အံ့ဘုန်းမြတ် ၂၈ ဧပြီ ၂၀၁၁ (ဒီဗွီဘီ)
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရဲ့ နှစ်ပတ်လည် သင်းလုံး ကျွတ်အစည်းအဝေးကို လာမယ့်မေလ ၁ ရက်နေ့မှာ ကျင်းပဖို့ရှိနေပြီး အဲ့ဒီအစည်းအဝေးမှာ သက်တမ်း ကာလအတွင်း ပထမဆုံး ပြောင်းလဲလာတဲ့ ဥက္ကဌအဖွဲ့သစ်ကို ကြေညာဖို့ရှိနေသလို အသင်းရဲ့ ငွေစာရင်းရှင်းတမ်းတွေ ကိုလည်း ထုတ်ပြန်ဖို့ ရှိနေပါတယ်။
အသင်းရဲ့အစည်းအဝေးကို နေပြည်တော် အသင်းဌာနချုပ်မှာ ပြုလုပ်မှာဖြစ်ပြီး အခမ်းအနား အစီအစဉ်တွေကို အသင်းရဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးတင်ကိုကိုက အခုလို ပြောပြပါတယ်။
“နှစ်ပတ်လည်အစည်းအဝေးကတော့ အမှုဆောင်ရွေးခဲ့တာလေ၊ ကျနော်တို့ မဲစနစ်နဲ့ ရွေးထားတဲ့ဟာကို အဲဒီမှာ ကြေညာမှာ ဖြစ်ပါတယ်။ နောက်နှစ်ပတ်လည် စာရင်းရှင်းတမ်း၊ ငွေစာရင်းရှင်းတမ်းတို့၊ နှစ်ချုပ်အစီရင်ခံစာတို့ ငွေစာရင်း ရှင်းတမ်းတို့။ ရွေးထားတဲ့ လူတွေအကုန်လုံးကို ကြေညာမှာတို့ အဲဒီအပိုင်းတွေ စီစဉ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ နေပြည်တော်မှာ လုပ်မှာပါ ၀န်ကြီးတွေတော့ တက်မယ်ထင်ပါတယ်။”
ထုတ်ပြန်ကြေညာမယ့် (UMFCCI) ရဲ့ ဥက္ကဌသစ်နဲ့ အလုပ်အမှုဆောင် အဖွဲ့တွေမှာတော့ ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီက ဦးဝင်းအောင်က ဥက္ကဌအဖြစ် မဲအများဆုံးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယဥက္ကဌ ၈ ဦးအဖြစ် ဦးသောင်းတင် (KMD) ဦးဇော်မင်းဝင်း (Myanmar Industries Holding)၊ ဒေါက်တာမောင်မောင်လေး ((Nilay Naing Company)၊ ဦးမြဟန် (Fortune International)၊ ဦးအောင်လွင် (Seven Seas Fisheries)။ ဦးလှမောင်ရွှေ (ပြည့်ဖြိုးကျော်ကုမ္ပဏီ) နဲ့ ဦးထွန်းအောင် (တော်ဝင်ထွန်း) တို့ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးကတော့ ဒေါက်တာမျိုးသက် (Diamond Wood Company) တို့ကို တင်မြှောက်ထားတာ ဖြစ်ပါတယ်။ အရင်က ဒီအသင်းရဲ့ ဥက္ကဌအဖြစ် ၁၂ နှစ်ကြာ တာဝန်ယူခဲ့တဲ့ ဥက္ကဌဟောင်း ဦးဝင်းမြင့်ကတော့ အစိုးရအဖွဲ့သစ်ရဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ၀န်ကြီးအဖြစ် ရွေးချယ်ခံရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ အစိုးရက တိုက်ရိုက်ချုပ်ကိုင်ခဲ့တဲ့ ကုန်သွယ်မှု မူဝါဒကောင်စီကို ဖျက်သိမ်းပြီး ပြည်ပကုန်သွယ် မှုဆိုင်ရာ သွင်းကုန်ထုတ်ကုန် လိုင်စင်လုပ်ငန်းတွေကို လွယ်လွယ်ကူကူ လျှောက်ထား လာနိုင်ပေမယ့် ပို့ကုန်ပိုင်းတွေမှာတော့ ဆောင်ရွက်ပေးနိုင်တာမျိုး မရှိသေးဘဲ အရင်ပုံစံအတိုင်းပဲ ဆက်ရှိနေဆဲပါ။ ဒီအကြောင်းကိုလည်း ဦးတင်ကိုကိုက
“သွင်းကုန်ကမှာကျတော့ လိုင်စင်က အရင်တုန်းက ၂ ပတ်ကြာတယ်။ အခုဆိုလို့ရှိရင် တပတ်အတွင်းကို လိုင်စင်က ကျပါတယ်။ လိုင်စင်ကျတော့ ကျနော်တို့ သွင်းကုန်စီးဆင်းမှု မှန်ကန်မြန်ဆန်လာတာ့ပေါ့ခင်ဗျ။ ဒါတွေက ကုမ္ပဏီရှိရင် Earnings ရှိလို့ရှိရင် တပတ်အတွင်း ငွေသွင်းလို့ရှိရင် လိုင်စင်ရတဲ့အတွက်ကြောင့် မြန်မြန်ဆန်ဆန် သွင်းနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ နိုင်ငံတော်က အရင်ခွင့်ပြုထားတဲ့ ပစ္စည်းမှန်သမျှကို တပတ်အတွင်း ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ Export ကတော့ သိပ်မသိသာသေးဘူး။ Inport ကို ခွင့်ပြုတဲ့ဟာတွေကတော့ မြန်မြန်ဆန်ဆန် ရတာပေါ့။ Export ကို ခွင့်ပြုမပြုဆိုတာကတော့ သင်္ကြန်ရက်အတွင်းလည်း ပိတ်ထားတဲ့ အခါကျတော့ မသိသေးဘူးခင်ဗျ။”
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ကို ၁၉၉၉ ခုနှစ်မှာ စတင်ထူထောင် ခဲ့တာဖြစ်ပြီး အသင်းဝင် ကုမ္ပဏီပေါင်း ၃၀၀၀ ကျော်အထိ ရှိနေပြီဖြစ်ပါတယ်။
Leave a Reply