင်ဗျားတို့ ဖော်ပြနေတော့ ကျနော်တို့က သတင်းပရိသတ်အနေနဲ့ကော သတင်းကို စိတ်ဝင်စားနေတဲ့ လူတွေအနေနဲ့ကော သတင်းသမားတွေအနေနဲ့ကော ခင်များတို့က လိုအပ်တဲ့ ဌာနတွေလို့ ယုံကြည်ပါတယ်။
နောက်ပိုင်းမှာ ကျနော်တို့ရဲ့ ပြည်တွင်း၊ ပြည်ပမီဒီယာလုပ်ငန်းတွေမှာ လူငယ်တွေ တက်တက်ကြွကြွနဲ့ ပါဝင်လုပ်ဆောင် လာကြတာကိုလည်း တွေ့ရပါတယ်။ ဒီလို သတင်းလုပ်ငန်းကို ရွေးချယ်လုပ်ကိုင်လာကြတဲ့ လူငယ်သတင်းသမားတွေကိုရော ဆရာဘယ်လိုများ ပြောကြားလိုပါဦးမလဲ။
ကျနော်တို့ လူငယ်သတင်းသမားတွေ လူငယ်သတင်းထောက်တွေက ကြိုးစားကြပါတယ်။ အထဲမှာလုပ်နေတဲ့ ပြည်တွင်း ဂျာနယ်မှာ လုပ်နေတဲ့ လူငယ်တွေကော ခင်များတို့လို နိုင်ငံတကာ သတင်းဌာနတွေမှာ လုပ်နေတဲ့ လူငယ်တွေကော အများကြီး ကြိုးစားကြပါတယ်။ ခင်ဗျားတို့ရဲ့ နိုင်ငံတကာ သတင်းဌာနတွေမှာ လုပ်နေကြတဲ့ လူငယ်သတင်းထောက် တွေဆိုရင် တကယ့်ကို စွန့်စွန့်စားစား မကြောက်တရားနဲ့ လုပ်နေကြတာပဲ။ သူတို့က အဖမ်းခံရမှာလည်း မကြောက်ဘူး။ ထောင်ကျမှာလည်း မကြောက်ဘူး။ အဲလိုလုပ်နေတဲ့ လူငယ်တွေကို ပိုချီးကျူးပါတယ်။ ပိုပြီးတော့ အဲဒီလူငယ်တွေ အတွက်လည်း သတင်းသမားတယောက်အနေနဲ့ ဂုဏ်ယူပါတယ်။
ဦးသာဘန်းဟာ ၁၉၆၂ ခုနှစ် ကနေ ၁၉၇၈ ခုနှစ်အထိ ကြေးမုံသတင်းစာမှာ အယ်ဒီတာတဦးအဖြစ် လုပ်ကိုင်ခဲ့ဘူးသလို ၁၉၈၆ ခုနှစ် ၁၉၉၀ ပြည်နှစ်တွေအထိ မဂ္ဂဇင်းတွေမှာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ ကျောင်းသားလှုပ်ရှားမှု သမိုင်းစာအုပ်ထုတ်ဝေဖို့ အကူအညီပေးမှုနဲ့ စစ်အစိုးရရဲ့ ထောင်ဒဏ်ချမှတ်တာကို ခံခဲ့ရသူတယောက် ဖြစ်ပါတယ်။
Leave a Reply